သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ Reith Lectures 3

  • 9 ဩဂုတ် 2011

ကဗျာဟာ လူသားတွေကို အညီအညွတ် ဖြစ်အောင် ဖန်တီးနိုင်တဲ့ စွမ်းပကားကြီး တခု ဖြစ်ပါတယ်။ သူ့မှာ ဒေသ နယ်နမိတ် သော်လည်းကောင်း၊ ကာလ နယ်နမိတ် သော်လည်းကောင်း မရှိပါဘူး။

ထောင်ဝတ်စုံ အပြာရောင် ရှပ်အင်္ကျီကို ဝတ်လေ့ရှိတဲ့ ဦးဝင်းတင်ဟာ သူရင်ဆိုင်ခဲ့ရတဲ့ အစစ်အဆေး အမေးအမြန်း ဒဏ်တွေကို ခံနိုင်ရည် ရှိဖို့ အတွက် Henley ရဲ့ ( Invictus ) ကဗျာကို အားကိုးခဲ့ပါတယ်။

ဒီကဗျာဟာ လွတ်လပ်ရေး တိုက်ပွဲ ကာလအတွင်းထဲ တုန်းက ကျွန်မရဲ့ ဖခင်နဲ့ သူတို့ခေတ် ခေါင်းဆောင် တွေကို စိတ်ဓါတ်အင်အား ဖြည့်တင်းပေးခဲ့ ပါတယ်။ အလားတူစွာဘဲ ဒီကဗျာဟာ တခြားခေတ်တွေမှာ တခြားနိုင်ငံတွေမှာ လွတ်လပ်ရေး တိုက်ပွဲ ဝင်သူ တွေကိုလည်း စိတ်ဓါတ်အင်အား ဖြည့်တင်းပေးခဲ့တဲ့ လက္ခဏာ ရှိပါတယ်။

‘တိုက်ပွဲ ဝင်ခြင်းနဲ့ ပင်ပန်း ဆင်းရဲခြင်း ၊ သွေးသံရဲရဲ ကျလျက်နဲ့ ဦးခေါင်းမညွတ်ခြင်း၊ အသက်ပင်လျှင် သေဆုံးရခြင်း၊ ဒါတွေ အားလုံးဟာ လွတ်လပ်မှု အတွက် ဖြစ်ပါတယ်’

စိတ်ဓါတ် ပြင်းပြင်းထန်ထန်နဲ့ ကျွန်မတို့ လိုချင်တဲ့ ဒီလွတ်လပ်မှု ဆိုတာ ဘာပါလဲ။ ကျွန်မတို့ အထဲမှာ စိတ်ဓါတ် ပြင်းထန်မှု အရှိဆုံးလို့ ခေါ်ရမယ့် အစိုးရ ဝါဒ ဝေဖန်သူတွေဟာ လွတ်လပ်မှုနဲ့ ပတ်သက်ပြီး ပညာရှင်တွေ ပြောတဲ့ သဘောတရား တွေကို အလွန်အကျွံကြီး စိတ်ဝင်စားနေတာ မဟုတ်ပါဘူး။

လွတ်လပ်မှု ဆိုတဲ့ စကားလုံးကို ဘယ်လို နားလည်ပါသလဲလို့ သူတို့ကို ရှင်းပြခိုင်းမယ် ဆိုခဲ့လို့ ရှိရင် နိုင်ငံရေး အကျဉ်းသားတွေ ရှိတော့မှာ မဟုတ်တာတို့ ၊ သို့မဟုတ် ၊ လွတ်လပ်စွာ ပြောဆိုခွင့် ၊ သတင်း လွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ စည်းရုံးခွင့် ရှိလာမှာတို့ ၊ သို့မဟုတ် ၊ ကျွန်မတို့ဟာ ကျွန်မတို့ လိုချင်တဲ့ အစိုးရမျိုးကို ရွေးချယ်နိုင်တယ်တို့ ၊ သို့မဟုတ် ၊ ရိုးရိုး ကလေးဘဲ သိမ်းကျုံးပြီးတော့ ကျွန်မတို့ဟာ ကျွန်မတို့ လုပ်ချင်တာကို လုပ်နိုင်မယ်တို့ စသဖြင့် အဲဒီလို သူတို့ရဲ့ ရင်ထဲမှာ အရှိဆုံး စိတ်ဝင်စားမှုတွေကို သူတို့ တသီကြီး ထုတ်ပြောဖွယ်ရာ အများဆုံး ရှိပါတယ်။

ဒီလို အပြောအဆိုဟာ အတွေးအမြင် ရိုးစင်းလွန်တဲ့ လေသံ ပေါက်နိုင်ပါတယ်။ ဆိုးကျိုး ဖြစ်မလား မပြောတတ်အောင် ရိုးစင်းလွန်းတဲ့ လေသံ ပေါက်နိုင်ပါတယ်။

