သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ Reith Lectures 4

  • 16 ဩဂုတ် 2011

ဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီ Radio 4 ရဲ့ ၂၀၁၁ ခုနှစ် Reith Lectures အစီအစဉ်မှာဟောပြောချက် နှစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အင်္ဂလိပ်လို ဟောပြောချက်တွေကို မြန်မာပိုင်း အစီအစဉ်က ဘာသာပြန်ဆိုပြီး အပိုင်းလိုက် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

--

ကမ္ဘာတဝှမ်း လူသားတွေရဲ့ လွတ်လပ်ချင်တဲ့ လိုအင်ဆန္ဒကို အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပေါ်တဲ့ စိတ်လှုပ်ရှားဖွယ်ရာ အခြေအနေ တွေက ကျွန်မတို့ကို ပြလိုက်ပါပြီ။

မြန်မာ ပြည်သူတွေပါ တခြား တိုင်းပြည်တွေက ပြည်သူတွေလိုဘဲ ဒီအခြေအနေ အဖြစ်အပျက် တွေကြောင့် စိတ်လှုပ်ရှားကြပါတယ်။

ကျွန်မတို့ရဲ့ စိတ်ဝင်စားမှုက အထူးသဖြင့် ထက်သန်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ (Tunisia) နိုင်ငံမှာ ဖြစ်ခဲ့တဲ့ ၂ဝ၁ဝ ဒီဇင်ဘာ တော်လှန်ရေးနဲ့ ကျွန်မတို့ရဲ့ ၁၉ဂဂ အုံကြွမှု ဒီနှစ်ခုမှာ မှတ်သားလောက်စရာ တူညီချက်တွေ ရှိနေလို့ ဖြစ်ပါတယ်။ နှစ်ခုစလုံးဟာ ဖြစ်တဲ့ အချိန်မှာ အသေးအဖွဲ အရေးမကြီးလို့ ထင်ရတဲ့ အဖြစ်အပျက်တွေက စခဲ့ပါတယ်။

(Tunisia) နိုင်ငံက မြို့တမြို့မှာ သစ်သီး ရောင်းတဲ့ စျေးသည် တစ်ယောက်ဟာ အခြေခံ လူ့အခွင့်အရေး တွေရဲ့ အရေးကြီးပုံကို မေ့နိုင်လောက် စရာ မရှိအောင် ပြသခဲ့တာ ကမ္ဘာ တဝှမ်းက မသိခဲ့ ပါဘူး။ သာမန် ယောက်ျား တစ်ယောက်ကလဲဘဲ သူ့ရဲ့ လူ့ဂုဏ် သိက္ခာ ပိုင်ဆိုင်ခွင့်ဟာ သူ့အဖို့ အသက်ထက်ပင်လျှင် ပိုပြီး တန်ဘိုး ရှိကြောင်းကို တလောကလုံး သိအောင် ပြသခဲ့ပါတယ်။

ဒီကိစ္စဟာ တော်လှန်ရေးကြီး တခုလုံး ဖြစ်ပေါ်လာစေတဲ့ အကြောင်းရင်း ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရန်ကုန်မြို့က လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ တက္ကသိုလ် ကျောင်းသားတွေနဲ့ ရပ်ကွက်ထဲက လူတွေ ရန်ပွဲ ဖြစ်တဲ့ ကိစ္စမှာ ကျောင်းသားတွေရဲ့ အမြင်အားဖြင့် မတရား ဘူးလို့ ယူဆတဲ့ နည်းလမ်းတွေကို သုံးပြီး ရဲအဖွဲ့က ပြဿနာကို ကိုင်တွယ်ခဲ့ပါတယ်။

