ဆီးရီးယားက သတ်ဖြတ်မှု အစိုးရ ငြင်းဆို

  • 27 မေ 2012
Image caption သောကြာနေ့က တိုက်ခိုက်မှုတွေ ဖြစ်ပြီးနောက် လူ ၉၀ လောက် သေဆုံးနေတာကို တွေ့ရှိရ

ဆီးရီးယားနိုင်ငံ ဟိုလိုမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြီးအကျယ် သတ်ဖြတ်မှုတွေ မှာ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေ ပါဝင် ပတ်သက်ခြင်း မရှိဘူးလို့ ဆီးရီးယား အာဏာပိုင်တွေက ပြောကြား လိုက်ပါတယ်။

သောကြာနေ့က ပစ်ခတ် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ကလေးငယ် အများအပြား အပါအဝင် လူ ပေါင်း ၉၀ လောက် သေဆုံး နေတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် နိုင်ငံတကာ ကပါ အမျက်ဒေါသ ဖြစ်ခဲ့ကြတာပါ။

ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ဂျီဟတ် မက်ဒီစီ ကတော့ လက်နက် အပြည့် အစုံနဲ့ ရာနဲ့ချီတဲ့ စစ်သွေးကြွတွေဟာ ဟိုလိုမြို့ထဲကို ဝင်သွားပြီး အရပ်သားတွေကို ပစ်မှတ် ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်ဆိုပြီး ဒမားစကပ်စ် သတင်းစာရှင်းလင်းပွဲမှာ ပြောကြား သွားပါတယ်။

စွမ်းရည်သတ္တိနဲ့ ပြည့်စုံတဲ့ ဆီးရီးယား စစ်တပ်ဟာ အဲဒီလို အမျိုးသား အမျိုးသမီးတွေနဲ့ ကလေးငယ်တွေရဲ့ ခေါင်းကို ပစ်သတ်တဲ့ ပုံစံမျိုး မလုပ်ဘူးလို့လည်း မစ္စတာ မက်ဒီစီက ပြောကြား သွားပါတယ်။

အခုဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု တွေအတွက် ဆီးရီးယားအစိုးရမှာ တာဝန်မရှိဘူးဆိုတာကို သူက အခိုင်အမာ ငြင်းဆိုသွားပြီး၊ သတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ အကြမ်းဖက် သမားတွေကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောကြားသွားပါတယ်။

နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေဟာလည်း အတိုက်အခံတွေရဲ့ သတင်း ထုတ်ဖေါ်ချက် သက်သက် ကိုသာ နားထောင်ပြီး ပြောဆိုကြတာ ဖြစ်တယ်လို့ သူကပြောပါတယ်။

ဆီးရီးယား ငြိမ်းချမ်းရေး ကိုယ်စားလှယ် ကိုဖီအာနန်ဟာ မနက်ဖြန် တနင်္လာနေ့မှာ မြို့တော် ဒမားစကပ်စ်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။