သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တနင်္ဂနွေနေ့ မနက်ပိုင်းအစီအစဉ်

မူဘာရက်စီရင်ချက်ကို မကျေနပ်လို့ အီဂျစ်မှာ ဆန္ဒပြကြ

ဓာတ်ပုံ မူပိုင် AFP
Image caption တဟီရာ ရင်ပြင်က ဆန္ဒပြ ပြည်သူများ

အီဂျစ် နိုင်ငံ ကိုင်ရိုမြို့တော်က တဟီရာ ရင်ပြင် မှာတော့ အရင် သမ္မတဟောင်း မူဘာရက် နဲ့ သူ့ရဲ့ အရင်ပြည်ထဲရေး ဝန်ကြီးဟောင်း တို့ကို ချမှတ်လိုက်တဲ့ စီရင်ချက်ကို မကျေနပ်ကြလို့ လူပေါင်း ထောင်ပေါင်းများစွာ စုရုံး ဆန္ဒပြခဲ့ကြ ပါတယ်။

မစ္စတာ မူဘာရက်နဲ့ အရင် ပြည်ထဲရေး ဝန်ကြီး ဟာဘိ အဲလ် အဒ်လီ တို့ကို မနှစ်က ဆန္ဒပြသူ တွေကို သတ်ဖြတ် မှုတွေ လုပ်ခဲ့တဲ့ ပြစ်မှုနဲ့ ထောင်ဒဏ် တသက်တကျွန်း ကျခံဖို့ စီရင်ချက် ချလိုက် ပါတယ်။

ဒါပေမယ့်လို့ အဲဒီ အရင် လုံခြုံရေး အကြီး အကဲဟောင်း ၆ ယောက်ကို တရားသေ လွှတ်ပေးလိုက်ပြီး၊ မူဘာရက် နဲ့ သူ့ သား ၂ ဉီး တို့ကို လည်း အဂတိ လိုက်စား မှုတွေ ကင်းရှင်းကြောင်း ကိုပါ စီရင် လိုက်တာ ဖြစ်ပါတယ်။

အီဂျစ် နိုင်ငံက သိပ် အစွန်းမရောက်တဲ့ နိုင်ငံရေး သမား တဉီးဖြစ်တဲ့ ဒါလီယာ ဇဒီယာ ကတော့ သူ့ရဲ့ အမြင်ကို ဘီဘီစီကို ပြောပြရာမှာ လူတွေ ကို မျက်လှည့် ပြခံလိုက် ရတာပဲ ဖြစ်ကြောင်း၊ အမှုကို ရုံးတင် စစ်နေပြီ ဆိုတဲ့ ပုံစံ ဝင်အောင် ပြထားခဲ့ တာဖြစ်ကြောင်း၊ ဒါပေမယ့် စကတည်းက အမှုကို အားမရှိအောင် လုပ်ထားခဲ့ တာဖြစ်ကြောင်း၊ သူတို့ အစစ ခြယ်လှယ် လို့ ရအောင် အချိန်ယူ စီစဉ် ခဲ့တာ ဖြစ်ကြောင်း စသည်ဖြင့် ပြောကြား သွားခဲ့ ပါတယ်။

အလက်ဇန္ဒြီးယား မြို့နဲ့ တောင်ဘက်က ကီနာ မြို့တွေမှာတော့ ဆန္ဒပြကြသူ တွေက အဲဒီ စွဲချက် အတင်ခံရသူ တွေကို သေဒဏ်ပေးဖို့ အတွက် တောင်းဆို ဆန္ဒပြခဲ့ ကြပါတယ်။

ဘုရင်မကြီး အဲလ်လိဇဘက်သ်ရဲ့ နန်းသက် နှစ် ၆၀ စိန်ရတုပွဲတွေ ဗြိတိန်မှာ ကျင်းပ

ဓာတ်ပုံ မူပိုင် jubilee
Image caption နန်းသက် ၆၀ ရ ဘုရင်မကြီး အဲလ်လိဇဘက်သ်

ဗြိတိန် နိုင်ငံမှာတော့ ဒုတိယမြောက် အဲလ်လိဇဘက်သ် ဘုရင်မကြီးရဲ့ နန်းစံသက် နှစ် ၆၀ ပြည့် စိန်ရတု အခမ်းအနားတွေကို ၄ ရက်ကြာ စတင် ကျင်းပနေကြပြီ ဖြစ်ပါတယ်။

အဲဒီ အခမ်းအနား တွေကို တရားဝင် စတင် တဲ့ အထိမ်းအမှတ် အဖြစ် တာဝါအော့ဖ် လန်ဒန်မှာ အမြောက် ၄၁ ချက် ပစ်ဖောက် ပြီး ဖွင့်လှစ် ခဲ့ကြပါတယ်။ ဘုရင်မကြီး ကိုယ်တိုင်ကတော့ ကမ်းမလောတ် မြင်း အနိုင်ရသွား ခဲ့တဲ့ အက်ပ်ဆွမ် ဒါဘီ မြင်းပြိုင်ပွဲကို သွားရောက်ကြည့် ရှုခဲ့ပါတယ်။

တနင်္ဂနွေ နေ့မှာတော့ သိမ်းစ် မြစ်ထဲမှာ လှေသင်္ဘောပေါင်း တထောင်လောက် နဲ့ အတူ ရေခင်း သဘင် ကျင်းပမှာ ဖြစ်ပါတယ်။ ဘုရင်မကြီးနဲ့ တော်ဝင် မိသားစု ဝင်တွေကတော့ ပန်းပေါင်း တသောင်း ကျော်နဲ့ အလှဆင်ထားတဲ့ ဖောင်တော်နဲ့ လိုက်ပါလာကြမှာ ဖြစ်ပါတယ်။ အဲဒီ ရေခင်းတော်ကို မြစ်ကမ်းနား တဘက်တချက် စီက လူအများ အပြား လာရောက် ကြည့်ရှု ကြလိမ့်မယ်လို့ ခန့်မှန်း ထားကြပါတယ်။

တခြား စိတ်ဝင်စားစရာ သတင်းများ

- ရန်ကုန် မြို့က ရှေးဟောင်း အဆောက်အအုံတွေ ထိန်းသိမ်းရေး နဲ့ ပတ်သက်လို့ သမိုင်း ပညာရှင် တဉီးနဲ့ ဆက်သွယ် မေးမြန်းချက်

- ရခိုင်ပြည်နယ် အတွင်း မုဒိမ်းကျင့် လူသတ်မှု ဖြစ်ခဲ့တဲ့အတွက် လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခ တွေဖြစ်မှာစိုးလို့ ရခိုင်ပြည်နယ် လုံခြုံရေး နဲ့ နယ်စပ် ရေးရာ ဝန်ကြီး ကိုယ်တိုင် ဖြေရှင်း

ဒေါ် ယဉ်ယဉ်မေရဲ့ ကျေးတမာနဲ့ ပေဖူးလွှာ အစီအစဉ် ကိုလည်း တင်ဆက် ပေးထားပါတယ်။