လျှပ်စစ် မီးရရှိရေး ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွား

  • 23 မေ 2012
ဓာတ်ပုံ မူပိုင် AP
Image caption မီးရရှိရေး ဆန္ဒပြမှု ဆက်လက်ဖြစ်ပွား

မြန်မာနိုင်ငံမှာ အချိန်ပြည့် လျှပ်စစ်မီးရရှိရေး ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

ဗုဒ္ဓဟူးနေ့ ည ၇ နာရီကစလို့ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ ရှေ့မှာ စုဝေးပြီး ဒုတိယမြောက်နေ့အဖြစ် ဖယောင်းတိုင်ထွန်း ဆန္ဒပြမှုတွေပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ လူစုလူဝေး နဲ့ ချီတက် ဆန္ဒပြမှုကို ခွင့်ပြုတဲ့ ဉပဒေပြဌာန်းချက်တွေမရှိသေးတာ ကြောင့် ဆက်လက်ချီတက်မသွားဖို့ အာဏာပိုင်တွေဘက်က မေတ္တာရပ်ခံခဲ့တယ်လို့ သိရပါတယ်။

အဲဒါကြောင့် ပါဝင်ဆန္ဒပြသူ ၃၀၀၀ လောက်ဟာ ဥပဒေနဲ့ ကိုက်ညီအောင် ၂ ယောက်တတွဲ တွဲပြီး ဆူးလေဘုရားဘက်ကို ချီတက်ခဲ့ကြတယ်လို့ ဒီဆန္ဒပြပွဲကို ဦးဆောင်စီစဉ်ခဲ့သူ ကိုဟန်ဝင်းအောင်က ဘီဘီစီကို ပြောပြပါတယ်။

နိုင်ငံတော်အကြီးအကဲများက ပြည်သူလူထုရဲ့ ဆန္ဒကို သိရှိနိုင်အောင်လို့ အခုလို ဆန္ဒပြ ထုတ်ဖော်ခဲ့တာ ဖြစ်တယ်လို့လည်း ကိုဟန်ဝင်းအောင်က ရှင်းပြပါတယ်။

အလားတူပဲ လျှပ်စစ်မီးရရှိရေး ဆန္ဒပြပွဲတွေကို ပြည်မြို့ရဲ့ မြို့နယ်လျှပ်စစ်ရုံးရှေ့ကို လူ ၆၀၀ ကျော်က ချီတက်ဆန္ဒပြခဲ့ကြတယ်လို့ သိရှိရပါတယ်။