ပါတီတွေရဲ့ မူသဘောထားကြေငြာချက်တွေ ဆင်ဆာလုပ်ခံနေရဆဲ

  • 2 အောက်တိုဘာ 2010
Image caption ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ကိုယ်စားလှယ်လောင်း ပိုစတာတခု

ရခိုင်ပြည်နယ်ထဲက ရွေးကောက်ပွဲဝင်ကြမယ့် ပါတီတွေအနေနဲ့ နိုင်ငံရေးပေါ်လစီနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ရေဒီယို ရုပ်မြင်သံကြားကနေ တင်ပြနေကြရာမှာ ရခိုင်ပြည်နယ် အမျိုးသား အင်အားစု ပါတီကစက်တင်ဘာလ ၂၇ ရက်နေ့မှာ တင်ပြသွားခဲ့ပါတယ်။

အခု လာမယ့် အောက်တိုဘာလ ၆ ရက်နေ့မှာ နောက်ထပ်ပါတီတစ်ခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ပေါ်လစီတွေတင်ပြတဲ့နေရာမှာ သုံးပုံတစ်ပုံလောက် ဖြတ်တောက်ခံရတယ်လို့ သိရပါတယ်။

မိမိတို့ ယုံကြည်တဲ့ လွတ်လပ်မှုဆိုတာ ပြည်ထောင်စုအဖွဲ့ဝင်တွေ အားလုံးအပေါ်မှာ တန်းတူညီမျှ သက်ရောက်မှု ရှိစေရမယ်ဆိုတဲ့အပိုင်း အကုန်လုံးကို ပယ်ဖျက်ခံရတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဌ ဒေါက်တာအေးမောင်က ဘီဘီစီကို ပြောပါတယ်။

နောက်ပြီးတော့ ပြည်ထောင်စုက ယူထားတဲ့အာဏာနဲ့ ပြည်နယ်တွေကို ခွဲဝေပေးထားတဲ့အာဏာဟာ ထင်သာမြင်သာ ရှိရမယ် တာဝန်ခံနိုင်မှုရှိတဲ့ အချုပ်အချာအာဏာ ဖြစ်စေရမယ်ဆိုတဲ့ အပိုင်းကိုလည်း အပယ်ခံလိုက်ရပါတယ်လို့ ဆိုပါတယ်။

အခုလို ရေဒီယိုနဲ့ ရုပ်မြင်သံကြားက ထုတ်လွှင့်မယ့် ပါတီရဲ့ ပေါ်လစီတွေကို ပြန်ပြင်ခိုင်းတဲ့အတွက် ယူဒီပီ ပါတီဆိုရင် ရေဒီယိုနဲ့ ရုပ်သံက လွှင့်မှာကို ရုပ်သိမ်းသွားခဲ့ပြီး စက်တင်ဘာလ ၃၀ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ကလည်း သူတို့ရှမ်းအမျိုးသားသီချင်းကို ဖြုတ်ပစ်ခဲ့ရပါတယ်။