သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အင်္ဂါနေ့ မနက်ပိုင်းအစီအစဉ်

ဘာကင်ဟမ် နန်းတော်ရှေ့က ဖျော်ဖြေပွဲ

ဓာတ်ပုံ မူပိုင် Getty
Image caption မနေ့ကဘဲ စိန်ရတု ဆင်နွှဲခဲ့တဲ့ မင်းသားကြီး ဖိလစ်ပ် ဒီနေ့ ဆေးရုံတင်ထားရ

ဗြိတိန်က တော်ဝင် ဘုရင်မကြီးရဲ့ နန်းသက်စံ နှစ်ခြောက်ဆယ်ပြည့် အထိမ်းအမှတ် အဖြစ် ကမ္ဘာတလွှားက အနုပညာရှင် အကျော်အမော်တွေဟာ လန်ဒန်က ဘာကင်ဟမ် နန်းတော်ရှေ့မှာ ဖျော်ဖြေခဲ့ကြပါတယ်။

Sir Cliff Richard က Congratulations သီချင်းကို သီဆိုခဲ့သလို ၊ Dame Shirley Bassey ကလည်း Diamonds are Forever ဆိုတဲ့ ကမ္ဘာကျော် သီချင်းတွေနဲ့ အသီးသီ ဖျော်ဖြေခဲ့ကြ ပါတယ်။

အဲဒီ သီဆို ဖျော်ဖြေမှုတွေကို လမ်းကြီးငယ် အသွယ်သွယ်မှာ ဧရာမ တီဗီ ဖန်သားပြင်တွေနဲ့ ပြသခဲ့ကြပါတယ်။

အခုလို ဖျော်ဖြေမှုဟာ ဘုရင်မကြီးနဲ့ ကြင်ယာတော် တို့ရဲ့ ကိုယ်ကျိုးမဲ့ တိုင်းပြည်တာဝန်တွေကို ထမ်းဆောင်နေမှု အပေါ် တိုင်းပြည်လူထုက ကျေးဇူးတင်ကြောင်း ပြသလိုက်တာဘဲ ၊ အဲဒီလို ပြခွင့်ရတဲ့ အတွက် ဗြိတိန်နိုင်ငံသား ဖြစ်ရတာကို ဂုဏ်ယူမိစေတယ်လို့ သားတော် ဝေလမင်းသားက တက်ရောက်လာတဲ့ ပရိတ်သက်ကို ပြောကြားခဲ့ပါတယ်။

အဲဒီနောက် နန်းသက်စံ နှစ်ခြောက်ဆယ်ပြည့် အဖြစ် ဗြိတိန်နိုင်ငံ တလွှားက မီးထွန်းငြိပွဲပေါင်း ၄ဝဝဝ ရဲ့ နောက်ဆုံးမီးတိုင်ကို ဘုရင်မကြီးက ထွန်းငြိ ပေးလိုက်ပြီး ဖျော်ဖြေပွဲကို ရုတ်သိမ်းလိုက်ပါတယ်။

အခုလို လန်ဒန်က ဘာကင်ဟမ် နန်းတော်ရှေ့မှာ ကျင်းပခဲ့ အဲလစ်စဘတ် ဘုရင်မကြီးရဲ့ စိန်ရတု နန်းသက်စံ ဖျော်ဖြေ ဂုဏ်ပြုပွဲကို ထောင်သောင်းချီတဲ့ လူတွေ တက်ရောက် ကြည့်ရှု အားပေးခဲ့ကြပါတယ်။

ဒါပေမယ့် ဆီးကျိတ်ရောင်လို့ ဆေးရုံတက်နေရတဲ့ ကြင်ယာတော် Duke of Edinburgh အယ်ဒင်ဘာရာ မြို့စား မင်းသားကြီး ဖိလစ်ကို သွားကြည့်နေရတာကြောင့် ဒီဖျော်ဖြေပွဲကို ကျင်းပပြီး တဝက်လောက်ကြာမှာ ဘုရင်မကြီး ရောက်လာခဲ့ ပါတယ်။

