ဆီးရီးယားက အဆိုးဝါးဆိုး သတ်ဖြတ်မှု

  • 28 မေ 2012

ဆီးရီးယား အနောက်ပိုင်းက ဟိုလာ ကျေးရွာမှာ ဖြစ်ပွား ခဲ့တဲ့ အစုအပြုံလိုက် လူသတ်ပွဲ ကတော့ တနှစ်ကျော် ကြာနေတဲ့ ဆီးရီးယား အပစ်အခတ် တွေ ထဲမှာ အဆိုးဆုံး ဖြစ်ရပ် တခု ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဒမတ်စကပ်ကို ရောက်လာလာချင်း ကိုဖီ အာနန်က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

ကလေး ၄၉ ယောက် အမျိုးသမီး ၃၄ ယောက် အပါအဝင် အနည်းဆုံး ၁ဝ၈ ယောက် သတ်ဖြတ် ခံခဲ့ရတယ်လို့ ကုလ သမဂ္ဂ မြေပြင် စောင့်ကြည့် လေ့လာသူ တွေ က အတည်ပြု ပြောကြား ပါတယ်။ ဒီ သတ်ဖြတ်မှုတွေဟာ ဘယ်သူ့ လက်ချက်နဲ့ သေဆုံး ခဲ့ရတယ် ကတော့ မရှင်းလင်း သေးပေမယ့် အစိုးရ ဆန့်ကျင်သူ တွေနဲ့ မျက်မြင် သက်သေတွေကို တွေ့ခွင့် ရခဲ့တဲ့ သတင်းထောက် နဲ့ လူ့ အခွင့် အရေး အုပ်စု တချို့ ကတော့ ဆီးရီးယား စစ်တပ်နဲ့ သမ္မတ အာဆတ်ကို ထောက်ခံတဲ့ ရှာဘီဟာ အရပ်သား လက်နက်ကိုင် အဖွဲ့ လက်ချက်လို့ ဆိုပါတယ်။

အစိုးရကတော့ သူ့တပ်သားတွေ တိုက်ခိုက်ခံရတယ်၊ လက်နက်ကိုင် အကြမ်းဖက်တွေက အရပ်သားတွေကို သတ်ဖြတ် ခဲ့တာဆိုပြီး ငြင်းဆို ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို အင်အား မမျှမတ သုံးပြီး မခွဲမခြား တိုက်ခိုက်မှု အဖြစ် ကုလ သမဂ္ဂ က ရှုတ်ချ ခဲ့ပေမယ့် ဒီ ကြေကွဲစရာ သတ်ဖြတ်မှုတွေ နောက်ကွယ်က အကြောင်းရင်း တွေက မရှင်းလှဘူးလို့ ဆီးရီးယား စောင့်ကြပ်ရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရောဘတ် မုဒ်က ဆိုပါတယ်။

တင့်ကားနဲ့ ပစ်ခတ်တာ ၊ လက်နက်ကြီး သုံးတာ ၊ ကိုယ်ထိ လက်ရောက် တိုက်ခိုက်တာတွေ ရှိကြောင်း ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီမှာ သူက ဆိုပါတယ်။ ဒီလို အနီးကပ် သတ်ဖြတ်မှု တွေ လက်သည် ဘယ်သူဘယ်ဝါ ဆိုတာတော့ သူက ပြောမသွား ပါဘူး။

အခင်း ဖြစ်ပွားတဲ့ နေ့က ဒေသ စံတော်ချိန် နေ့လယ် တနာရီ လောက်မှာ နေ့ခင်း ဘုရား ဝတ်တက်အပြီးမှာ ဆန္ဒပြသူ တွေကို လူစု ခွဲတဲ့ အနေနဲ့ စစ်သားတွေက သေနတ်နဲ့ ပစ်ခဲ့တယ်လို့ သတင်း ရပါတယ်။

ဆီးရီးယား နိုင်ငံခြားရေး ဌာနကတော့ စက်သေနတ် မော်တာတွေနဲ့ တင့်ကားပစ် ဒုံးကျည်တွေ ကိုင်ထားတဲ့ ရာနဲ့ချီတဲ့ သေနတ်သမား တွေက စစ်သားတွေကို တိုက်ခိုက်လို့ ၃ ယောက် သေဆုံးတယ်လို့ ဆိုပါတယ်။ အတိုက်အခံ တွေနဲ့ မျက်မြင် သက်သေတွေက တော့ ဆီးရီးယား တပ်က အနည်းဆုံး ၂ နာရီ ကြာအောင် ပစ်ခတ် ဗုံးကြဲတယ်လို့ ဆိုပါတယ်။

လုံခြုံရေး ကောင်စီကတော့ အရပ်သားတွေကို အင်အားကြီးနဲ့ ပစ်ခတ် တိုက်ခိုက်တာဟာ နိုင်ငံတကာ ဥပဒေနဲ့ ငြိစွန်း တယ်လို့ ကြေညာချက် ထုတ်ခဲ့ပါတယ်။ ဆီးရီးယား တပ်တွေကို ဟိုလာ မလွှတ်ဘဲ ခံစစ် အနေအထားမှာသာ ရှိတယ်လို့ အစိုးရဘက်က ငြင်းပါတယ်။

အကြမ်းဖက်ဂိုဏ်းတွေက အိမ်တွေထဲ ဝင်ပစ်လို့ သေရတာလို့ အစိုးရဘက်က ဆိုပေမယ့် မျက်မြင်တွေ ဘက်ကတော့ ဗုံးကြဲပြီးနောက် အစိုးရ နောက်လိုက် ရှာဘီဟာ အုပ်စုက ဝင်တိုက်ခိုက်တယ်လို့ ဆိုပါတယ်။ ဆီးရီးယားတပ်က တင့်ကားနဲ့ ဗုံးကြဲတာ ထင်ရှားပေမယ့် အရပ်သား တွေကို အနီးကပ် ပစ်တာတော့ မဟုတ်ဘူးလို့ မော်စကိုမှာ ရုရှ နိုင်ငံခြားရေး ဝန်ကြီး လာဘရော့ဗ်က ဆိုပါတယ်။

လက်နက်ကိုင် စစ်သွေးကြွတွေနဲ့ အစိုးရတပ် တွေ ပတ်လည်ဝိုင်းနေတဲ့ ဒေသမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ သူက ဆိုပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကိုဖီ အာနန်လဲ ဒမတ်စကပ် ကို ရောက်ရှိလာပြီး သူ့ရဲ့ အချက် ၆ ချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည် ဖော်ကြဖို့ တွန်းအားပေး နေပါတယ်။