ဆီးရီးယား အတွက်အရေးကြီးပြီလို့ အာနန်ပြော

  • 28 မေ 2012
Annan ဓာတ်ပုံ မူပိုင် AFP
Image caption ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည် ဖော်ဖို့ ကိုဖီအာနန် ကထပ်မံ တိုက်တွန်း

ဆီးရီးယား နိုင်ငံ ဆိုင်ရာ ကုလ သမဂ္ဂ သံတမန် ကိုဖီအာနန် ဟာ ဒမတ်စကတ်မြို့ ကို ရောက်ရှိ လာပြီ ဖြစ်ပြီး၊ အခြေ အနေဟာ သိပ် အရေးကြီးတဲ့ အနေအထား ကိုရောက်နေပြီ လို့ သူက ပြောလိုက် ပါတယ်။

Houla မြို့မှာ ကလေးတွေ တဝက်လောက် အထိ ပါဝင်တဲ့ လူ ၁၀၀ ကျော် အသတ်ခံ ခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ထိတ်လန့် တုန်လှုပ်မိတယ် လို့လည်း ကိုဖီအာနန် ကပြောပါတယ်။

အင်္ဂါနေ့မှာ ဆီးရီးယား သမ္မတ အာဆတ်နဲ့ တွေ့ဆုံတဲ့ အခါ လေးနက်တဲ့ ဆွေးနွေးမှု တွေကို ပွင့်ပွင့်လင်းလင်း ပြုလုပ်ဖို့ ရှိတယ် လို့လည်း သူက ဆိုပါတယ်။

သူ့ရဲ့ အချက် ၆ ချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်ကို သေသေချာချာ အကောင်အထည် ဖော်ကြဖို့ လိုတယ်ဆိုပြီး လည်း မစ္စတာ အာနန်က ပြောပါတယ်။

ဆီးရီးယား နိုင်ငံ ဟာမာမြို့မှာ ကလေးတွေ တဝက်လောက် ပါဝင်တဲ့ လူ ၁၀၀ ကျော် အစုလိုက် အပြုံလိုက် အသတ်ခံ ခဲ့ရတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး စိုးရိမ် ထိတ်လန့် မိကြောင်း ရုရှနိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ် က ပြောလိုက် ပါတယ်။

ဒါပေမယ့် ဒီလို အပြစ်မဲ့ သူတွေ သေဆုံး ရတဲ့ ကိစ္စ အတွက် အစိုးရ မှာရော အတိုက်အခံ တွေမှာပါ တာဝန် ရှိတယ်လို့ သူက ဆိုပါတယ်။

ဆီးရီးယား အတိုက်အခံ တွေက သူတို့ကို အစိုးရ တပ်ဖွဲ့ တွေက ဆက်တိုက် နေတုန်းဘဲ လို့ ပြော ပါတယ်။

တနင်္ဂနွေ နေ့တုန်းက ဟာမာမြို့ကို အပြင်းအထန် အတိုက်ခံ ခဲ့ရတယ်လို့ သူတို့က ဆိုပါတယ်။

သူပုန် တိုက်ခိုက်ရေး သမားတွေ အခြေပြုတဲ့ မြို့ရဲ့ အစိတ် အပိုင်း ကို အစိုးရ တပ်က အမြောက်နဲ့ ပစ်တဲ့ အတွက် လူသုံးဆယ်ကျော် သေဆုံး ခဲ့တယ်လို့ အတိုက်အခံ တွေက ပြောပါတယ်။

တနင်္ဂနွေ နေ့က ဆီးရီးယား တနိုင်ငံ လုံးမှာ သေဆုံးသူ စုစုပေါင်း ၇၀ ရှိတယ်လို့ တချို့ အတိုက် အခံ တွေက ပြောပါတယ်။