ရူးပတ် မားဒေါ့ မီဒီယာ အရှုပ်တော်ပုံဆက်ဖြစ်

  • 11 ဇူလိုင် 2011
Murdoch ဓာတ်ပုံ မူပိုင် Barry Batchelor. PA Wire
Image caption မစ္စတာ မားဒေါ့နဲ့ News International က CEO ရီဘက်ကာ

မီဒီယာသူဌေးကြီး ရူးပတ် မားဒေါ့ပိုင်တဲ့ ဗြိတိန်က နာမည်ကြီး News of the World သတင်းစာဟာ ဖုန်းလိုင်း ကြားဖြတ်ခိုးမှု အရှုပ်တော်ပုံကြောင့် ရပ်နားခဲ့ရပြီး နောက်ပိုင်း ဒီသတင်းစာရဲ့ သတင်းထောက်တွေဟာ နောက်ထပ်လည်း ကျင့်ဝတ်နဲ့မညီတဲ့ လုပ်ဆောင်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထပ်ထွက်လာ ပြန်ပါတယ်။

မစ္စတာ ရူးပတ် မားဒေါ့ရဲ့ သတင်းထောက်တချို့ဟာ ရဲဝန်ထမ်းတစ်ဦးကို ငွေပေးပြီး တော်ဝင်မိသားစုရဲ့ ဖုန်းနံပါတ်နဲ့ တခြား အသေးစိတ်အချက်အလက်တွေကို ရယူခဲ့တယ်လို့ ဘီဘီစီက စုံစမ်းသိရပါတယ်။

ဒီသတင်းစာရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ News International ကနေ ပြီးခဲ့တဲ့လက စစ်ဆေးနိုင်ဖို့ဆိုပြီး ရဲဆီကို လွှဲပေးခဲ့ရတဲ့ အီးမေးလ်တွေထဲမှာ ဒီလို စွပ်စွဲနိုင်တဲ့ အချက်အလက်တွေ တွေ့ရတယ်လို့ ဘီဘီစီ စီးပွားရေးသတင်းထောက် တစ်ဦးက ပြောပါတယ်။

ဒီလိုဖုန်းလိုင်းကြားဖြတ်ခိုးတဲ့ အရှုပ်တော်ပုံကိစ္စထွက်ပေါ်လာတာတွေကို ကြည့်ရင် ဗြိတိသျှဘုရင်မကြီးရဲ့ လုံခြုံရေးဟာလည်း ထည့်စဉ်းစားစရာ ဖြစ်လာတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီလို News of the World သတင်းစာ အရှုပ်တောပုံဖြစ်နေတဲ့အတွက် မစ္စတာ ရူးပတ် မားဒေါ့ အရင်ကတည်းက ရှယ်ယာပိုတိုးဝယ်ဖို့ လုပ်နေတဲ့ ဗြိတိန်က အချမ်းသာဆုံး BSkyB ရုပ်သံမီဒီယာကုမ္ပဏီကိစ္စကိုလည်း ပြန်စဉ်းစားသင့်တယ်လို့ ဗြိတိသျှ ဒုတိယဝန်ကြီးချုပ် မစ္စတာ နစ်ကလက်က ပြောပါတယ်။

မစ္စတာ မားဒေါ့ရဲ့ သတင်းထောက်တွေ သေဆုံးသူ မိန်းကလေးတစ်ဦးရဲ့ ဖုန်းလိုင်း နဲ့ သေဆုံးခဲ့တဲ့ ဗြိတိသျှစစ်သားတွေရဲ့ ကျန်ရစ်သူမိသားစုဝင်တွေရဲ့ ဖုန်းလိုင်းတွေကို ကြားဖြတ်ခိုးယူခဲ့တာကြောင့် ဗြိတိသျှလူထုက စိတ်ပျက်ရွံရှာခဲ့ကြတယ်လို့ မစ္စတာ ကလက်က ပြောပါတယ်။

မစ္စတာ နစ်ကလက်ပြောတာကတော့ လန်ဒန်ကို ရောက်နေတဲ့ မစ္စတာ မားဒေါ့ အနေနဲ့ ဂုဏ်သိက္ခာရှိတဲ့ အလုပ်တွေကိုပဲ လုပ်ဖို့နဲ့ BSkyB ကိစ္စကို ပြန်စဉ်းစားပါလို့ ပြောခဲ့ပါတယ်။