ဒါပေမယ့် ဒီလို အပြောအဆိုတွေမှာ တွေ့မြင်ရတဲ့ အချက်က လွတ်လပ်မှုဆိုတာ ဒဿနိက ဗေဒ အမြင်နဲ့ အငြင်းအခုန် ပြုပြီး ဖော်ထုတ်ရတဲ့ အယူအဆ တစ်ခုမျှသာမဟုတ် လက်တွေ့ အလုပ်လုပ်ကိုင်ပြီး ရအောင် ယူရတဲ့ လက်ဆုပ်လက်ကိုင် မြင်နိုင်တဲ့ အရာ ဖြစ်တယ် ဆိုတဲ့ နားလည်ပုံ နားလည်နည်း ဖြစ်ပါတယ်။

ကျွန်မ နေအိမ် အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံရတဲ့ အချိန်ကာလ အသီးသီးရဲ့ အဆုံးမှာ အကျယ်ချုပ်က လွတ်လာတဲ့ အတွက် ဘယ်လို ခံစားရပါသလဲလို့ ကျွန်မကို မေးကြတဲ့ အခါတိုင်း ဘယ်လိုမှ ထူးထူးခြားခြား မခံစားမိပါဘူး ၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မရဲ့ စိတ်ဟာ အစဉ်အမြဲ လွတ်လပ်နေခဲ့လို့ ဖြစ်ပါတယ်လို့ ကျွန်မ ဖြေလေ့ ရှိပါတယ်။

ကိုယ့်ရဲ့ အမှားအမှန် ဆင်ခြင်ဉာဏ်နဲ့ ညီညွတ်တဲ့ လမ်းကြောင်းကို လျှောက်ခြင်း အားဖြင့် ရရှိတဲ့ အတွင်း စိတ်ဓါတ် လွတ်လပ်မှု အကြောင်းကို ကျွန်မ မကြာခဏ ပြောခဲ့ပါတယ်။

Isaiah Berlin ကတော့ လွတ်လပ်မှုကို အတွင်းစိတ်ဓလေ့ ဖြစ်စေခြင်း အားဖြင့် ပေါ်ပေါက်နိုင်တဲ့ ဆိုးကျိုးတွေကို သတိပေးခဲ့ပါတယ်။ သူက ဒီလို ဆိုပါတယ်။

‘ စိတ်ဓါတ်အားဖြင့် လွတ်လပ်မှုကို ရှုမြင်ရာ၌ အလားတူစွာပင် ကိုယ်ကျင့်သီလ အားဖြင့် အောင်နိုင်မှုကို ရှုမြင်ရာ၌ လွတ်လပ်မှု အပေါ်တွင် ပိုမို၍ အခြေခံကျသော နားလည်ပုံ ၊ နားလည်နည်း ၊ အောင်နိုင်မှု အပေါ်တွင် ပိုမို၍ သာမန် အမြင်ရှိသော နားလည်ပုံ နားလည်နည်း တို့နဲ့ ခွဲခြား၍ ရှုမြင်ရပေမည်။ သို့မဟုတ်ပါက လွတ်လပ်ခွင့် တည်း ဟူသော အမည်ကို သုံးစွဲလျက် သဘောတရား အားဖြင့် အမြင် ရှုတ်ထွေးမှု အန္တရာယ်ကို လည်းကောင်း ၊ လက်တွေ့ အားဖြင့် ဖိနှိပ်မှု တရားသည် ဟူသော အဆုံးအဖြတ် အန္တရာယ် ကိုလည်းကောင်း ကြုံတွေ့ရပေလိမ့်မည်’ တဲ့။

တခြား လွတ်လပ်မှု အားလုံးရဲ့ နေရာမှာ စိတ်ဓါတ် အားဖြင့် လွတ်လပ်မှုကို အစားထိုးမယ် ဆိုရင် ကျေနပ်ဖွယ်ရာ ရှိပါတယ်လို့ လက်ခံခြင်းဟာ ဘာမှ မလုပ်မကိုင်ဘဲ နေခြင်းနဲ့ အရှုံးပေး အညံ့ခံခြင်း စခန်းကို ဆိုက်အောင် ပို့နိုင်တဲ့ အန္တရာယ် ရှိတာ အမှန် ဖြစ်ပါတယ်။

ဒါပေမယ့် အတွင်းစိတ်ဓါတ် အားဖြင့် လွတ်လပ်မှုကို နားလည်ပုံ နားလည်နည်းဟာ လူ့အခွင့်အရေးနဲ့ တရား ဥပဒေ စိုးမိုးရေး ဆိုတဲ့ အားထုတ်မှုကို အင်အား ဖြည့်တင်း ပေးနိုင်ပါတယ်။

