သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ Reith Lectures 6

  • 30 ဩဂုတ် 2011

ဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီ Radio 4 ရဲ့ ၂၀၁၁ ခုနှစ် Reith Lectures အစီအစဉ်မှာဟောပြောချက် နှစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အင်္ဂလိပ်လို ဟောပြောချက်တွေကို မြန်မာပိုင်း အစီအစဉ်က ဘာသာပြန်ဆိုပြီး အပိုင်းလိုက် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

--

( MI ) သို့မဟုတ် ၊ တချို့ ကြုံဖူးနေကျ လူတွေက မချမ်းမြေ့တဲ့ လေသံနဲ့ ( MI ) ( မိုင် ) လို့ ခေါ်တက်ကြတဲ့ ထောက်လှမ်းရေး အဖွဲ့တွေဟာ ကျွန်မတို့ကို ဘယ်သူ့ကို မဆို အချိန်မရွေး ဆွဲသွားနိုင်ပါတယ်။ သူတို့ ပိုကြိုက်တဲ့ အချိန်ကတော့ ညဉ့်နက် သန်းခေါင် အချိန်ပါ။ သူတို့ ကြိုက်တဲ့ စွဲချက်နဲ့ ဆွဲသွားနိုင်ပါတယ်။

အဲသလောက် အလျှော့မပေး စတမ်း ဖိနှိပ်ညှင်းပမ်းမှုကို ခံနေရတဲ့ အထဲက ကျွန်မတို့ဟာ တရားဝင် နိုင်ငံရေး ပါတီ တစ်ခု အဖြစ်နဲ့ ဆက်လက် ရပ်တည် နေနိုင်ခဲ့ပါတယ်။ ယနေ့ အခြေအနေလို မဟုတ်ပါဘူး။ နောက်ပြီး ၊ ကျွန်မတို့ ပါတီကို ( အတိုက်အခံ ) ဆိုတဲ့ နာမည်နဲ့ ရည်ညွန်း ခေါ်ဝေါ်ကြတာကိုလည်း စတင်ပြီး ခံလာရပါတယ်။ အဲဒီတော့ ကျွန်မတို့ဟာ အတိုက်အခံ လုပ်ငန်းကို ဆောင်ရွက် နေပါတယ်။ ဒါပေမယ့် တရားဝင် အတိုက်အခံ မဟုတ်ပါဘူး။ အစိုးရဟာ ဥပဒေနဲ့ အညီ ဖွဲ့စည်းထားတဲ့ အစိုးရ ဟုတ်သည် ဖြစ်စေ မဟုတ်သည် ဖြစ်စေ ကျွန်မတို့ဟာ အဲဒီ အစိုးရကို အတိုက်အခံ ပြုတဲ့ လုပ်ငန်း ဆောင်ရွက် နေကြတာ ဖြစ်တဲ့အတွက် အတိုက်အခံ အဖွဲ့ ဖြစ်တာပါဘဲ ဆိုတဲ့ အယူကို ကျွန်မတို့ လက်ခံသင့်ပါသလား။

( ၁၉၉ရ ) ခုနှစ်မှာ ( နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး အဖွဲ့) ကို (နိုင်ငံတော် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေး အဖွဲ့) ဆိုပြီး အမည် ပြောင်းလဲ လိုက်ပါတယ်။

ဒါဟာ အစိုးရ အပြောင်းအလဲ ဖြစ်နိုင်ခြေ ပေါ်ပေါက်မလာအောင် အဲဒီလို လုပ်မှ ဖြစ်မယ်ဆိုပြီး ဗေဒင် ဆရာတွေက အကြံပေးခဲ့ကြတဲ့ အတွက်ကြောင့်လား ၊ သို့မဟုတ် ၊ ( နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး အဖွဲ့ ) ရဲ့ အင်္ဂလိပ် နာမည် အတိုကောက် ( SLORC ) ဆိုတာဟာ ( SMASH ) ဆိုတာလို အတုအယောင်ဆောင် အဖွဲ့တွေရဲ့ မနှစ်မြို့စရာ အနံ့အသက်မျိုး ထွက်နေလို့ လူတွေက လှောင်ပြောင်ပြီး ဟာသ လုပ်ကြတာကို စစ်အစိုးရ မကြားချင်တော့တဲ့ အတွက်ကြောင့်လား။ ကျွန်မတို့ ဘယ်တော့မှ သိရမှာ မဟုတ်ပါဘူး။

အစိုးရရဲ့ ရှင်းလင်းချက် ကတော့ သူတို့ဟာ သူတို့ ကြေညာထားတဲ့ ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး ရည်ရွယ်ချက်ကို အောင်မြင်ခဲ့ပြီးပြီ ဖြစ်တဲ့အတွက် စစ်အစိုးရ အနေနဲ့ ပိုပြီး ကြီးကျယ် မြင့်မြတ်တဲ့ လုပ်ငန်းတွေကို ရှေ့တက်ပြီး ဆောင်ရွက်ဖို့ အချိန်ရောက်ကြောင်း အမည်သစ်က ညွှန်ပြတယ်လို့ ဆိုပါတယ်။