ဒါကို အကြောင်းပြုပြီး ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ရာမှာ ( ဖုန်းမော် ) အမည်ရှိတဲ့ ကျောင်းသား တစ်ယောက် သေဆုံးရတဲ့ အဖြစ်ထိအောင် ရောက်သွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ အာဏာရှင် စနစ်ကို ကန့်ကွက်တဲ့ ပြည်လုံးကျွတ် ဆန္ဒပြပွဲ တွေကို ပေါ်ပေါက်စေခဲ့တဲ့ အကြောင်းရင်း ဖြစ်ပါတယ်။

တခါတုန်းက မိတ်ဆွေ တစ်ယောက် ပြောဖူးတာ ရှိပါတယ်။ ကုလားအုတ်ရဲ့ ကျောရိုးကို ကျိုးစေခဲ့တဲ့ ကောက်ရိုးဟာ သည်းမခံနိုင်လောက်အောင် လေးလံလာခဲ့တယ် ဆိုတာ ၊ ကုလားအုတ်ကြီးက မှန်ထဲမှာ သူ့ကိုသူ မြင်သွားလို့ ဖြစ်မယ်လို့ သူထင်တဲ့ အကြောင်း ပြောပါတယ်။ သယ်ပိုးနေရတဲ့ ဝန်ထုပ်ဝန်ပိုးကြီးဟာ လက်မခံ နိုင်လောက်အောင် ကြီးမား နေတယ် ဆိုတာကို ကုလားအုတ်ကြီး သိမြင်သွားလို့ ဖြစ်မယ်၊ သူခွေလဲ သွားတယ် ဆိုတာကလည်း အမှန်မှာ ဒါလောက် လေးလံလွန်းလှတဲ့ ဝန်ထုပ်ဝန်ပိုး ကြီးကို ဆက်လက် ပြီးတော့ သယ်ပို့နေဖို့ ငြင်းဆန် လိုက်တဲ့ သဘော ဖြစ်မယ်လို့ သူထင်တဲ့ အကြောင်း ပြောပါတယ်။

( Tunis ) မှာရော ၊ မြန်မာနိုင်ငံမှာရော လူထု ခံစား နေရတဲ့ မတရား မမျှတမှုနဲ့ ဖိနှိပ် ချုပ်ချယ်မှု ဝန်ထုပ်ဝန်ပိုး ကြီးတွေဟာ ခံနိုင်စွမ်း မရှိအောင် ဘယ်လောက် ကြီးမား နေတယ် ဆိုတာ ပြည်သူတွေ သိမြင်သွားအောင် ဘယ်လောက် ကြီးမားနေတယ် ဆိုတာ ပြည်သူတွေ သိမြင် သွားအောင် လူငယ်နှစ်ယောက်တို့ရဲ့ သေဆုံးမှုတွေက မှန်ထောင်ပြီး ပြသခဲ့ပါတယ်။

လူငယ်တွေဟာ လွတ်လပ်မှုကို အလွန်အမင်း လိုချင်ကြတယ် ဆိုတာ သဘာဝ တရား ဖြစ်ပါတယ်။ စုံလင်လာတဲ့ အတောင်သစ် တွေကို ဖြန့်ချင် ဆန့်ချင်တဲ့ ဆန္ဒဟာ သူ့အလိုလို ဖြစ်ပေါ်လာတာနဲ့ အမျှ ခွန်အားလဲဘဲ ကြီးမားပါတယ်။ ( Tunisia ) တော်လှန်ရေးမှာ လူငယ်တွေ ရှေ့တန်းက ထွက်ကြတယ် ဆိုတာ မြန်မာနိုင်ငံက ကျွန်မတို့ အဖို့ အံ့သြဖွယ်ရာ မဖြစ်ပါဘူး။ သူတို့ရဲ့ ဘဝ နေထိုင်မှု ပုံသဏ္ဍာန်ကို သူတို့ဖာသာ ဆုံးဖြတ်ခွင့် ပေးပါဆိုပြီး တောင်းဆိုခဲ့ကြသူတွေ အထဲမှာ ပရိသတ် ကြိုက်တဲ့ ( Rap ) အဆိုတော် တစ်ယောက် ထင်ထင်ရှားရှား ပါဝင်ခဲ့တယ် ဆိုတာကလဲ အံ့သြ ဖွယ်ရာ မဖြစ်ပါဘူး။

