ယူကေက ကျောင်းသားဗီဇာတွေ ထပ်မံ စိစစ်မည်

ပြီးခဲ့တဲ့ နှစ်အတွင်း ယူကေနိုင်ငံတွင်းကို နိုင်ငံခြားကျောင်းသား ၃၀ ရာခိုင်နှုန်း လောက် မြင့်တက်လာခဲ့ပြီး ကျောင်းတက်ဖို့ထက် တခြားရည်ရွယ်ချက်နဲ့ လာတဲ့သူတွေ အများအပြားရှိနေတာကြောင့် ဗီဇာတွေကို ပြန်လည်သုံးသပ် စိစစ်သွားမယ်လို့ ဗြိတိသျှအစိုးရက ပြောပါတယ်။

Image caption စည်းမျဉ်းတွေ ပိုမိုတင်းကျပ်မည်

ဒီနှစ်မတ်လအထိ တစ်နှစ်တာကာလအတွင်း ယူကေနိုင်ငံတွင်းကို ဥရောပပြင်ပက လာကြတဲ့ ကျောင်းသားအရေအတွက်ဟာ သုံးသိန်း လောက်ရှိပြီး ဒီအရေအတွက်ဟာ သုံးပုံတစ်ပုံ နီးပါးတိုးလာတာ ဖြစ်ပါတယ်။ ဒီသုံးသိန်းနဲ့ အတူ သူတို့မိသားစုဝင်တွေကို ခေါ်လာတဲ့ အရေအတွက်က သုံးသောင်းကျော် ရှိပါတယ်။

အရင်နှစ်ကတော့ ဥရောပပြင်ပက ကျောင်းသား ၂ သိန်းကျော်နဲ့ သူတို့ရဲ့ မှီခိုမိသားစုဝင် ၂ သောင်းကျော်ပဲ လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ လေဘာအစိုးရကလည်း ဗီဇာစည်းမျဉ်းတွေကို ပြန်လည်သုံးသပ်ပြီး ဧပြီလဆန်းက စည်းမျဉ်းသစ်တွေ ပြဌာန်းခဲ့ပါတယ်။

လက်ရှိ ညွန့်ပေါင်းအစိုးရကလည်း ပြန်လည်သုံးသပ်စိစစ်သွားမယ်လို့ ဆိုပါတယ်။

Image caption ကျောင်းသားအများအပြားက ကျောင်းသားဗီဇာနဲ့ လာပေမယ့် စာသင်ခန်းထဲမှာ ရှိမနေကြလို့ ပြောခံရ

''ဒီကို ပညာသင်ဖို့ လာကြတဲ့ အစစ်အမှန် ကျောင်းသားတွေကို ကြိုဆိုတယ်။ အကောင်းဆုံး အတော်ဆုံး ကျောင်းသား တွေကိုသာ လက်ခံဖို့ ဆုံးဖြတ်ထားတယ်'' လို့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အငယ်တန်း ဝန်ကြီး ဒန်မီယံ ဂရင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ကာလတွေမှာ လူတွေက ကျောင်းတက်ဖို့ မဟုတ်ပေမယ့် ကျောင်းသားဗီဇာနဲ့ လာကြသူတွေ ပိုများလာတယ်။ ဒါကြောင့် လာမယ့် သတင်းပတ်တွေ လာမယ့်လပိုင်းတွေအတွင်း ကျောင်းသားဗီဇာတွေကို ပြန်လည်စိစစ် အကဲဖြတ်မယ်လို့ ဝန်ကြီးက ပြောပါတယ်။

အင်္ဂလိပ်စာ သတ်မှတ်ချက်

ဒီနှစ်ဖေဖော်ဝါရီလက ချမှတ်ခဲ့တဲ့ စည်းမျဉ်းသစ်တွေမှာတော့ ကျောင်းသားတွေဟာ အင်္ဂလိပ်စာကို အတော်အတန်တတ်ကျွမ်းသူတွေ (GCSE အဆင့်လောက်ထိ တတ်ကျွမ်းသူ) ဖြစ်ရမယ်လို့ သတ်မှတ်ပါတယ်။

ဒါပေမယ့် အင်္ဂလိပ်စာသင်တဲ့ ကျောင်းတချို့က ပြန်လည်ချေပတာကတော့ အင်္ဂလိပ်စာသင်ဖို့လာတဲ့ ကျောင်းသားတွေက အဲဒီလောက်ထိ မတတ်လို့ လာသင်တာ ဖြစ်တဲ့အတွက် ဒီစည်းမျဉ်းဟာ တရားမျှတမှုမရှိဘူးလို့ ပြောဆိုပါတယ်။

နောက်ပြီး စည်းမျဉ်းသစ်မှာ ကာလတို သင်တန်း တက်တဲ့သူဟာ မှီခို မိသားစုဝင်တွေကို ခေါ်ပိုင်ခွင့် မရှိတော့ပါဘူး။

ဒီနှစ်အတွင်းမှာပဲ နီပေါ၊ အိန္ဒိယမြောက်ပိုင်း နဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ကျောင်းသားဗီဇာတင်တာ သိပ်များတဲ့အတွက် ဗြိတိသျှအစိုးရက အဲဒီနေရာတွေမှာ ကျောင်းသားဗီဇာလျှောက်လွှာလက်ခံမှုကို ရပ်နားထားခဲ့ပါတယ်။