ယူရိုဇုံထဲ ဆက်နေချင်လို့ ဂရိ လက်ဝဲခေါင်းဆောင်ပြော

  • 23 မေ 2012
greece ဓာတ်ပုံ မူပိုင် bbc
Image caption ဂရိ လက်ဝဲစွန်း ပါတီ ခေါင်းဆောင် အလက်ဆီ စီးပါရစ

ဂရိ နိုင်ငံက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လက်ဝဲစွန်း ပါတီ ခေါင်းဆောင် အလက်ဆီ စီးပါရစက သူတို့ ယူရိုဇုံထဲမှာ ဆက်ရှိချင်တယ်လို့ ပြင်သစ်နဲ့ ဂျာမန် ခေါင်းဆောင်တွေတင်မက ပြင်သစ်နဲ့ ဂျာမနီက ပြည်သူလူထုကိုပါ အသိပေးလိုက်ပါတယ်။

ဒါပေမယ့်လည်း ဂျာမနီ အပါအဝင် ယူရိုဇုံထဲက ထိပ်သီး နိုင်ငံတွေကတော့ ဂရိ ပြည်သူတွေ အနေနဲ့ ခြိုးခြံ ချွေတာရေး အစီအမံတွေကို ထောက်ခံတဲ့ ပါတီတွေကို မဲပေးသင့်တယ်ဆိုပြီး ပြောနေပါတယ်။

ဂရိရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ ဆက်တိုက်ဆိုသလို အနုတ် လက္ခဏာ ပြနေချိန်၊ ဂရိက ခလေး မိဘ တချို့ဟာ ပိုက်ဆံ မရှိတဲ့ အတွက် ကိုယ့်ခလေးတွေကို ထိန်းကျောင်းဖို့ အနိုင်နိုင် ဖြစ်နေချိန်မှာ ဂရိ ပြည်သူတွေက အစိုးရ အသုံးစရိတ်ကို လျှော့ချပြီး ခြိုးခြံ ချွေတာရေး အစီအမံတွေကို မျက်စိမှိတ် ဇွတ်လုပ်မယ့် ပါတီတွေကို ဆန္ဒပြတဲ့ အနေနဲ့ ရွေးကောက်ပွဲမှာ ဒီအစီအမံတွေကို ဆန့်ကျင်တဲ့ ပါတီတွေကို မဲပေးခဲ့ပါတယ်။

ဒါပေမယ့် အီးယူ ထိပ်သီး နိုင်ငံတွေက ဂရိ ပြည်သူတွေ မုန်းတီးတဲ့ ပါတီတွေကိုသာ အစိုးရ ဖြစ်စေချင်နေတာမို့ စျေးကွက် စီးပွားရေး အကြိုက် ဖြစ်စေဖို့ ဒီမိုကရေစီကို ဆန့်ကျင်ရမယ့် အနေအထား ဖြစ်နေပါတယ်။

အီးယူ ထိပ်သီး နိုင်ငံကြီးတွေက ဂရိကို ခြိုးခြံ ချွေတာရေး အစီအမံတွေ ဆက်ဖော်ဆောင်ခိုင်းပြီး သူတို့ ရစရာ ရှိတဲ့ အကြွေးတွေ ရသလောက် ညှစ်ယူဖို့ လုပ်နေချိန်မှာ ဒီခြိုးခြံ ချွေတာရေး အစီအမံတွေကြောင့်ပဲ ဂရိ စီးပွားရေးဟာ ပိုပို ဆိုးလာနေတယ်လို့ ဂရိက ထိပ်သီး ဘောဂဗေဒ ပညာရှင် တယောက်က ပြောပါတယ်။

လူတွေက ကိုယ့်ရှိတဲ့ ပိုက်ဆံလေးတွေကို ဘဏ်ကတွေကနေ ထုတ်ပြီး အိမ်မှာ သိမ်းထားကြတယ်။ မသုံးရဲဘူး။ ဒီတော့ ရင်းနှီး မြှတ်နှံမှု လုပ်မယ့်လူတွေကလည်း မလုပ်ရဲတော့ဘူး။ အဲဒိမှာ တခါ ထပ်ပြီး စီးပွားရေး ဖွံ့ဖြိုးမှုကို သွားထိခိုက်။ ဒီလိုနဲ့ လုံးလည် ချာလည် လိုက်ပြီး ပိုပိုဆိုးလာနေတယ်လို့ ပြောပါတယ်။