သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ Reith Lectures 5

  • 21 ဩဂုတ် 2011

ဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီ Radio 4 ရဲ့ ၂၀၁၁ ခုနှစ် Reith Lectures အစီအစဉ်မှာဟောပြောချက် နှစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အင်္ဂလိပ်လို ဟောပြောချက်တွေကို မြန်မာပိုင်း အစီအစဉ်က ဘာသာပြန်ဆိုပြီး အပိုင်းလိုက် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

--

Reith Lectures ဟောပြောချက်ကို ဟောပြောဖို့ စိတ်ထဲ အတော် လှုပ်လှုပ်ရှားရှားနဲ့ ကျွန်မ သဘောတူလိုက်တဲ့ အခါမှာ အခြေခံ ဆန္ဒက ရိုးရိုး ကလေးပါ။

ကျွန်မတို့ရဲ့ အခန်း ကဏ္ဍဟာ ဘာလဲ ဆိုတာကို ဖော်ထုတ်ချင်တဲ့ ဆန္ဒ ဖြစ်ပါတယ်။ ကျွန်မတို့ ဆိုရာမှာ ( NLD ) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုလည်း ကျွန်မ ဆိုလိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး အတွက် စည်းရုံး လှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ တခြား အစုအဖွဲ့တွေရဲ့ လူပုဂ္ဂိုလ်တွေကိုလည်း ကျွန်မ ဆိုလိုပါတယ်။

ကျွန်မတို့ဟာ ဒီမိုကရေစီရေး အတွက် ကြိုးပမ်း အားထုတ်မှုမှာ ပါဝင်နေတာ နှစ်ပေါင်း ၂ဝ ကျော်ခဲ့ပါပြီ။ အဲဒီတော့ ကျွန်မတို့ရဲ့ အခန်းကဏ္ဍဟာ ဘာလဲ ဆိုတာကို ကျွန်မတို့ သိသင့်တယ်လို့ မိတ်ဆွေတို့က ထင်နိုင်ပါတယ်။

ဟုတ်ပါတယ်။ ကျွန်မတို့ရဲ့ အခန်းကဏ္ဍဟာ ဘာလဲ ဆိုတာကို ကျွန်မတို့ သိပါတယ်။ ဒါပေမယ့် သိတန်သလောက် မျှသာ သိပါတယ်။ ကျွန်မတို့ဟာ လို တစ်ခုသော ပါတီ၊ သို့မဟုတ် ၊ တစ်ခုသော အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်လို့ ပြောရတာက အလွယ်ကလေးပါ။ ဒါပေမယ့် အဲဒါကို ကျော်လွန်ပြီး ကြည့်လိုက်တဲ့ အခါကျတော့ နည်းနည်းလေး မှုန်မှုန် ဝါးဝါး ဖြစ်လာတက်ပါတယ်။

ယမန်နှစ် နိုဝင်ဘာလ အတွင်းက တတိယ အကြိမ်မြောက် နေအိမ် အကျယ်ချုပ် ကာလက နေပြီး ကျွန်မ လွတ်မြောက် လာတဲ့ အချိန်မှာ ဒီအချက်ကို ကျွန်မ အသေအချာ သတိပြုမိ ခဲ့ပါတယ်။

ကျွန်မ ရှင်းပြရရင် ကောင်းမှာပါ။

အပြင်လောကနဲ့ အဆက်အသွယ် ဖြတ်တောက်ခံရပြီး၊ နေအိမ် အကျယ်ချုပ်နဲ့ ကျွန်မ နေထိုင်ခဲ့ရစဉ် အတွင်းမှာ အဖြစ်အပျက်တွေ အများကြီး ဖြစ်ပျက်ခဲ့ပါတယ်။

အရေးကြီးဆုံး အဖြစ်အပျက် နှစ်ခုကတော့ ( မဖြစ်သင့် မဖြစ်ထိုက်တဲ့ အဖြစ်အပျက်တွေ လို့တောင် ကျွန်မ ခေါ်ချင်စိတ် ဖြစ်မိပါတယ်။ )

မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ အဲဒီ အဖြစ်အပျက် နှစ်ခုက ၂ဝဝဂ ခုနှစ်မှာ လုပ်တဲ့ ဆန္ဒခံယူပွဲရယ် သူ့နောက်က လိုက်လာတဲ့ ယမန်နှစ်က နိုဝင်ဘာလ အထွေထွေ ရွေးကောက်ပွဲရယ် အဲဒီ နှစ်ခု ဖြစ်ပါတယ်။ ဆန္ဒခံယူပွဲဟာ အခြေခံ ဥပဒေသစ်ကို မဲဆန္ဒရှင် ၉ဝ ရာခိုင်နှုန်းကျော် ထောက်ခံကြောင်း ပြသနိုင်အောင် လုပ်ခဲ့တာပါ။ သို့မဟုတ် ယုတ်စွအဆုံး စစ်အစိုးရရဲ့ မျှော်လင့်ချက်က အဲဒီလို ပြသလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်ပါ။

အခြေခံ ဥပဒေ ကလည်း စစ်တပ်အနေနဲ့ တိုင်းပြည် အကျိုးအတွက် လိုအပ်တယ်လို့ ထင်မြင်ယူဆနဲ့အခါ ဘယ်အခါ မဆို အစိုးရ အာဏာ အားလုံးကို သိမ်းယူပိုင်ခွင့် ရှိစေမယ့် အခြေခံ ဥပဒေဖြစ်ပါတယ်။ နှစ်ပေါင်း ၂ဝ နီးပါးအတွင်း ပထမဆုံး အကြိမ် အထွေထွေ ရွေးကောက်ပွဲဟာ ဗိုလ်ချုပ်ကြီးတွေရဲ့ နည်းနည်း အဓိပ္ပါယ် မရှိတဲ့ အခေါ်အားဖြင့် ( စည်းကမ်းရှိသော ဒီမိုကရေစီသို့ လမ်းပြ မြေပုံ ) ဆိုတဲ့ အစီအစဉ် အတိုင်း နောက်က လိုက်လာဖို့ ဖြစ်ပါတယ်။

အခြေအနေ ရှုတ်ထွေးလာတာဟာ အဲဒီအချိန်မှာပါ။

ဒီရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့ အတွက် နိုင်ငံရေး ပါတီသစ်တွေဟာ ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင် ရပါတယ်။ ၁၉ဂဂ ခုနှစ်တုန်းက မှတ်ပုံတင်ပြီးသား ပါတီ အားလုံးလည်းဘဲ မှတ်ပုံတင်ရပါတယ်။

ပါတီတွေဟာ ရွေးကောက်ပွဲ မတိုင်ခင် ၂နှစ်က ရေးဆွဲခဲ့တဲ့ အခြေခံ ဥပဒေကို စောင့်ထိန်း ကာကွယ် ပါ့မယ် ဆိုတဲ့ ဝန်ခံ ကတိကိုလည်း ပြုကြရပါတယ်။ အကျဉ်းဒဏ် ခံနေရတဲ့ ပါတီဝင် မှန်သမျှကို ထုတ်ပယ်ပစ်ပါ့မယ် ဆိုတဲ့ ဝန်ခံ ကတိကိုလည်း ပြုကြ ရပါတယ်။ အကျဉ်းဒဏ် စီရင်ချက်ကို အယူခံ ဝင်နေသူတွေပါ အထုတ်ခံရမယ့် အထဲမှာ ပါဝင်ပါတယ်။

