နောက်ဆုံး ရေးသားချိန် 8 ဖေဖေါ်ဝါရီလ 2011 - 18:24 GMT

နှစ် ၅ဝ မြောက် ကချင် တော်လှန်ရေးနေ့ လန်ဒန်မှာ ကျင်းပ

ဦးလရှီ ဂွန်းတောင် (KNO)

KNO ကချင်တော်လှန်ရေး နှစ် ၅ဝ ပြည့် အထိမ်းအမှတ်

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ရက် နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အာဇာနည် ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရပြီးတဲ့နောက် ဗိုလ်ချုပ် အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေ ထားရှိ ခဲ့ကြတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ၊ တိုင်းရင်းသား လူမျိုးတိုင်း တန်းတူ အခွင့်အရေး အစရှိတာတွေကို လက်ကျန် နိုင်ငံရေး ခေါင်းဆောင်တွေက ပြည့်ပြည့် ဝဝ အကောင်အထည် မဖော်နိုင်ခဲ့ကြပါဘူး။

နောက်ဆုံးမတော့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းအရ ဖြေရှင်းလို့ မရနိုင်တဲ့ အတွက် ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ကချင် လွတ်မြောက်ရေး တပ်မတော်ကို ဖွဲ့စည်းပြီး လက်နက်စွဲကိုင် တော်လှန်ခဲ့ ကြတာကို အစွဲပြုပြီး ကချင် တမျိုးသားလုံးက တော်လှန်ရေးနေ့ အဖြစ် သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

တော်လှန်ရေး ရည်မှန်းချက် ကတော့ လွတ်လပ်တဲ့ ကချင်နိုင်ငံတော် ထူထောင်ရေး ဖြစ်ပေမယ့် ကနေ့ လက်ရှိ အခြေအနေ အရ ပြည်ထောင်စုရဲ့ နောက်ခံ သမိုင်းကြောင်း ပြည်သူလူထုရဲ့ သဘောထား ဆန္ဒ ၊ ကမ္ဘာ့ အခြေအနေ အားလုံးကို သုံးသပ်ပြီး ဗမာ ၊ ကချင် ၊ ကရင် ၊ ကရင်နီ ၊ ချင်း ၊ မွန် ၊ ရခိုင် ၊ ရှမ်း တိုင်းရင်းသား အားလုံး ပါဝင်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်ပါတယ်။

အဲဒီ ကချင် တော်လှန်ရေးနေ့ နှစ်ငါးဆယ်မြောက် အခမ်းအနားကို လန်ဒန်မြို့ ဟောင်စလို အရပ်က မွန်တေဂူ ခန်းမမှာ ဖေဖော်ဝါရီလ ၅ ရက်နေ့က ကျင်းပခဲ့ ကြပါတယ်။

အခမ်းအနားမှာ ပြည်သူလူထုရဲ့ အကျိုးစီးပွား ၊ နစ်နာမှုတွေကို ကိုယ်ကျိုးမဖက် အနစ်နာခံပြီး ကာကွယ်သူ ၊ ကြိုးပမ်း ဆောင်ရွက် သူတွေကို ဥရောပရောက် ကချင် လူမျိုးများက အသိအမှတ်ပြု ဂုဏ်ပြုတဲ့ အနေနဲ့ Kachin Civilian Defender Award ကချင်ဘာသာ အားဖြင့် Mung Masha Ninggang ဆိုတဲ့ ဆုကို ချီးမြှင့်မယ့် အစီအစဉ်ကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။

နောင်တွင် ပြည်သူ လူထုအနေနဲ့ နိုင်ငံရေး ၊ အမျိုးသားရေးနဲ့ လူမှုရေးမှာ နိုးကြား ပါဝင် ဆောင်ရွက်လာအောင် စာပေ အနုပညာရှင် တွေကိုလည်း ရွေးချယ် ချီးမြှင့် သွားမှာ ဖြစ်ပါတယ်။

အခုနှစ်မှာတော့ Kachin Civilian Defender Award ကို ပထမဆုံး ဆုရှင် အဖြစ် ဒေါ် ဘောက်ဂျာကို ရွေးချယ်ခဲ့ကြပါတယ်။

ဒေါ်ဘောက်ဂျာဟာ ဟူးကောင်း ဒေသထဲမှာ မတရား လယ်ယာ အသိမ်းခံရတဲ့ တောင်သူလယ်သမား တွေရဲ့ ကိုယ်စား နစ်နာမှုတွေကို တရားစွဲ ရုံးတင်နိုင်ဖို့ ကြိုးစားရင်း အာဏာပိုင်တွေ ဖမ်းဆီးတာ မခံရအောင် တိမ်းရှောင် နေရသူ တဦး ဖြစ်ပါတယ်။

ကချင် တော်လှန်ရေးနေ့ အခမ်းအနားတွေကို လန်ဒန်မြို့ အပြင် ဒိန်းမတ် ၊ ထိုင်း ၊ စင်္ကာပူ ၊ မလေးရှားနဲ့ အိန္ဒိယ စတဲ့ နိုင်ငံတွေမှာလည်း တပြိုင်တည်း ကျင်းပခဲ့ကြတယ် လို့ သိရပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။