ဒီနေ့ မြန်မာနိုင်ငံမှာ (Rap) အဆိုတော် လူငယ်တွေဟာ (Generation Wave) ( မျိုးဆက်သစ် လူငယ် ) အဖွဲ့ရဲ့ အဓိက မဏ္ဍိုင် ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက် ထက်ထက်သန်သန် ဦးတည် ဆောင်ရွက်နေပြီး ပါတီသဏ္ဍာန် မဟုတ်တဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။ သူတို့ အထဲက တချို့ဟာ ရဟန်း သံဃာတော် တွေရဲ့ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်းမှာ ထောင်သွင်း အကျဉ်းချ ခံခဲ့ရပါတယ်။

သူတို့ အထဲက ၁၅ယောက်လောက်ဟာ ဒီကနေ့ ထောင်ထဲမှာ ရှိနေဆဲ ဖြစ်ပါတယ်။ မြန်မာ အာဏာပိုင်တွေဟာ အခု ဖြုတ်ချခံခဲ့ရတဲ့ (Tunisia) အစိုးရ လိုဘဲ စိတ်နေ စိတ်ထား ပြင်းပြတဲ့ ရိုးရာဓလေ့ မလိုက်နာဘဲ လူငယ်တွေကို မကြိုက်ပါဘူး။

ကျွန်မတို့ရဲ့ နိုင်ငံမှာ သူတို့ ချမှတ်ပေးချင်တဲ့ စံနစ်ပုံစံကို ဒီလူငယ်တွေက အန္တရာယ် ပေးမှာလို့ အာဏာပိုင် တွေက မြင်ပါတယ်။

လွတ်လပ်မှုကို ယုံကြည်သူတွေ အဖို့ကတော့ (Rap) အဆိုတော် လူငယ်တွေဟာ အယူသည်း အစွဲအလမ်းတို့၊ အာဏာပြပြီး ချမှတ်တဲ့ စည်းမျဉ်း စည်းကမ်းတို့ ၊ ဖိနှိပ်ချုပ်ချယ်မှုတို့ ၊ မတရား မမျှတမှုတို့ရဲ့ အနှောင်အဖွဲ့ ကင်းရှင်းတဲ့ အနာဂတ်ကို ပိုင်ဆိုင်သူတွေ ဖြစ်ပါတယ်။

(Tunisia) နဲ့ မြန်မာနိုင်ငံ တို့ရဲ့ တူညီချက်တွေဟာ လွတ်လပ်မှုကို တမ်းတကြတဲ့ ကမ္ဘာတဝှမ်း လုံးက ပြည်သူတွေကို အညီအညွတ် ဖြစ်စေတဲ့ တူညီချက်တွေ ဖြစ်ပါတယ်။

ပထမဆုံး မတူညီတဲ့ အချက်က (Tunisia) စစ်တပ်ဟာ သူတို့ရဲ့ ပြည်သူတွေကို သေနတ်နဲ့ မပစ်ခတ် မနှိမ်နင်းခဲ့ခြင်း ၊ မြန်မာ စစ်တပ်ကတော့ ပစ်ခတ် နှိမ်နင်းခဲ့ခြင်း ဆိုတဲ့ အချက် ဖြစ်ပါတယ်။

