အီတလီမြောက်ပိုင်းမှာ အင်အားပြင်း မြေငလျင်လှုပ်

  • 20 မေ 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption မြေငလျင်ရဲ့ တုန်ခါမှုကို ဗင်းနစ်ကနေ မီလန် အထိ ခံစား သိရှိရတယ်လို့ ဆိုပါတယ်

အီတလီနိုင်ငံမြောက်ပိုင်းမှာ အင်အားပြင် မြေငလျင်တခု လှုပ်ခါသွားတဲ့ အတွက် အနည်းဆုံး လူ ၆ ဦးလောက် သေဆုံးသွားပြီး အဲဒီ ဒေသ တလျှောက်လုံးမှာ ပျက်စီးမှု အများအပြား ဖြစ်ပွားခဲ့ပါတယ်။

လူပေါင်း ၅၀ ကျော်လည်း ထိခိုက် ဒဏ်ရာ ရရှိသွားကြပါတယ်။

မိုဒီနာ မြို့အနီး ဗဟိုပြုလှုပ်ခတ်သွားတဲ့ ဒီမြေငလျင်ရဲ့ တုန်ခါမှုကို ဗင်းနစ် မြို့ကနေ မီလန်မြို့ အထိ ခံစား သိရှိရတယ်လို့ ဆိုပါတယ်။

ဆန်တာဂို စတီနို မြို့ကနေ အမေရိကန် သတင်းထောက် အန်ဒရီရာ ဗို့ဂ်တ်က သူတွေ့မြင် ရတာကို ပြောပြရမှာ ညဆိုင်း အလုပ်သမား ၁၀ ယောက် အလုပ်လုပ်နေတဲ့ စက်ရုံတပိုင်း ပြိုကျသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း အများစု ကတော့ ထွက်ပြေး လွတ်မြောက်သွားပြီး အနည်းဆုံး တယောက်လောက် ကတော့ သေဆုံးသွားခဲ့တယ်လို့ သူက ပြောပါတယ်။

အဆောက်အဦး အများအပြား ပြိုကျ ပျက်ဆီးသွားတာတွေကို ရုပ်မြင်သံကြား ကနေလည်း ပြသသွားပြီး၊ အီတလီ နိုင်ငံရဲ့ သမိုင်းဝင် အဆောက်အဦးတွေ အတော်အတန် ထိခိုက်ပျက်ဆီး ကုန်တယ်လို့ အစိုးရက ပြောကြားပါတယ်။

အပျက်အဆီးတွေအောက်မှာ လူအများအပြား ပိတ်မိကောင်း ပိတ်မိနေနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

မြေငလျင်ဟာ ပြင်းအား ရစ်ချ်တာ စကေး ၆ ရှိပြီး၊ နောက်ဆက်တွဲ မြေလျင်တွေလည်း လှုပ်ခါခဲ့တယ်လို့ သိရပါတယ်။