ယီမင်မှာ ညီညွတ်ရေးနေ့အကြို ဗုံးကွဲ

  • 21 မေ 2012

အင်္ဂါနေ့မှာ ပြုလုပ်မယ့် ယီမင်နိုင်ငံရဲ့ အမျိုးသား စည်းလုံး ညီညွတ်ရေးနေ့ စစ်ရေးပြ အခမ်းအနားအတွက် အစမ်း လေ့ကျင်နေကြတုန်းမှာပဲ စစ်ဝတ်စုံ ဝတ်ဆင်ထားတဲ့ အကြမ်းဖက်သမားက အသေခံဗုံးခွဲခဲ့လို့ လူပေါင်း ၁၀၀ နီးပါး သေဆုံးသွားတယ်လို့ သတင်းတွေ ရရှိပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တွေ့ရတဲ့ မြင်ကွင်း

သမ္မတနေအိမ်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ အာဆာဘင် အရပ်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး၊ ပေါက်ကွဲသံက တော်တော် ပြင်းပါတယ်။ စစ်ရေးပြ အခမ်းအနားမှာ ပါဝင်တဲ့ စစ်သားတွေရဲ့ အလောင်းတွေ မြေပေါ်မှာ အတုံးအရုံး လဲကျ သေဆုံးနေတာကို သတင်းမှာ ဖော်ပြခဲ့ပြီး အင်မတန်မှကို အကျည်းတန်တဲ့ မြင်ကွင်းလို့ မျက်မြင်တွေက ပြောကြပါတယ်။

သေဆုံးသူပေါင်းဟာ ၉၀ ကျော် ရှိနိုင်ပြီး တခြားလူ ၃၀၀ လောက် ဒဏ်ရာ ရနိုင်တယ်လို့ ဆိုကြပေမယ့် အတည်ပြုချက်တွေတော့ ထွက်မလာသေးပါဘူး။ ဘီဘီစီရဲ့ လုံခြုံရေးဆိုင်ရာ သတင်းထောက် Frank Gardner ကတော့ ယီမင်မြို့တော်လို နေရာမှာ ဒီလိုမျိုး ပြင်းထန်တဲ့ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားတာဟာ ပုံမှန်မဟုတ်တဲ့ ထူးခြားတဲ့ ဖြစ်စဉ်တခုလို့ သုံးသပ်ပါတယ်။

ယီမင်သမ္မတသစ် အာဘတ်ရာဘူ မန်ဆူး ဟာဒီ အာဏာရလာပြီးတဲ့နောက်ပိုင်းမှာ ဒီတိုက်ခိုက် ခံရမှုဟာ အဆိုးရွားဆုံးဖြစ်ပါတယ်။ သမ္မတ ဟာဒီရဲ့ ယီမင်အစိုးရဟာ အမေရိကန်ရဲ့ ကျောထောက်နောက်ခံမှုကို ယူပြီး အယ်လ်ကိုင်ဒါ စစ်သွေးကြွတွေကို ယီမင်နိုင်ငံ တောင်ပိုင်းမှာ ချေမှုန်းတိုက်ခိုက်နေကြပါတယ်။

အယ်လ်ကိုင်ဒါတွေက အခုလို တိုက်ခိုက်မှုကို လုပ်တာ ဖြစ်နိုင်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်မှုတွေ ရှိနေကြပါတယ်။