သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဗုဒ္ဓဟူးနေ့ မနက်ပိုင်းအစီအစဉ်

အယ်ကိုင်းဒါး ခေါင်းဆောင် တယောက် အမေရိကန် မောင်းသူမဲ့ယာဉ် တိုက်ခိုက်မှုကြောင့် သေဆုံး

ဓာတ်ပုံ မူပိုင် BBC World Service
Image caption Abu Yahya al-Libi အယ်ကိုင်ဒါး ခေါင်းဆောင် သေဆုံး

ပါကစ္စတန်မှာ အမေရိကန်ရဲ့ မောင်းသူမဲ့ယာဉ်နဲ့ တိုက်ခိုက်မှုတွေကြောင့် အယ်ကိုင်းဒါး အဖွဲ့ရဲ့ ဒုတိယ ခေါင်းဆောင် Abu Yahya al-Libi သေဆုံးသွားတယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ပါကစ္စတန်က တောင်တန်း လူမျိုးစု ဒေသတွေမှာ အမေရိကန်ရဲ့ မောင်းသူမဲ့ယာဉ်နဲ့ Abu Yahya al-Libi ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက ဆိုပါတယ်။

အမေရိကန် အနေနဲ့ တနှစ်အတွင်း အယ်ကိုင်ဒါး ထိပ်တန်း ခေါင်းဆောင်တွေကို ချေမှုန်းနိုင်တာ ဒါဟာ ဒုတိယမြောက် ဖြစ်ရပ် ဖြစ်ပြီး အဲဒီအတွက်ကြောင့် အယ်ကိုင်းဒါး အဖွဲ့ဟာလည်း အရင်ကနဲ့စာရင် ကျဆုံးတော့မယ့် အခြေအနေ ဆိုက်နေပြီလို့ အိမ်ဖြူတော် ပြောခွင့်ရသူ ဂျေးကာနေးက ပြောပါတယ်။

ပါကစ္စတန်ကတော့ ဒီ အမေရိကန်ရဲ့ မောင်းသူမဲ့ယာဉ် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ သူတို့ရဲ့ စိုးရိမ်မှုတွေကို ထပ်လောင်း ပြောကြားဖို့ အမေရိကန် သံရုံး တာဝန်ခံကို ဆင့်ခေါ်ခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြတာတွေ ကန့်သတ်မယ့် ဥပဒေ ရုရှား အောက်လွှတ်တော် အတည်ပြု

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆန္ဒပြမှု ထိန်းချုပ်ဖို့ ဥပဒေ အတည်ပြုလို့ ဆန္ဒပြကြ

ရုရှားမှာ လူထု ဆန္ဒပြမှုတွေအပေါ် ထိန်းချုပ်မယ့် အငြင်းပွားဖွယ် ဥပဒေ တရပ်ကို အောက်လွှတ်တော်က အတည်ပြုလိုက်ပါပြီ။

ဒါပေမယ့် ရုရှားခေတ်သစ် နိုင်ငံရေးမှာ ဥပဒေတည်ပြုဖို့ ပထမဆုံး ကဖျက်ယဖျက် လုပ်တဲ့ အတိုက်အခံ လွှတ်တော် အမတ်တွေက ဒီဥပဒေကြမ်းကို ပြင်ဆင်ချက်ပေါင်း လေးရာနီးပါးလောက် တင်သွင်းခဲ့တာကြောင့် ဒီဥပဒေ အတည်ပြုနိုင်ဖို့ နှောက်နှေးခဲ့ရပါသေးတယ်။

လက်ရှိ အာဏာရ ယူနိုက်တက် ရုရှား ပါတီဟာ ဆန္ဒပြမှုတွေ ကျင်းပမယ့် နေရာတွေ ကျင်းပမယ့် ပုံစံတွေကို ထိန်းချုပ်လိုတာ ဖြစ်ပါတယ်။

အခု ဥပဒေသစ် အရ ခွင့်ပြုချက် မရဘဲ ကျင်းပတဲ့ ဆန္ဒပြမှုတွေကို ပြင်းပြင်းထန်ထန် တိုးပြီး ဒဏ်ရိုက်မှာ ဖြစ်ပါတယ်။

ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ အောက်လွှတ်တော်က အတည်ပြုပေးလိုက်တဲ့ ဥပဒေကြမ်းကို အထက်လွှတ်တော်မှာ ဆွေးနွေး ငြင်းခုန်ကြမှာ ဖြစ်ပေမယ့် အတည်ပြုနိုင်ဖို့ အတွက်တော့ နည်းနည်း သံသယ ဖြစ်မိတယ်လို့ ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။

တခြား သတင်းများ

- ရန်ကုန် အလုပ်သမား ဆန္ဒပြမှု ဂဂ ကျောင်းသားတွေ ဝင်ဆွေးနွေးလို့ ပြေလည် ပေမယ့် ထိုင်းနိုင်ငံမှာတော့ ကမ္ဘောဒီးယားနဲ့ မြန်မာ အလုပ်သမား ခိုက်ရန်ဖြစ်

- သဘာဝ ပတ်ဝန်းကျင်နေ့နဲ့ စိမ်းရောင်စို အဖွဲ့ သုံးနှစ်မြောက် နှစ်ပတ်လည် သစ်ပင်ပေါင်း ဘယ်နှစ်ပင် စိုက်ပျိုးခဲ့ ပြီးပြီလဲ

အပတ်စဉ် အစီအစဉ်

ဇွန်လေးရဲ့ အားကစားနဲ့ စကားသင် အင်္ဂလိပ်စာ ပို့ချချက် ကို နားဆင်ရမှာပါ။

ဘီဘီစီရဲ့ အစီအစဉ်တွေကို ဝေဖန် အကြံပြုချက်တွေ ပေးပို့ကြဖို့လည်း ဖိတ်ခေါ်ပါတယ်။