ဒုတိယလည်းဖြစ် ရေရှည်မှာ ပိုပြီး အရေးကြီး ဖွယ်ရာလည်း ရှိတဲ့အချက်က (Tunisia) တော်လှန်ရေးဟာ ဆက်သွယ်မှု တော်လှန်ရေးရဲ့ အကျိုးကျေးဇူးကို ခံစားခဲ့ရခြင်း ဖြစ်ပါတယ်။ ဒီအချက်ကြောင့် သူတို့ဟာ သူတို့ရဲ့ ဖွဲ့စည်း လှုပ်ရှားမှုတွေကို ပိုပြီး ခရီးရောက်အောင် စည်းရုံး ဆောင်ရွက်တာတို့ ညှိနှိုင်း ဆောင်ရွက်တာတို့ကို လုပ်နိုင်ခဲ့ရုံမျှ မကသေးဘဲနဲ့ ကမ္ဘာ တဝှမ်းလုံးရဲ့ အာရုံကလည်း ဘယ်လိုမှ မလွင့်ဘဲ သူတို့ရဲ့ အပေါ်မှာ စူးစိုက် နေခဲ့ပါတယ်။

သေဆုံးမှု တစ်ခု ဖြစ်တိုင်း သာလျှင် မဟုတ်ပါဘူး။ ဒဏ်ရာ ရမှု တစ်ခု ဖြစ်တိုင်း ပင်လျှင် အဖြစ်အပျက်ကို မိနစ်ပိုင်း အတွင်း ကမ္ဘာသိအောင် ဆောင်ရွက် နိုင်ပါတယ်။

( Libya )နိုင်ငံမှာရော ( Syria )နိုင်ငံမှာရော အခုဆိုလို့ ရှိရင် ( Yemen ) နိုင်ငံမှာရော တော်လှန်ရေး သမားတွေဟာ အာဏာ ရှိသူတွေရဲ့ ရက်စက်တဲ့ အပြုအမူတွေကို ကမ္ဘာသိအောင် အသိပေး နေပါတယ်။

( Syria ) နိုင်ငံမှာ အသက် ၁၃နှစ် ယောက်ျားကလေးတစ်ယောက် သေသွားတဲ့ အထိ ညှင်းပမ်း နှိပ်စက် ခံရတဲ့ ပုံကို မြင်ရသူတွေမှာ ဒေါသ အမျက်ခြောင်းခြောင်း ထွက်ကုန်ကြတဲ့ အတွက် ကမ္ဘာ့ ခေါင်းဆောင်ကြီးတွေ ကိုယ်တိုင် ပြစ်တင် ရှုတ်ချတဲ့ စကားကို ပြောခဲ့ကြရပါတယ်။

ဆက်သွယ်ရေး စံနစ်ဟာ လူချင်း အဆက်အသွယ်ကို ဖြစ်စေပါတယ်။ အရှေ့အလယ်ပိုင်း ဒေသက တော်လှန်ရေး တွေနဲ့ ဆက်စပ်ပြီး ပြောရမယ် ဆိုရင် အဲဒီ အဆက်အသွယ်ဟာ လွတ်လပ်မှု အတွက် အဆက်အသွယ် ဖြစ်ခဲ့ပါတယ်။

(Tunisia) နဲ့ ( Egypt ) နိုင်ငံတွေက ပြည်သူတွေကို ကျွန်မတို့ အားကျ ပါသလားလို့ မေးရင် ဟုတ်ကဲ့ သူတို့ဆီမှာ လျှင်လျှင်မြန်မြန် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အပြောင်းအလဲ တွေ ဖြစ်ကုန်တာကို ကျွန်မတို့ အားကျပါတယ်။

ဒါပေမယ့် အားကျစိတ်ထက် ပိုတာက စည်းလုံးတဲ့ စိတ်လည်း ဖြစ်ပါတယ်။ ကျွန်မတို့ ဆောင်ရွက်နေတဲ့ နိုင်ငံ အရေးအတွက် အားသစ်လောင်းပြီး သစ္စာပြုတဲ့ စိတ်လည်း ဖြစ်ပါတယ်။ ဒီအရေးဟာ လူသားရဲ့ ဂုဏ်သိက္ခာနဲ့ လွတ်လပ်မှုကို တန်ဘိုးထားကြတဲ့ အမျိုးသမီး အမျိုးသား အားလုံး တို့ရဲ့ အရေး ဖြစ်ပါတယ်။

