တရုတ် ရှေ့နေ ချန်ဂွမ်ချန်း အမေရိကန်ကို ထွက်ခွာပြီ

ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စတာချန်းနဲ့ မိသားစုကို နိုင်ငံကူးလက်မှတ် ထုတ်ပေးပြီး သိပ်မကြာခင် ထွက်ခွာ

တရုတ်နိုင်ငံ လူ့အခွင့်အရေးလှုပ်ရှားသူ မျက်မမြင် ရှေ့နေ ချန်ဂွမ်ချန်းဟာ အမေရိကန်ပြည်ထောင်စုကို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ချန်ဂွမ်ချန်းဟာ အကျယ်ချုပ်ကနေ ပြီးခဲ့တဲ့လက ထွက်ပြေးလွတ်မြောက်ခဲ့ပြီး အမေရိကန်သံရုံးမှာ ခေတ္တ ခိုလှုံနေခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် အမေရိကန်နဲ့ တရုတ်နိုင်ငံအကြား အဆင့်မြင့် သံတမန်ရေး ဆွေးနွေးမှုတွေ အကြိတ်အနယ် ပြုလုပ်ခဲ့ပြီးနောက် မစ္စတာ ချန်းကို အမေရိကန်မှာ ပညာသင်ကြားခွင့်ပြုဖို့ တရုတ်ဘက်က သဘောတူတဲ့အတွက် သူ့ဟာ သံရုံးကနေ ပြန်ထွက်လာခဲ့ပြီး ဆေးရုံမှာ ဆေးကုသမှု ခံယူနေတာ ဖြစ်ပါတယ်။

မစ္စတာချန်းကို သူ့ဇနီးနဲ့အတူ ကလေးနှစ်ယောက်ကိုပါ အာဏာပိုင်တွေက နိုင်ငံကူးလက်မှတ် ထုတ်ပေးခဲ့ပြီး သိပ်မကြာခင်မှာပဲ နယူးယောက်ထွက်မယ့် လေယာဉ်နဲ့ ထွက်ခွာလာ ခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံပိုင်သတင်းမီဒီယာကတော့ နှစ်နိုင်ငံ သံတမန်ရေး မပြေမလည် ဖြစ်နေတာကို ထုတ်ဖေါ်ပြောကြားခြင်းမရှိပဲ မစ္စတာချန်းကသာ အမေရိကန်မှာ ပညာသင်ကြားဖို့အတွက် တရားဝင်လမ်းကြောင်းအတိုင်း လျှောက်ထားခဲ့တာ ဖြစ်တယ်ဆိုပြီး သတင်းထုတ်ပြန် ပါတယ်။

မစ္စတာ ချန်းဟာ နိုင်ငံက မထွက်ခွာခင် အစောပိုင်းမှာ ဆေးရုံးကနေဆင်းခဲ့တာ ဖြစ်ပါတယ်။