ဆေးရုံတင်ထားရတဲ့ မင်းသားကြီး ဖိလစ်ပ်ဟာ ဆက်ပြီး ကျင်းပမယ့် စိန်ရတု ပွဲကို ဆက်လက် ဆင်နွှဲနိုင်မှာ မဟုတ်တော့ပါဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ခရစ်စမတ်တုန်းကလည်း မင်းသားကြီး ဖိလစ်ပ်ဟာ ဆေးရုံတက်ခဲ့ရသေးတာ ဖြစ်ပါတယ်။

ထရစ်ပိုလီ လေဆိပ် အာဏာပိုင်တွေ ပြန်သိမ်းလိုက်ပြီ

ဓာတ်ပုံ မူပိုင် Reuters
Image caption လစ်ဗျား အခြေအနေ မတည်ငြိမ်သေး

လစ်ဗျားနိုင်ငံ ထရစ်ပိုလီ လေဆိပ်ကို လက်နက်ကိုင် သေနတ်သမားတွေ ဝင်စီးခဲ့တာကြောင့် မနေ့က တနေ့လုံး လိုလို အသွားအလာ ရပ်ဆိုင်း သွားခဲ့ပြီးတဲ့နောက် အခုတော့ သူတို့ ထိန်းချုပ် လိုက်နိုင်ပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။

အာဏာပိုင်တွေက ရာနဲ့ချီတဲ့ စစ်ယာဉ်တွေ ပို့လွှတ်ခဲ့ပြီး သေနတ်သံတွေလည်း ကြားခဲ့ရပေမယ့် အသေအပျောက် သတင်းတွေတော့ မကြားရပါဘူး။

နည်းပညာပိုင်း ဆိုင်ရာ ကိစ္စတွေ ဖြေရှင်းဖို့ လေဆိပ်ကို ၂၄နာရီ ဆက်ပိတ်ထားဉီးမယ်လို့ လေဆိပ် အရာရှိတွေက ပြောပါတယ်။

လစ်ဗျား ပြည်ထဲရေး ဒုတိယ ဝန်ကြီး ကတော့ ရာနဲ့ချီတဲ့ လက်နက်ကိုင် သေနတ်သမားတွေကို ဖမ်းဆီး ရမိခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ ခေါင်းဆောင် တယောက် ထိန်းသိမ်းခံရပြီးတဲ့နောက် ပျောက်ဆုံးနေတယ်လို့ လက်နက်ကိုင် သေနတ်သမားတွေ စွပ်စွဲ ပြောကြားချက် အပေါ် စုံစမ်း စစ်ဆေးပေးမယ်လို့ အမျိုးသား အသွင်ကူးပြောင်းရေး ကောင်စီ ဥက္ကဌ မူစတာဖာ အယ် ဂျာလီလ် က သဘောတူခဲ့ကြောင်း သိရပါတယ်။

တခြား သတင်းများ

- ရခိုင်က လူမျိုးရေး ကိစ္စ ဘာသာရေး ခေါင်းဆောင်တွေ ဝင်ရောက် ဖျန်ဖြေပေးဖို့ ဂဂ ကျောင်းသားတွေ ပြောပြီ

- အလုပ်သမား ဆန္ဒပြမှုတွေ ပြီးဆုံးသွားတာတွေ ရှိသလို အသစ် ဆန္ဒပြမှုတွေလည်း ရှိ

- မြဝတီ မဲဆောက် နယ်စပ် ကုန်သွယ်ရေး

အပတ်စဉ် အစီအစဉ်

ဇွန်လေးရဲ့ အားကစားနဲ့ စကားသင် အင်္ဂလိပ်စာ ပို့ချချက် ကို နားဆင်ရမှာပါ။

ဘီဘီစီရဲ့ အစီအစဉ်တွေကို ဝေဖန် အကြံပြုချက်တွေ ပေးပို့ကြဖို့လည်း ဖိတ်ခေါ်ပါတယ်။