အမေရိကန် ပုဂ္ဂလိက ဒုံးပျံ အောင်မြင်စွာ လွှတ်တင်

  • 22 မေ 2012
120522155533_space_x_226x170_afp_nocredit.jpg ဓာတ်ပုံ မူပိုင် AFP
Image caption နာဆာဟာ အနာဂတ်မှာ ပုဂ္ဂလိကကို အခုလို အစီအစဉ်တွေ ပေးလုပ်မှာ ဖြစ်ပါတယ်

အမေရိကန် ပြည်ထောင်စု Space X ကုမ္ပဏီရဲ့ ပထမဦး ဆုံးသော ဒုံးပျံတစင်းကို နိုင်ငံတကာ အာကာသ စခန်းဆီ အောင်မြင်စွာ လွှတ်တင် လိုက်ပြီ ဖြစ်ပါတယ်။ ဒီဒုံးပျံယာဉ်ဟာ လူလိုက်ပါတဲ့ ယာဉ်မဟုတ်ပဲ ကုန်ပစ္စည်း တင်ပို့တဲ့ ယာဉ် ဖြစ်ပါတယ်။

ဖယ်လ်ကွန် ၉ လို့ နာမည် ရတဲ့ ရော့ကက်ဒုံးပျံကို ဖလော်ရီဒါ ပြည်နယ် ထဲကနေ ပစ်လွှတ်ခဲ့ပြီး ရော့ကက်ထိပ်မှာတော့ အာကာသစခန်းထိ ရောက်အောင် သွားမယ့် ဒရာဂွန် လို့နာမည်ပေးထားတဲ့ Capsule ကိုယ်ထည်တိုင်ဂီကြီး ရှိနေပါတယ်။

မြေပြင်ကနေ ပစ်လွှတ်ပြီးနောက် ကီလိုမီတာ ၃၄၀ ၊ မိုင်နဲ့ဆိုရင် မိုင် ၂၀၀ ကျော်ထိ ရောက်တဲ့အချိန်မှာတော့ ၁၀ မိနစ်နီးပါး ကြာမြင့်ခဲ့ပါတယ်။ မြေပြင်ကနေ ပစ်လွှတ်ပြီးနောက် Capsule မှာ တပ်ထားတဲ့ နေစွမ်းအင်သုံး ဆိုလာပြားတွေကိုလည်း ဖွင့်ထားခဲ့ပါတယ်။

နိုင်ငံတကာ အာကာသစခန်း ISS ထိ ရောက်ဖို့ ဆိုရင်တော့ နောက် ၂ ရက်လောက် ထိ ကြာမှာ ဖြစ်ပါတယ်။ ကြာသပတေးနေ့မှာတော့ နိုင်ငံတကာ အာကာသစခန်း ကနေ ဒီ Capsule ကို ၁ မိုင်လောက် အဝေးကနေ ဆက်သွယ်စမ်းသပ်ပြီး အောင်မြင်တယ်ဆိုရင် သောကြာနေ့မှာ သူ့ရဲ့ စက်ရုပ်လက်တံနဲ့ လှမ်းပြီး ချိတ်ယူမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Dragon capsule ထဲက စုစုပေါင်း အလေးချိန် ၅၀၀ ကီလို ဂရမ်လောက်ရှိတဲ့ အစားအစာ၊ ရေ နဲ့ ပစ္စည်းပစ္စယတွေကို ထုတ်ယူပြီး ဒီလကုန်လောက်ကျရင် မြေပြင်ကို ပြန်ပို့လွှတ်မှာ ဖြစ်ပါတယ်။

အခု Dragon ရဲ့ အာကာသခရီးစဉ်မှာ ထူးခြားတာကတော့ အရင်ကတော့ အမေရိကန်အစိုးရရဲ့ NASA အာကာသ ဌာနကနေပဲ ဒီလို အာကာသယာဉ်တွေကို လွှတ်တင်ခဲ့ပြီး အခုတော့ ပုဂ္ဂလိကုမ္ပဏီတစ်ခု ဖြစ်တဲ့ SpaceX ကနေ ပထမဆုံး လွှတ်တင်တာ ဖြစ်ပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် အမေရိကန်အစိုးရ အနေနဲ့ သူ့ရဲ့ ကုန်တင်အာကာသယာဉ်တွေပေါ်မှာ ရင်းနှီးမြှပ်နှံရတဲ့ ကုန်ကျစရိတ်တွေ သက်သာလာနိုင်ပြီး အစိုးရအနေနဲ့တော့ အာကာသထဲက ပိုမိုဝေးလံတဲ့ အင်္ဂါဂြိုဟ်လို ဂြိုဟ်တွေဆီကို စူးစမ်းလေ့လာမှုအပိုင်းမှာ ပိုမိုရင်းနှီးမြှပ်နှံပြီး အဲဒီဘက်မှာ ပိုအာရုံစိုက်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။

အာကာသဆိုင်ရာ ပုဂ္ဂလိက ကုမ္ပဏီတွေအနေနဲ့လည်း အခု ကုန်တင် ခရီးစဉ်အောင်မြင်ရင် နောက်ပိုင်းမှာ အာကာသဆီသွားမယ့် အာကာသယာဉ်မှူး ခရီးသည်တွေကို အခ ကြေးငွေယူပြီး ပို့ဆောင်ဖို့ အစီအစဉ် တွေလည်း ရှိနေပါတယ်။ ဒါပေမယ့် ဒီလို ပို့ဆောင်သင့် မသင့် ကိစ္စမှာတော့ လုံခြုံရေး အတွက် အငြင်းပွားမှုတွေ ကတော့ ရှိနေပါသေးတယ်။ ဘာပဲဖြစ်ဖြစ် SpaceX ကုမ္ပဏီရဲ့ အခု အာကာသယာဉ်ကတော့ ပုဂ္ဂလိကပိုင်းကနေ ပထမဆုံး လွှတ်တင်နိုင်တာမို့ သိပ္ပံဆိုင်ရာ သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ထူးခြားနေပါတယ်။