အာဖဂန်အရေး နေတိုး ဆွေးနွေး

  • 21 မေ 2012
obama_nato
Image caption နေတိုး အစည်းအဝေးကို တက်ရောက်လာတဲ့ သမ္မတ အိုဘားမား

အမေရိကန် ပြည်ထောင်စုက ရှီကာဂိုမြို့မှာ အာဖဂန် နစ္စတန် ရဲ့ အနာဂတ် မဟာဗျူဟာနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ နေတိုး ထိပ်သီး ဆွေးနွေးပွဲရဲ့ အစမှာ သမ္မတ အိုဘားမားက အာဖဂန် နစ္စတန် အတွက် ကြမ်းတမ်းတဲ့ နေ့ရက်တွေကို ဖြတ်သန်း သွားရဦးမှာ ဖြစ်တယ်လို့ သတိပေး ပြောကြား လိုက်ပါတယ်။

အာဖဂန် သမ္မတ ဟာမစ် ခါဇိုင်းနဲ့ အတူ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတ အိုဘားမားက နေတိုးဟာ မှန်ကန်တဲ့ လမ်းကြောင်း ပေါ်မှာ ရောက်နေပြီ ဖြစ်တယ်လို့ ယုံကြည်ကြောင်း လဲ ဆိုပါတယ်။

အာဖဂန် သမ္မတ ခါဇိုင်းကတော့ အာဖဂန် နစ္စတန် အနေနဲ့ ဒီဆွေးနွေးပွဲကို အချုပ်အခြာပိုင် နိုင်ငံ အဖြစ် တက်ရောက်လာခဲ့တာ ဖြစ်ကြောင်းနဲ့ နေတိုး တပ်တွေ ၂၀၁၄ မှာ ရုပ်သိမ်း သွားမယ့် အရေးကိုလည်း ထောက်ခံကြောင်းနဲ့ ဒါကလည်း အာဖဂန် နစ္စတန် နိုင်ငံဟာ နိုင်ငံတကာက ပခုံးထမ်းပေး ထားရတဲ့ နိုင်ငံ တနိုင်ငံ ဖြစ်မနေ စေချင်တော့လို့ ဖြစ်ကြောင်း တွေကိုပြောပါတယ်။

သမ္မတ ခါဇိုင်းက ပြောကြားရာမှာ အာဖဂန် နစ္စတန် ဟာ ကိုယ့်အားကိုယ်ကိုး နိုင်တဲ့၊ တည်ငြိမ်ပြီး ငြိမ်းချမ်းတဲ့ နိုင်ငံ ဖြစ်လာဖို့ အတွက် ရည်ရွယ်ချက် တွေကို အောင်မြင်အောင် ဘယ်လို အကောင်အထည် ဖော်သွား ရမလဲ၊ ဘာလုပ် သွားရမလဲ ဆိုတာနဲ့ ပတ်သက်လို့ ကောင်းစွာ သိနား လည်ထားကြောင်း ကိုပြောကြား သွားခဲ့ပါတယ်။