( NLD ) ဟာ မှတ်ပုံတင် ချင်ခဲ့လို့ ရှိရင် ကျွန်မကို ထုတ်ပယ်ပစ်ရမှာ ဖြစ်တဲ့အတွက် ကျွန်မလည်းဘဲ ပါဝင်နေပါတယ်။ မှတ်ပုံတင်တဲ့ လမ်းကြောင်း အစား ၊ ( NLD ) ရွေးချယ်တဲ့ လမ်းကြောင်းကတော့ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ တရားစီရင်ရေး စနစ် ကင်းမဲ့ပုံကို ကျွန်မတို့ အပြည့်အဝ သိရှိကြပါသော်လည်းဘဲ နိုင်ငံရေး ပါတီတစ်ခု အဖြစ်နဲ့ ဆက်လက်ပြီး ရပ်တည်ပိုင်ခွင့် အတွက် တရားရုံးမှာ လျှောက်ထားတဲ့ လမ်းကြောင်း ဖြစ်ပါတယ်။

အဲဒါကြောင့် ရွေးကောက်ပွဲ အပြီး ရက်ပိုင်းအတွင်း ယမန်နှစ်က နေအိမ် အကျယ်ချုပ် ကနေပြီး ကျွန်မ လွတ်လာတဲ့ အခါမှာ မေးခွန်းတွေ တသီကြီးကို ကျွန်မ ရင်ဆိုင်ခဲ့ရပါတယ်။

အမေးဆုံး မေးခွန်း နှစ်ခုမှာ ပထမ မေးခွန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ဥပဒေ အပြင်ဖက်က အဖွဲ့အစည်း ဖြစ်သွားသလား ၊ ဖြစ်မသွား ဘူးလား ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။

ဒုတိယ မေးခွန်းက ကျွန်မတို့ မပါဝင်တဲ့ တရားဝင် အတိုက်အခံရယ်လို့ ရှိလာပြီး ဖြစ်တဲ့အတွက် ကျွန်မတို့ ပါတီရဲ့ အခန်းကဏ္ဍကို ကျွန်မ ဘယ်လို မြင်ပါသလဲ ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ တရားဝင် အတိုက်အခံ နေရာကို အခု မြန်မာနိုင်ငံရဲ့ အမျိုးသား လွှတ်တော်မှာ ကိုယ်စားလှယ် နေရာ ၁၅ ရာခိုင်နှုန်းပင် မပြည့်အောင် ရထားတဲ့ ပါတီ အနည်းငယ်က ယူခဲ့ပါတယ်။

ပထမ မေးခွန်းက ဖြေဖို့ လွယ်ပါတယ်။ ကျွန်မတို့ဟာ ဥပဒေ အပြင်ဖက်က အဖွဲ့အစည်း တစ်ခု မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တရား ဥပဒေနဲ့ မညီတဲ့ အဖွဲ့အစည်းများ ဆိုင်ရာ ဥပဒေ ပြဌာန်းချက် တစ်ခုကိုမှ ကျွန်မတို့ မချိုးဖောက်ခဲ့လို့ ဖြစ်ပါတယ်။ ပါတီရဲ့ အခန်း ကဏ္ဍနဲ့ ပတ်သက်လို့ ဒုတိယ မေးခွန်းကတော့ ပိုခက်ပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ ရဲ့ ( NLD ) အနေအထားဟာ ၁၉၉ဝ ပြည်နှစ်မှာ လုပ်တဲ့ ရွေးကောက်ပွဲ အချိန်က စလို့ မကွဲမပြား ဖြစ်နေပါတယ်။ အဲဒီနှစ်က ကျွန်မတို့ဟာ လူထု ဆန္ဒမဲရဲ့ ငါးပုံ လေးပုံကျော်ကို ရခဲ့တဲ့ အတွက် အဲဒီတုန်းက တရားဝင် အမည်အားဖြင့် ( နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး အဖွဲ့ ) လို့ခေါ်တွင်တဲ့ ( မြန်မာ) စစ်အစိုးရကို အထိတ်တလန့် ဖြစ်သွားစေခဲ့ပါတယ်။ စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ နှစ်တွေမှာ Orwell ရဲ့ အသုံးအနှုန်း ဆန်တဲ့ ဝေါဟာရတွေ တပုံတခေါင်းကြီး ပေါ်ထွက်ခဲပါတယ်ရှင်။

