အီဂျစ်မှာ သမ္မတ ရွေးကောက်ပွဲ ကျင်းပခဲ့

  • 23 မေ 2012
ဓာတ်ပုံ မူပိုင် no credit
Image caption အီဂျစ်ပြည်သူတွေ လွတ်လွတ်လပ်လပ် မဲဆန္ဒပေးခဲ့ကြ

အီဂျစ် နိုင်ငံ ရဲ့ ပထမဆုံးသော လွတ်လပ်တဲ့ ရွေးကောက်ပွဲ လို့ ညွှန်းဆိုကြတဲ့ သမ္မတ ရွေးကောက်ပွဲအတွက် သိန်းသောင်း ချီတဲ့ လူတွေ မဲပေးခဲ့ကြပါတယ်။

ဒီရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သူပေါင်း ၁၃ ဉီးရှိနေပြီး ထိပ်ဆုံးကရေပန်းစားနေတဲ့ သမ္မတလောင်း ၄ ဦးဟာ အစ္စလာမစ်တွေ ဒါမှမဟုတ် သမ္မတဟောင်း Hosni Mubarak လက်အောက်မှာ အမှုထမ်းခဲ့ဘူးတဲ့ ဝန်ကြီး ဟောင်းတွေ ဖြစ်ကြပါတယ်။

အရင်တုန်းက ဆိုရင် အာဏာရပါတီကပဲ ဖြစ်ဖြစ်၊ အိမ်ထောင်စု ရဲ့ ဦးစီး ကပဲဖြစ်ဖြစ် ရပ်ထဲရွာထဲ က အစ္စလာမ် ဘာသာရေး ဆရာ ကပဲ ဖြစ်ဖြစ် တိုက်တွန်း တာကို မူတည်ပြီး လူအများစု မဲထည့် ခဲ့ကြတာပါ။

အခုတော့ အီဂျစ်ပြည်သူတွေ ဘယ်သူ့ ကို မဲထည့်မယ် ဆိုတာ လွတ်လွတ်လပ်လပ် ပြောဆို ငြင်းခုံနေကြပါတယ်။

သမ္မတ Mubarak ဖယ်ရှားခံရပြီး ၁၅ လအကြာမှာ အခုလို ရွေးကောက်ပွဲ ကျင်းပခဲ့တာပါ။

အာရပ်နွေဦး လှုပ်ရှားမှု နဲ့ Mubarak အစိုးရကို ဖြုတ်ချပြီးတဲ့နောက် ကုန်စျေးနှုန်းတွေ တက်လာတာ၊ ရာဇဝတ်မှုတွေ ပေါလာတာတွေကို ပြည်သူအများ ကြုံနေရတော့ တင်းတင်း ကြပ်ကြပ် ကိုင်တွယ် မယ့် သမ္မတမျိုး ကို လိုလား နေကြတဲ့ မဲဆန္ဒရှင် တွေ လည်း အများအပြား ရှိနေပါတယ်။

နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့ဝင်တဦး ဖြစ်တဲ့ အမေရိကန် သမ္မတဟောင်း Jimmy Carter က သူတွေ့မြင်နေရတဲ့ အခြေအနေတွေဟာ လောလောဆယ် အရမ်းကောင်းနေတယ်လို့ ဘီဘီစီကို ပြောကြားခဲ့ပါတယ်။