ငြိမ်ဝပ် ၊ ငြိမ်ပြီးတော့ ၊ ဝပ်ပြီးတော့ ၊ ပိပြီးတော့ ပြားသွားခြင်းလို့ အဓိပ္ပာယ် ထွက်တာကို ထောက်သော အားဖြင့် ဒီစကားဟာ အမှန်နဲ့ မဝေးလှဘူးလို့ ပြောကောင်းပြောနိုင်မှာပါ။

စစ်အစိုးရဲ့ ငြိမ်ဝပ် ပိပြားရေး ရှုမြင်ပုံဟာ ကျွန်မတို့ လုံးဝ ဆန့်ကျင်တဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ငြိမ်ပြီးတော့ ၊ ဝပ်ပြီးတော့ ၊ ပိပြီးတော့ ၊ ပြားနေတဲ့ နိုင်ငံသားများနဲ့ ဖွဲ့စည်းတဲ့ နိုင်ငံ ဆိုတာဟာ ကျွန်မတို့ အောင်မြင်ဖို့ ကြိုးပမ်းနေတဲ့ ရည်မှန်းချက်ရဲ့ ဆန့်ကျင်ဘက်ကြီး ဖြစ်ပါတယ်။

ကျွန်မတို့ဟာ စစ်အာဏာရှင် စနစ်အောက်မှာ နိုင်ငံရေး အင်အားစုး တစ်ရပ် အနေနဲ့ ရပ်တည်နိုင်ဖို့ ရုန်းကန် လှုပ်ရှားရတဲ့ အကြပ်အတည်း အခက်အခဲတွေကို ရင်ဆိုင်ရင်း ၊ ( NLD ) ရဲ့ ပုံသဏ္ဍာန်ဟာ ပိုပြီး ပီပီပြင်ပြင် ဖြစ်စ ပြုလာခဲ့ပါတယ်။

ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းကိုရော တခြား နိုင်ငံတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ တော်လှန် ပြောင်းလဲရေး တိုက်ပွဲတွေကိုရော ဒဿန ပညာရှင်တွေရဲ့ အတွေးအခေါ်နဲ့ အကဲခတ် ပုဂ္ဂိုလ်တွေ အသိပညာရှင်တွေရဲ့ အယူအဆ တွေကိုရော ကျွန်မတို့ကို ဝေဖန်သူတွေရဲ့ စကားကိုရော ကျွန်မတို့ကို ထောက်ခံသူနဲ့ မိတ်ဆွေတွေရဲ့ အကြံပေးချက်ကိုရော အစုံလေ့လာပြီးတော့ စိတ်ကူးဉာဏ်နဲ့ စံနမူနာကောင်းကို ရှာဖွေ ခဲ့ပါတယ်။

ကျွန်မတို့ဟာ စစ်အစိုးရက ကျွန်မတို့ အပေါ် ချမှတ်ထားတဲ့ ပညတ်ချက် စည်းဝိုင်းအတွင်း ဖြစ်နိုင်သမျှ ထိထိရောက်ရောက်နဲ့ အလုပ် လုပ်ကိုင် နိုင်မယ့် နည်းလမ်း တွေကို ရှာဖွေ ခဲ့ရပါတယ်။ တချိန်တည်းမှာ လုပ်ကိုင်လို့ ဖြစ်နိုင်မယ့် နယ်နိမိန်ကို တိုးချဲ့ နိုင်အောင်လည်း ကြိုးစားခဲ့ရပါတယ်။ သေချာတာကတော့ အတိုက်အခံ ပါတီ တစ်ခု အပေါ် သာမန်အားဖြင့် မျှော်လင့်ချက် ထားကြမှာ ဖြစ်တဲ့ လုပ်ငန်း ဆောင်တာတွေကို ကျွန်မတို့ မဆောင်ရွက်နိုင်ခဲ့ပါဘူး။

ဖိနှိပ်ချုပ်ချုပ်မှုဟာ ပြင်းထန်သည်ထက် ပြင်းထန်လာတာနဲ့ အမျှ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် အတွင်း ကျွန်မတို့ တတွေ ခံစားလာခဲ့ရတာက ကျွန်မတို့ ပါတီရဲ့ အဓိက သဘော လက္ခဏာဟာ ထုံးတမ်းစဉ်လာ အတိုက်အခံ ပါတီ တစ်ခုရဲ့ သဘောလက္ခဏာနဲ့ ပိုပိုပြီး အလှမ်းဝေး လာတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။