ကျွန်မတို့ဟာ လွတ်လပ်မှုကို ရှာဖွေတဲ့ အခါမှာ လွတ်လပ်တဲ့ စိတ်ကို မွေးမြူ တတ်လာ ပါတယ်။

ကျွန်မတို့ဟာ လွတ်လပ်မှုကို ယုံကြည်ပြီး ယုံကြည်တဲ့ အတိုင်း ပြုမှု နေထိုင် ရပါတယ်။ ဒါဟာ Vaclav Havel ရဲ့ ( Living in Truth ) ( အမှန်တရားနှင့် အညီ နေထိုင်ခြင်း ) လမ်းစဉ် ဖြစ်ပါတယ်။

လွတ်လပ်မှု မရှိတဲ့ နိုင်ငံ တနိုင်ငံမှာ လွတ်လပ်မှု ရှိတဲ့ ပြည်သူတွေကဲ့သို့ နေထိုင် ်ကြည့်ခြင်း အားဖြင့် ကြုံတွေ့ ရနိုင်တဲ့ အန္တရာယ်တွေ ရှိသော်လည်းဘဲ ကျွန်မတို့ဟာ မိမိသဘော မိမိဆန္ဒ အတိုင်း မိမိ တို့ရဲ့ တာဝန်တွေကို ထမ်းဆောင် ကြပါတယ်။

ကျွန်မတို့ဟာ မှန်ကန်တယ်လို့ ကျွန်မတို့ ယူဆတဲ့ အရာကို လုပ်ကိုင်ဖို့ ရွေးချယ်ခြင်း အားဖြင့် ကျွန်မတို့ရဲ့ လွတ်လပ်စွာ ရွေးချယ် ပိုင်ခွင့်ကို သုံးစွဲပါတယ်။ အဲဒီလို ရွေးချယ်မှုကြောင့် တခြား လွတ်လပ်ခွင့် တွေကို ကန့်သတ် ချုပ်ချယ်ခြင်း ခံရတဲ့ အထိ ရောက်သွားသည်တိုင်အောင်ပင်လျှင် ဒီရွေးချယ်ပိုင်ခွင့်ကို သုံးစွဲတာပါ။

ဘာကြောင့်လဲ ဆိုတော့ လွတ်လပ်မှုဟာ နောက်ထပ် လွတ်လပ်မှုတွေကို ဖြစ်ပေါ် စေတယ်လို့ ကျွန်မတို့ ယုံကြည်လို့ ဖြစ်ပါတယ်။

( NLD ) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်မှာ အခကြေးငွေ မရဘဲ လာရောက်ပြီး အလုပ်လုပ်ကိုင် ပေးကြတဲ့ အဖွားအို အမယ်အို တွေနဲ့ လူငယ်လူရွယ် တွေဟာ လွတ်လပ်မှု ဆီကို သွားရာ လမ်းကြမ်းကြီးကို ရွေးချယ်ခွင့် ဆိုတဲ့ သူတို့ရဲ့ အခွင့်အရေးကို သုံးစွဲ နေကြတာပါ။

အခု မိတ်ဆွေတို့ကို ကျွန်မ စကားပြောနေတဲ့ အခါမှာ ကျွန်မဟာ လွတ်လပ်စွာ ဆက်သွယ်ခွင့် ဆိုတဲ့ ကျွန်မရဲ့ အခွင့်အရေးကို သုံးစွဲ နေတာပါ။ နောက်ပြီး ဒီအခွင့်အရေးကို ကျွန်မ သုံးစွဲနေတယ် ဆိုတဲ့ အချက်ကိုက ပင်လျှင် ကျွန်မရဲ့ စိတ်မှာ အများကြီး ပိုပြီး လွတ်လပ်တဲ့ လူတစ်ယောက် အဖြစ်ကို ခံစား ရစေပါတယ်။