ဗုဒ္ဓ အယူဝါဒက အဆုံးစွန် လွတ်မြောက်ခြင်းဟာ လိုချင်မှု မှန်သမျှက လွတ်မြောက်ခြင်း ဖြစ်တယ်လို့ ဆုံးမပါတယ်။ အဲဒီတော့ ဗုဒ္ဓရဲ့ အဆုံးအမဟာ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု ရှိစေမယ့် လွတ်လပ်မှုကို လိုချင်ခြင်း အခြေခံတဲ့ လူထု လှုပ်ရှားမှုတွေနဲ့ သဟဇာတ မဖြစ်ဖူးလို့ စောဒက တက်တာ ရှိနိုင်ပါတယ်။

ဒါပေမယ့် ( ၂ဝဝရ ) ခုနှစ်မှာ မြန်မာ နိုင်ငံက ဗုဒ္ဓဘာသာ ရဟန်း သံဃာတော်များဟာ မေတ္တာပို့ ချီတက်ပွဲ ဆင်နွဲ ကြစဉ်တုန်းက သူတို့ဟာ စားကုန်သောက်ကုန် စျေးနှုန်းတွေ အကြီးအကျယ် မြင့်တက် ကုန်အောင် ဖန်တီးခဲ့တဲ့ လောင်စာစျေးနှုန်း ရုတ်တရက် တအားကြီး မြှင့်တင်မှုကို ကန့်ကွက် ဆန္ဒပြခဲ့ ကြတာ ဖြစ်ပါတယ်။

သူတို့ဟာ လူထုကြီးမှာ လက်လှမ်းမှီတဲ့ စားကုန် သောက်ကုန် ပြည့်စုံခြင်း ဆိုတဲ့ အခြေခံ အခွင့်အရေး ရရှိဖို့ အတွက် ဘာသာရေး သြဇာ အရှိန်အဝါကို သုံးစွဲပြီး အရေးဆိုခဲ့ ကြတာ ဖြစ်ပါတယ်။

စိတ်ဓါတ် အားဖြင့် လွတ်လပ်မှုကို အယုံအကြည် ရှိတာနဲ့ဘဲ ၊ လူသတ္တဝါတွေဟာ လူသတ္တဝါနဲ့ တူအောင် နေနိုင် ထိုင်နိုင်ဖို့ ရာမှာ မရှိမဖြစ်ဖူးလို့ အများတကာ ရှုမြင်ကြတဲ့ အခြေခံ အခွင့်အရေးနဲ့ လွတ်လပ်မှုတွေ အတွက် လက်တွေ့ လိုအပ်ချက်ကို ဂရုမစိုက်ပဲ နေလိုက်ရမယ် မဟုတ်ပါဘူး။

ကျွန်မ အင်မတန် တန်ဖိုးထားတဲ့ အခြေခံ လူ့အခွင့်အရေး တစ်ခုကတော့ ကြောက်ရွံ့စိတ်က လွတ်လပ်ရေး ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လှုပ်ရှားမှုကို စတင်လျှင် စတင်ချင်း အချိန်က စလို့ ကျွန်မတို့ရဲ့ လူ့ဘောင် အဖွဲ့အစည်း တစ်ခုလုံးမှာ ပြန့်ပွားနေတဲ့ အားယုတ်စေလှတဲ့ ကြောက်ရွံ့စိတ်ကို ကျွန်မတို့ ရင်ဆိုင်ခဲ့ ကြရပါတယ်။

မြန်မာနိုင်ငံကို အလည်အပတ် ရောက်လာသူတွေက မြန်မာတွေဟာ ဖော်ရွေတယ် ၊ ဧည့်ဝတ်ကျေတယ်ရယ်လို့ ၊ ချက်ခြင်း ပြောတတ်ကြပါတယ်။ သူတို့ ပြောတတ် ကြသေးတဲ့ ဝမ်းနည်းဖွယ်ရာ စကားတစ်ခွန်းက မြန်မာတွေဟာ များသောအားဖြင့် နိုင်ငံရေး ပြဿနာ တွေကို ဆွေးနွေးဖို့ ကြောက်တတ်ကြတယ် ဆိုတဲ့ စကားပါဘဲ။

ကျွန်မတို့ဟာ လွတ်လပ်မှုအတွက် တိုက်ပွဲ ဝင်ကြပြီ ဆိုတဲ့ အခါမှာ ကြောက်ရွံ့စိတ်ဟာ လွတ်အောင် ရှောင်ရမယ့် ပထမ ဦးဆုံး ရန်သူ ဖြစ်ပါတယ်။ နောက်ပြီး မကြာခဏ ဖြစ်တက်တာက ဒီရန်သူဟာ ခရီးလမ်းဆုံးကို ရောက်တဲ့ အထိ ရှိနေတတ်တဲ့ ရန်သူ ဖြစ်ပါတယ်။

