ဂျီ ၈ ခေါင်းဆောင်များ ကြေညာချက်ထုတ်

  • 20 မေ 2012
g8
Image caption ဂျီ ၈ ခေါင်းဆောင်များ စည်းဝေးနေကြစဉ်

အမေရိကန် ပြည်ထောင်စု မှာကျင်းပနေတဲ့ စက်မှုအင်အားကြီး နိုင်ငံများ ဂျီ ၈ ရဲ့ ခေါင်းဆောင် တွေက ကြေညာချက် တစောင် ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ အထဲမှာ ကမ္ဘာ့ စီးပွားရေး ပြန်လည် ခေါင်းထောင်လာဖို့ အလုပ်အကိုင်တွေ ဖော်ထုတ်ရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု တို့က အရေးပါတယ်လို့ ဆိုထားပါတယ်။

ဆက်လက်ပြီး ဂရိ နိုင်ငံကိုလည်း ယူရိုဇုန်ထဲမှာ ဆက်လက်ရှိနေဖို့ အတွက်ကို တိုက်တွန်း လိုက်ပါတယ်။ ဒါပေမယ့် ဂျာမန် အဓိပတိ အဲန်ဂလာ မာခဲလ် ကတော့ ယူရိုဇုန် အတွင်းက နိုင်ငံတွေ အနေနဲ့ ခြိုးခြံ ချွေတာရေး အစီအမံ တွေကို ဆက်လက် ကျင့်သုံး သွားကြဖို့ လိုအပ်ကြောင်းကို ပြောကြား လိုက်ပါတယ်။

အမေရိကန် သမ္မတ ဘာရက် အိုဘားမားကတော့ ဂျီ ၈ ခေါင်းဆောင် တွေဟာ စီးပွားရေး ပြဿနာ တွေကို ဖြေရှင်းဖို့ မှန်ကန်တဲ့ တိုးတက်မှု တွေကို ဖန်တီး နိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒေးဗစ် စခန်းမှာ ကျင်းပနေတဲ့ ဒီ ထိတ်သီး ဆွေးနွေးပွဲ က ထုတ်ပြန်လိုက်တဲ့ ကြေညာချက် ထဲမှာတော့ ကမ္ဘာ့ စီးပွားရေး တည်ငြိမ်ဖို့ အတွက် တောင့်တင်ပြီး ညီညွတ်တဲ့ ယူရိုဇုန် ဖြစ်နေဖို့ အရေးကြီးကြောင်း ဆိုထားပါတယ်။

အဲဒီ ကြေညာချက် ထဲမှာ စီးပွားရေး ဖွံ့ဖြိုးဖို့က အလွန်အရေးကြီးကြောင်း နဲ့ ဒီလို လုပ်နိုင်ဖို့ အတွက် ဆောင်ရွက် ကြရာမှာတော့ တနိုင်ငံနဲ့ တနိုင်ငံ မတူညီနိုင်ကြောင်း ကိုလည်း ဖော်ပြထားပါတယ်။

ဒါပေမယ့် စီးပွားရေး အတွက် လိုအပ်တဲ့ တွန်းအားတွေ ပေးနိုင်ဖို့ အတွက် ဘယ်လောက်အထိ ဆက်လုပ်သွားမလဲ ဆိုတဲ့ အပေါ်မှာတော့ အစိုးရတွေ အကြား အခုထက်ထိ သဘောထား ကွာဟ မှုတွေ ရှိနေသေးကြောင်း အဲဒီက ဘီဘီစီ သတင်းထောက်က သတင်း ပေးပို့ထား ပါတယ်။

မြန်မာ နိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းအနေနဲ့ ဆက်ရရင်တော့ ဒီ ဂျီ ၈ ခေါင်းဆောင်တွေက မြန်မာ သမ္မတ ဉီးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ ဒီမိုကရေစီ ဆန်တဲ့ ပြုပြင် ပြောင်းလဲမှု တွေကို ဂုဏ်ပြုလိုက်ကြပါတယ်။

နောက်ကြောင်း ပြန်လှည့် စရာ မလိုတဲ့ ပြုပြင်ပြောင်းလဲမှု တွေကို မြင်လိုကြောင်းနဲ့ လက်ရှိ လုပ်နေကြတဲ့ တိုင်းရင်းသား အရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး နဲ့ ဒီမိုကရေစီ ရေးတွေအတွက်လည်း ဆက်လက် အားပေးကူညီ သွားမဲ့ အကြောင်း၊ မြန်မာ ပြည်သူတွေ အကျိုးရှိစေမယ့် ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ဖို့ နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အကူအညီတွေကို ပိုပြီး ပေးသွားဖို့ကို လည်းတိုက်တွန်း ထားပါတယ်။