နိုင်ငံရေးဟာ လုပ်ကိုင်သူရဲ့ စိတ်နေစိတ်ထားနဲ့ သင့်လျှော် လျှောက်ပတ်လို့ လုပ်ကိုင် ရတဲ့ အလုပ်မျိုး ဖြစ်တယ် ဆိုတဲ့ Max Weber ရဲ့ အယူအဆအတိုင်း ပြောရမယ် ဆိုရင် အစိုးရ ဝါဒ သဘော မတူတဲ့ လုပ်ငန်းဟာ အဲဒီ အလုပ်မျိုး ဖြစ်ပါတယ်။

ကျွန်မတို့ဟာ လွတ်လပ်ခွင့် အကျိုးကို မျှော်ကိုးပြီးတော့ အစိုးရဝါဒ သဘောမတူတဲ့ အလုပ်ကို လုပ်ကိုင် ကြပါတယ်။

ကျွန်မတို့ဟာ တချို့သူတွေ အဖို့ မဖြစ်နိုင်ဘူး ဆိုတဲ့ အသွင် ပေါက်နိုင်တဲ့ ရည်မှန်းချက်ကို ရောက်ဖို့အတွက် အရေးကြီးနဲ့ အရေးမကြီးတာ ခွဲခြား ဉာဏ် ရှိရှိနဲ့ရော ထပ်ခါ တလဲလဲ ကြိုးစား အားထုတ်ဖို့ အသင့်ရှိပါတယ်။

ကျွန်မတို့ဟာ ကျွန်မတို့ လိုချင်တဲ့ လွတ်လပ်မှု ရည်မှန်းချက်ကို လက်တွေ့ အကောင်အထည်ဖြစ် လာအောင် ဆောင်ရွက်ဖို့ အတွက် ရင်ဆိုင်ရမယ့် အခြေအနေတွေကို မြင်နေလျက်နဲ့ ခက်ခက်ခဲခဲ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

ကျွန်မ ဒီဟောပြောချက်ကို Kipling ရဲ့ ကဗျာထဲက ကျွန်မ အကြိုက်ဆုံး စာကြောင်း ကလေးတွေနဲ့ နိဂုံးချုပ်ပါရစေ။ ဒီစာကြောင်း ကလေးတွေကို ကျွန်မအတွက် ရှာဖွေ ပေးတဲ့ Tim Garton-Ash ကိုလည်း ကျေးဇူး အများကြီး တင်ပါတယ်။

ဧကရာဇ် တပါး အခန်းနေရာ

ငါပေးအပ်မည် မဟုတ်ပါ။

ဘုရင်တပါး ကြွမြန်း အလာ

ငါ့လမ်းငါ သိမ်း ပိုက်ထားမှာ။

သရဖူ သုံးဆင့် အရှင်ကြီး

ငါဦးညွတ်မည် မဟုတ်သတည်း။

သို့ရာတွင် ယခု ဤအရာ

ခြားနားလှပေတာ

အာဘော်လေသံ စွမ်းပကား

သူနှင့်ငါ ရန်မပွား။

အစောင့်အကြပ် တံခါးမှူး

သူ့ကိုဝင်ခွင့် ပေးပါအထူး။

တံတားအရှင် မြှောက်၍ထား

အောက်သို့ချပေး လိုက်ပါလား။

သူကား ငါတို့ အားလုံး၏ သခင်

အိပ်မက်မှန် မက်ခဲ့သည့် အိမ်မက်ရှင်။

တတိယပိုင်းကို ဒီမှာ Click နှိပ်ပြီး သွားရောက် နားဆင်နိုင်ပါတယ်။

ဒုတိယပိုင်းကို ဒီမှာ Click နှိပ်ပြီး သွားရောက် နားဆင်နိုင်ပါတယ်။

ပထမပိုင်းကို ဒီမှာ Click နှိပ်ပြီး သွားရောက် နားဆင်နိုင်ပါတယ်။