ဒါပေမယ့် ကြောက်ရွံ့စိတ်က လွတ်လပ်ခြင်းဟာ ရာနှုန်းပြည့် ဖြစ်ရမယ် မဟုတ်ပါဘူး။ တိုက်ပွဲကို ဆက်လက်ပြီး ဆင်နွှဲနိုင်ဖို့ရာ အလုံအလောက် ဖြစ်ဖို့သာ လိုပါတယ်။ နောက်ပြီး ကြောက်ရွံ့စိတ် ရှိတဲ့ အထဲက တိုက်ပွဲကို ဆက်လက် ဆင်နွှဲဖို့ ဆိုတာ ရဲစွမ်းသတ္တိ ကြီးကြီးမားမား လိုပါတယ်။

‘မဟုတ်ပါ။ ကျွန်မ မကြောက်ပါ။ ဤထောင်တွင်း အကျဉ်းကျညများတွင် တစ်နှစ် အသက်ရှင်ပြီးနောက် သူ့ကို အမည်တပ်ခြင်းက ပင်လျှင် ထွက်ပြေးခြင်း ဖြစ်သည့် ဝမ်းနည်း ကြေကွဲခြင်း လောကထဲသို့ ကျွန်မ ထွက်ပြေးပါမည်။ မမှန်ပါ။ ကျွန်မ ကြောက်ပါသည်။ သို့ပေမယ့် ရှင်တို့ သတိမပြုမိ သကဲ့သို့ အသွင်ပေါက် စေလိုက်ပါ။’ တဲ့။

Ratushinskaya ရဲ့ အဲဒီ စာကြောင်းတွေမှာ ဖော်ထုတ်တဲ့ ရဲရင့်ခြင်းဟာ အစိုးရ ဝေဖန်သူတွေ အဖို့ နေ့စဉ် အတွေ့အကြုံ ဖြစ်ပါတယ်။ သူတို့ဟာ သူတို့ရဲ့ တာဝန် တွေကို ဆောင်ရွက် နေတဲ့ အခါမှာ မကြောက်တဲ့ဟန်ကို ဆောင်ပါတယ်။ သူတို့ရဲ့ ရဲဘော်ရဲဘက် တွေလဲဘဲ ဟန်ဆောင်နေကြတယ် ဆိုတာကို မမြင်တဲ့ဟန် ဆောင်ပါတယ်။

ဒါဟာ အတွင်းတမျိုး အပြင်တမျိုး အမူအရာ မဟုတ်ပါဘူး။

ဒါဟာ တနေ့ပြီး တနေ့ တချိန်ပြီး တချိန် အသိစိတ်ဓါတ် ရှိရှိနဲ့ ထပ်ကာ ထပ်ကာ မွေးမြူနေရတဲ့ သတ္တိစိတ် ဖြစ်ပါတယ်။

ဒါဟာ ရက်စက် ကြမ်းကြုတ်ခြင်းနဲ့ မတရား မမျှတခြင်းက ဖန်တီးလိုက်လို့ ဖြစ်ပေါ်လာတဲ့ ကြောက်ရွံ့စိတ် ကနေပြီး လွတ်လပ်ပိုင်ခွင့်ကို ကျွန်မတို့ ရတဲ့အချိန် ရောက်တဲ့အထိ လွတ်လပ်မှု တိုက်ပွဲကို ဆင်နွှဲရမယ့် ပုံစံ ဖြစ်ပါတယ်။

Akhmatova နဲ့ Ratushinskaya တို့ဟာ Russian လူမျိုးတွေပါ။ Henley က အင်္ဂလိပ် လူမျိုးပါ။ ဒါပေမယ့် ဖိနှိပ်မှု အောက်မှာ ရပ်တည်နိုင်ဖို့ တိုက်ပွဲဝင်ခြင်းနဲ့ ကိုယ့်ကြမ္မာရဲ့ အရှင်သခင် ကိုယ့်ဝိဉာဉ်ရဲ့ ဦးစီးပဲ့ကိုင် ကိုယ်တိုင်ဖြစ်ဖို့ စိတ်ဓါတ် ပြင်းထန်ခြင်း ဆိုတာ တွေကတော့ လူမျိုးအားလုံးမှာ တွေ့မြင်ရတဲ့ အခြင်းအရာ ဖြစ်ပါတယ်။

ဒုတိယပိုင်းကို ဒီမှာ Click နှိပ်ပြီး သွားရောက် နားဆင်နိုင်ပါတယ်။

ပထမပိုင်းကို ဒီမှာ Click နှိပ်ပြီး သွားရောက် နားဆင်နိုင်ပါတယ်။