ရွေးကောက်ပွဲမှာ မဲလိမ်တဲ့ ၊ သို့မဟုတ် ၊ မဲခိုးတဲ့ ၊ သို့မဟုတ် ၊ ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်ပြီး အငြင်းအခုန် ဖြစ်တဲ့ ၊ သို့မဟုတ် ၊ ရလဒ်ကို ငြင်းပယ်ခံရတဲ့ နိုင်ငံတွေ ဆိုတာ ရှိကြပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ရလဒ်ကို နိုင်ငံတော် ပြန်တမ်းမှာ တရားဝင် ထုတ်ပြန် ကျေညာ ပြီးတဲ့နောက် ဘာမှ မလုပ်ပဲ ထားခဲ့တာ ကတော့ မြန်မာ တနိုင်ငံထဲ ရှိတာ သေချာပါတယ်။

ရွေးကောက်ပွဲ ပြီးတာနဲ့ တပြိုင်နက် အနိုင်ရတဲ့ ပါတီကို အစိုးရ တာဝန် လွှဲအပ်မယ် စစ်တပ်က စစ်တန်းလျားကို အေးအေးဆေးဆေး ပြန်သွားမယ် ဆိုပြီး ရွေးကောက်ပွဲ မတိုင်ခင်မှာ စစ်အစိုးရ ခေါင်းဆောင်တွေက ကတိကဝတ် ပြုခဲ့ကြသော်လည်းဘဲ အနိုင်ရတဲ့ ပါတီ အတွက် သော်လည်းကောင်း ၊ ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေ အတွက် သော်လည်းကောင်း ၊ တကဲ့ လက်တွေ့ အခန်း ကဏ္ဍ တစ်ခုကို ဖန်တီးပေးဖို့ရာ ဘာမှ မလုပ်ခဲ့ပါဘူး။

၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲကနေပြီး ထွက်ပေါ်လာတဲ့ အထူးခြားဆုံး အခြေအနေ ကတော့ နည်းလမ်းတကျ ဖွဲ့စည်းထားတာဘဲ ဖြစ်စေ ၊ ဖွဲ့စည်း မထားတာဘဲ ဖြစ်စေ ၊ ပါတီ အားလုံးနဲ့ အဖွဲ့အစည်း အားလုံးကို အစီအစဉ် ချမှတ်ပြီး ဖိနှိပ်ခြင်း၊ နောက်ပြီး ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်ကို လိုချင်တဲ့ မြန်မာနိုင်ငံ ပြည်သူလူထုရဲ့ အလိုဆန္ဒကို ဖြည့်ဆည်း ပေးရမယ် ရယ်လို့ ဆက်လက်ပြီး တောင်းဆို နေကြတဲ့ လူပုဂ္ဂိုလ် တွေကိုလည်း အစီအစဉ် ချမှတ်ပြီး ဖိနှိပ်ခြင်း ဆိုတဲ့ အခြေအနေကြီး ဖြစ်ပါတယ်။

ကျွန်မတို့ဟာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါရဲ့ ။ ဒါပေမယ့် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ ဟာ ( NLD ) အတွက် အားအင် ချည့်နဲ့ ခဲ့ရတဲ့ နှစ်တွေရဲ့ အစ ဖြစ်ခဲ့ပါတယ်။

