သီရိလင်္ကာ ဦးစီးချုပ်ဟောင်း ပြန်လွတ်ပြီ

  • 21 မေ 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption သူ့ဘဝကို ပြည်သူတွေအတွက် ပေးဆပ်မှာ ဖြစ်တယ်လို့ မစ္စတာ ဖွန်ဆေကာက ပြော

သီရိလင်္ကာနိုင်ငံ စစ်ဦးစီးချုပ်ဟောင်း ဆာရာ ဖွန်ဆေကာကို ကိုလန်ဘို အကျဉ်းထောင် ကနေ ပြန်လွှတ်ပေးလိုက်ပြီးဖြစ်ရာ ပျော်ရွှင်နေကြတဲ့ ရာနဲ့ချီတဲ့ ထောက်ခံသူ တွေဟာ သူ့ကို လာရောက် ကြိုဆိုခဲ့ကြပါတယ်။

ထောင် ၂ နှစ်ကျခံ ပြီးနောက် ပြန်လွတ်လာတဲ့ မစ္စတာ ဖွန်ဆေကာက သူ့ဘဝကို ပြည်သူတွေ အတွက် ပေးဆပ်မှာ ဖြစ်တယ်ဆိုပြီး ထောက်ခံသူတွေကို ပြောကြားလိုက်ပါတယ်။

ဒါပေမယ်လို့ မစ္စတာ ဖွန်ဆေကာဟာ နိုင်ငံရေးထဲပြန်ဝင်မှာလား ဆိုတာကတော့ ရှင်းရှင်း လင်းလင်း မရှိသေးဘူးလို့ ဘီဘီစီ သတင်းထောက်ပြောပါတယ်။

ဦးစီးချုပ်ဟောင်း မစ္စတာ ဖွန်ဆေကာ ၂၀၀၉ ခုနှစ်တုန်းက တမီးကျားသူပုန်တွေကို ချေမှုန်း အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း နောက်ပိုင်းမှာ သမ္မတနဲ့ ဦးစီးချုပ်ဟောင်းတို့ နှစ်ဦးဟာ မပြေမလည် ဖြစ်ခဲ့ကြပါတယ်။

သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲတုန်းက ပြိုင်ဖက်တွေ ဖြစ်ကြပြီး ရွေးကောက် ပွဲ အပြီးမှာ မစ္စတာ ဖွန်ဆေကာ ဖမ်းဆီး ခံလိုက်ရတာ ဖြစ်ပါတယ်။