စကော့တလန်ခွဲထွက်ဖို့ စည်းရုံးလှုံ့ဆော်မှုတွေ စတင်

Scotland ဓာတ်ပုံ မူပိုင် Getty
Image caption မစ္စတာ ဆဲလ်မန် စည်းရုံးရေးဆင်း

စကော့တလန်ကို ယူကေနိုင်ငံတွင်းကနေ ခွဲထွက်ဖို့အတွက် လူထုဆန္ဒခံယူပွဲမှာ ထောက်ခံမဲရအောင် စကော့တလန်ဝန်ကြီးချုပ် အဲလက်စ် ဆယ်လ်မန်က စတင်ပြီး စည်းရုံး လှုပ်ရှားနေပါတယ်။

စကော့တလန်လူထုဟာ စကော့တလန် အရေးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရတော့မယ့် အချိန်ရောက်နေပြီလို့ စကော့တလန် အမျိုးသား ပါတီ SNP ခေါင်းဆောင်လည်း ဖြစ်တဲ့ မစ္စတာ ဆဲလ်မန်က ပြောပါတယ်။

SNP ပါတီအပြင် တခြားပါတီငယ်တွေလည်း ပူးပေါင်းပါဝင်ပြီး အက်ဒင်ဘရာမြို့မှာ စည်းရုံး လှုံ့ဆော်မှုတွေ စတင်ခဲ့ကြတာ ဖြစ်ပါတယ်။

အင်္ဂလန်နဲ့ စကော့တလန်ကို နှစ်ပေါင်း သုံးရာကျော်ကြာ တနိုင်ငံတည်းမှာပဲ ပူးတွဲ တည်ရှိစေခဲ့တဲ့ Act of Union ဥပဒေကို ရုပ်သိမ်းနိုင်ဖို့ ကြိုးစား ကြမှာလည်း ဖြစ်ပါတယ်။

လူထုဆန္ဒခံယူပွဲကတော့ ၂၀၁၄ ခုနှစ်လောက်မှာ လုပ်မယ်လို့ မျှော်လင့်ရပါတယ်။

တဘက်မှာလည်း စကော့တလန်ကို ယူကေထဲမှာ ဆက်ထားဖို့ စည်းရုံး လှုံ့ဆော်မှုတွေလည်း နောက်လလောက်ကျရင် စမယ်လို့ ခန့်မှန်းရပါတယ်။