ပါတီဟာ အသက်ရှင် ရပ်တည်ပြီး နေနိုင်အောင် အခိုင်အမာ ဆုံးဖြတ်ချက်နဲ့ ကြိုးပမ်းခဲ့ပါတယ်။ အသက်ရှင် ရပ်တည် နေနိုင် ရုံမျှပါ။ တက်ကြွ လှုပ်ရှား နိုင်လောက်အောင် မဟုတ်ပါဘူး။ အမှတ်မထင် ကြည့်လိုက်သူတို့ အဖို့ရာမှာ ပါတီဟာ ဇီဝိန် ကြွေတော့မယ့် ပုံပေါက်စ ပြုနေပါပြီ။ အဲဒီအချိန် မတိုင်ခင် တစ်နှစ်ကဘဲ ပါတီ ဥက္ကဌကြီး ဦးတင်ဦး ရော ( Movement for Democracy ) ( ဒီမိုကရေစီ လှုပ်ရှားမှု ) မှာ အရေးကြီးတဲ့ တခြား အဖွဲ့ဝင်တွေရော ထောင်သွင်း အကျဉ်းချခံ ခဲ့ရပါတယ်။ ကျွန်မလည်းဘဲ နေအိမ် အကျယ်ချုပ်နဲ့ ထိန်းသိမ်း ခံထားရပါပြီ။

နောက်ခြောက်နှစ် အကြာမှာ ဦးတင်ဦးနဲ့ ကျွန်မတို့ လွတ်လာတဲ့ အချိန်ကို ရောက်တော့ ကျွန်မတို့ ပါတီရဲ့ အထက်မြက်ဆုံး လှုပ်ရှားသူ အမြောက်အမြားဟာ ထောင်ထဲမှာ ရှိနေဆဲ ဖြစ်တာကိုရော ၊ ပြည်ပကို ရှောင်တိမ်း ကုန်ကြပြီ ဖြစ်တာကိုရော ၊ သို့မဟုတ် ၊ ကွယ်လွန် ကုန်ကြပြီ ဖြစ်တာကိုရော ကျွန်မတို့ တွေ့ခဲ့ ကြရပါတယ်။

ကွယ်လွန်သူ တချို့ ဆိုလို့ ရှိရင် ထိန်းသိမ်း ခံနေရစဉ် အတွင်း ကွယ်လွန်ခဲ့ကြတာပါ။ တချို့လည်းဘဲ အောက်ထစ်ဆုံး ဆေးဝါး ကုသမှု ခံစားခွင့် ကိုပင်လျှင် မပေးတဲ့ အကျဉ်းထောင်တွေ ထဲမှာ နေထိုင်ခဲ့ရတဲ့ နှစ်တွေရဲ့ ပင်ပန်းဒဏ် ဆင်းရဲဒဏ်ကြောင့် ကျန်းမာရေး မကောင်းတဲ့ အခြေအနေကို ရောက်နေကြပါတယ်။ ကျွန်မတို့ရဲ့ ပါတီရုံး အများစုဟာ အတင်းအကြပ် ပိတ်ခိုင်းတာကို ခံထားရပါတယ်။ ကျွန်မတို့ရဲ့ ပါတီ လုပ်ငန်းဆောင်တာ တွေဟာ စည်းမျဉ်းစည်းကမ်း တပုံတခေါင်းကြီးနဲ့ အပြင်းအထန် ကန့်သတ် ချုပ်ချယ် တာကို ခံနေရပါတယ်။ ကျွန်မတို့ရဲ့ ခြေလှန်းတိုင်းကိုလည်း နေရာတကာမှာ အမြဲ ရှိနေတဲ့ စစ်ထောက်လှမ်းရေး အဖွဲ့တွေက အနီးကပ်ပြီး စောင့်ကြည့်နေပါတယ်။

စတုတ္ထပိုင်းကိုဒီမှာ ဒီမှာ Click နှိပ်ပြီး သွားရောက် နားဆင်နိုင်ပါတယ်။

တတိယပိုင်းကို ဒီမှာ Click နှိပ်ပြီး သွားရောက် နားဆင်နိုင်ပါတယ်။

တတိယပိုင်းကို ဒီမှာ Click နှိပ်ပြီး သွားရောက် နားဆင်နိုင်ပါတယ်။

ဒုတိယပိုင်းကို ဒီမှာ Click နှိပ်ပြီး သွားရောက် နားဆင်နိုင်ပါတယ်။

ပထမပိုင်းကို ဒီမှာ Click နှိပ်ပြီး သွားရောက် နားဆင်နိုင်ပါတယ်။