သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပြင်သစ် အိုးပင်းနဲ့ ဥရောပဖလား ခြေစစ်ပွဲ

  • 5 ဇွန် 2011
ဓာတ်ပုံ မူပိုင် AFP Getty
Image caption ပြင်သစ်အိုးပင် အမျိုးသမီး တဦးချင်း ချန်ပီယံ တရုတ်တင်းနစ်မယ် Li Na

တရုတ် တင်းနစ် လောက အတွက် မှတ်တိုင်သစ် တခုကို ခုသီတင်းပတ်မှာ စိုက်ထူ နိုင်ခဲ့ပါပြီ။

ပြင်သစ် အိုးပင်း အမျိုးသမီး တဦးချင်း ဖိုင်နယ်မှာ တရုတ်က လီနာက လက်ရှိ ချန်ပီယံ အီတလီက စကီယာဗွန်းကို ၆ ၄၊ ၇ ၆ (၇ ၀) ဆက်နှစ်ဆက်ပြတ်နဲ့ နိုင်ပြီး တရုတ် တင်းနစ်သမားတွေထဲမှာ ဂရင်းစလင် ဖလားကို ပထမဆုံး ရရှိသူ ဖြစ်လာပါတယ်။

လီနာဟာ ဒီနှစ်ဆန်းက အော်ဇီ အိုးပင်းမှာလည်း ဖိုင်နယ်ထိ တက်ခဲ့ပြီး ဖိုင်နယ်မှာ ကင်ကလိုက်ရှတာကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

မနေ့က တရက်ထဲမှာ ဥရောပ ဖလား ခြေစစ်ပွဲတွေလည်း ကစားခဲ့ပြီး အင်္ဂလန်ဟာ ဝင်ဘလီမှာ ဆွတ်ဇာလန်နဲ့ နှစ်ဂိုးစီ သရေကျပေမယ့် မွန်တီ နီးဂရိုးက ဘူဂေးရီးယားနဲ့ တဂိုးစီ သရေကျတဲ့ အတွက် အင်္ဂလန်ဟာ အုပ်စုဗိုလ် နေရာကို ဆက်ထိန်းထားနိုင်ပါတယ်။

ဆွတ်ဇာလန်က ဖရီးကစ်တွေက တဆင့် နှစ်ဂိုး အရင် စသွင်းပြီး ပထမပိုင်း မပြီးခင်မှာ လမ်းပတ်က ပယ်နယ်တီကနေ ချေပဂိုး တဂိုးပြန်သွင်းပါတယ်။

ဥရောပက တခြား ထိပ်သီး အသင်းကြီးတွေလည်း ဒီအပတ်မှာ ကစားခဲ့ပြီး ဂျာမနီဟာ သြစတြီးယားကို အဝေးကွင်းမှာ နှစ်ဂိုး တဂိုးနဲ့ နိုင်ပြီး ခြောက်ပွဲကစားပြီးချိန်မှာ ပွဲတိုင်းနိုင် စံချိန်ကို ဆက်ထိန်းထားနိုင်ပြီး ခြေစစ်ပွဲ တန်းအောင်ဖို့ သေချာသလောက် ရှိနေပါတယ်။

ဂျာမနီလိုပဲ အီတလီဟာလည်း အက်စတိုးနီးယားကို သုံးဂိုးပြတ်နဲ့ နိုင်တဲ့အတွက် ခြေစစ်ပွဲ တန်းအောင်ဖို့ အခြေအနေကောင်းတာ တွေ့ရပါတယ်။