ပြင်သစ်တပ်တွေ အာဖဂန်ကနေ နှစ်ကုန်မှာ ရုပ်သိမ်းမယ်

  • 25 မေ 2012
Francois Hollande ဓာတ်ပုံ မူပိုင် BBC World Service
Image caption ပြင်သစ် သမ္မတ မစ္စတာ အော်လန်းဒ်

ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်းဒ်ဟာ အာဖဂန်နစ္စတန် နိုင်ငံကို ရောက်နေပြီး အာဖဂန် သမ္မတ ဟာမစ် ကာဇိုင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီလဆန်းကပဲ သမ္မတ ဖြစ်လာတဲ့ မစ္စတာ အော်လန်းဒ်နဲ့အတူ ပြင်သစ် ကာကွယ်ရေးနဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေလည်း လိုက်ပါလာကြပါတယ်။

မစ္စတာ အော်လန်းဒ်က ကာဘူးမြို့ရောက်စဉ် ပြောရာမှာ သူသမ္မတ ရွေးကောက်ပွဲ မဲဆွယ်စဉ်က ကတိပေးခဲ့သလို အာဖဂန်မှာ ရှိတဲ့ ပြင်သစ်တပ်တွေကို ဒီနှစ်ကုန်မှာ ပြန်လည် ရုပ်သိမ်းဖို့ ဆုံးဖြတ်ထားပြီးပြီလို့ ဆိုပါတယ်။

လတ်တလော ချထားတဲ့ စစ်သည်အရေအတွက် ၃၃၀၀ ရှိရာကနေ ၂၀၀၀ ကို ဒီနှစ်ကုန်မှာ ပြန်ခေါ်ယူ တော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့် တိုက်ခိုက်ရေး တပ်သားတွေကိုပဲ ရုပ်သိမ်းမှာဖြစ်ပြီး လေ့ကျင့် သင်တန်းပေးတဲ့ တပ်သားတွေကိုတော့ ချန်ထား ပေးမယ်လို့ ဆိုပါတယ်။ ဘယ်လောက်ကြာကြာ ဆက်ထားမယ် ဆိုတာတော့ မသိရသေးပါဘူး။

ဒါဟာဆိုရင် အရင် ပြင်သစ်သမ္မတ နစ်ကိုလပ်စ် ဆာကိုဇီ သတ်မှတ်ထားတဲ့ အချိန်ထက် တစ်နှစ်လောက် စောပြီး ပြင်သစ်တပ်တွေ ရုပ်သိမ်းမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြင်သစ်အနေနဲ့ တခြား နေတိုး မဟာမိတ်တွေနဲ့ ပူးပေါင်း လုပ်ဆောင် သွားမယ်လို့ မစ္စတာ အော်လန်းဒ်က ပြောကြားခဲ့ပါတယ်။

အာဖဂန်နစ္စတန်မှာ နေတိုးတပ်ဖွဲ့ဝင် ၁၃၀၀၀၀ လောက်ရှိနေပြီး ပြင်သစ်အပြင် အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ဂျာမနီ၊ စပိန်၊ အီတလီ၊တူရကီနဲ့ အခြားနိုင်ငံတွေက တပ်ဖွဲ့တွေ ပါဝင်ပါတယ်။