၂၄နှစ်အတွင်း ဒေါ်စုရဲ့ ပထမဆုံး နိုင်ငံခြား ခရီး

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီး စတော့မယ်

နိုဗယ် ငြိမ်းချမ်းရေး ဆုရှင်လည်းဖြစ် ၊ ကော့မှူးမြို့နယ် လွှတ်တော် အမတ်လည်း ဖြစ်တဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄ နှစ်တာ ကာလအတွင်း ပထမဆုံး ပြည်ပခရီးအဖြစ် ဒီနေ့ အဂါနေ့မှာ ထိုင်းနိုင်ငံကို ရောက်လာမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်း စစ်အစိုးရ လက်ထက်မှာ အိမ်အကျယ်ချုပ်နဲ့ ၁၅နှစ်နီးပါး နေခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုတော့ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ အရှေ့အာရှ ဆိုင်ရာ ကမ္ဘာ့ စီးပွားရေး ညီလာခံ world economic forum ကို တက်ရောက်ပြီး မိန့်ခွန်းပြောမယ်လို့ သိရပါတယ်။

အဲဒီ ညီလာခံကို မြန်မာ သမ္မတ ဉီးသိန်းစိန်လည်း တက်ရောက် မိန့်ခွန်းပြောဖို့ ရှိပေမယ့် အခုတော့ သူ့ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီလို့ အမည် မဖော်လိုတဲ့ မြန်မာ အရာရှိ တယောက်က ပြောကြောင်း ရိုက်တာနဲ့ အေအက်ဖ်ပီ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နောက်လကျရင် ဆွစ်ဇာလန် ၊ နော်ဝေနဲ့ ဗြိတိန် တို့ကိုလည်း သွားရောက်မှာ ဖြစ်ပြီး ဇွန်လ ၁၄ ရက်နေ့မှာ ဂျီနီဗာက အိုင်အယ်လ်အို ညီလာခံမှာ မိန့်ခွန်းပြောမှာ ဖြစ်သလို ဗြိတိန်မှာ တပတ် နေကာ ဇွန်လ ၁ဂ ရက်နေ့ ကျရင် ဗြိတိသျှ ပါလီမန် နှစ်ရပ်လုံးမှာ တက်ရောက် မိန့်ခွန်းချွေမယ်လို့ သိရပါတယ်။