ကျွန်မတို့ဟာ ပြည်တွင်းမှာရော ပြည်ပမှာရော လူထု ထောက်ခံမှု အများဆုံး ရတဲ့ နိုင်ငံရေး ပါတီအဖြစ်နဲ့ အသိအမှတ်ပြုခြင်း ခံရပါတယ်။ နောက်ပြီး အဲဒီလို အသိအမှတ် ပြုခံရခြင်းနဲ့ အတူ ကျရောက်လာတဲ့ ဝတ္တရားကို ကျွန်မတို့ ထမ်းရွက်ရပါတယ်။ ဒါပေမယ့် ဒီမို ကရေစီ ကျင့်သုံးတဲ့ နိုင်ငံ တနိုင်ငံမှာ အဲဒီလို ပါတီ တခု ခံစားခွင့် ရခဲ့မှာ ဖြစ်တဲ့ အခွင့်အရေးတွေကို ကျွန်မတို့ တစ်ခုမျှ မရခဲ့ပါဘူး။ ဥပဒေဘောင်အတွင်းက တစ်ခုမျှ မရသလောက် ဖြစ်ခဲ့ပါတယ်။ ကျွန်မတို့ဟာ တချိန်တည်းမှာ အတိုက်အခံ ပါတီ တစ်ခုထက် အများကြီး အဆင့်မြင့် သလို ၊ အများကြီး အဆင့်နိမ့်နေပါတယ်။

၁၉ဂဂ ခုနှစ်တုန်းက လူထုကို ပြောတဲ့ ကျွန်မရဲ့ ပထမဆုံး မိန့်ခွန်းတွေ ထဲက တစ်ခုမှာ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ဒုတိယ လွတ်လပ်ရေး တိုက်ပွဲကို ဆင်နွဲ နေကြတာ ဆိုတဲ့ အဓိပ္ပာယ် ပြောခဲ့ပါတယ်။ လွန်ခဲ့တဲ့ ရာစု အလယ်လောက်က ပထမလွတ်လပ်ရေး တိုက်ပွဲကို ဆင်နွှဲ ခဲ့တဲ့အတွက်ကြောင့် ကျွန်မတို့ဟာ ကိုလိုနီ အုပ်ချုပ်ရေး စံနစ်အောက်က လွတ်လပ်မှုကို ရခဲ့ပါတယ်။ ဒုတိယ လွတ်လပ်ရေး တိုက်ပွဲကို ဆင်နွှဲတဲ့ အတွက်ကြောင့် ကျွန်မတို့ဟာ စစ်အာဏာရှင် အောက်က လွတ်လပ်မှုကို ရမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။

၁၉ဂဂ ခုနှစ်တုန်းက ကျောင်းသားတွေ အုံကြွပြီး ဆန္ဒပြကြရာမှာ ရှေ့တန်းနေရာက သူတို့ ပါဝင်ခဲ့ပုံကို မြင်ရတော့ ၁၉၃ဝ ပြည့်လွန်နှစ်များ အတွင်းက လွတ်လပ်ရေး အတွက် သူတို့ ဆန္ဒပြကြရာမှာ သူတို့နဲ့ အတူ တိုင်းပြည်ကြီးပါ လိုက်လာအောင် ခေါ်ဆောင်သွားခဲ့ကြတဲ့ ကျောင်းသားတွေရဲ့ ပုံရိပ်တွေဟာ ပြန်ပေါ်လာပါတယ်။

အတိတ်ခေတ် ကာလ တစ်ခု တုန်းက ပေါ်ထွန်းခဲ့တဲ့ အဲဒီကျောင်းသား ခေါင်းဆောင် တချို့ဟာ တိုင်းပြည်မှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးတွေ ဖြစ်လာခဲ့ကြပါတယ်။ လွတ်လပ်ရေး ရပြီး ခေတ်မှာ အစိုးရ အဖွဲ့ဝင်များ အဖြစ်နဲ့ သော်လည်းကောင်း ၊ ပါတီ ခေါင်းဆောင်များ အဖြစ်နဲ့ သော်လည်းကောင်း တာဝန် ထမ်းဆောင် ခဲ့ကြပါတယ်။ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ ပြီးတဲ့နောက် နိုင်ငံရေး နယ်ပယ်ထဲက နေပြီး သူတို့ကို အတင်းအကြပ် ဖယ်ရှား ပစ်တာ ခံလိုက်ရတဲ့ အချိန်အထိ ဖြစ်ပါတယ်။ အဲဒီ လွတ်လပ်ရေး တိုက်ပွဲဝင် ခေါင်းဆောင် ဟောင်းကြီး အများအပြားဟာ ဒီမိုကရေစီရေး လှုပ်ရှားမှု ထဲကို မြန်မြန်ထက်ထက်ပဲ ဝင်ရောက်လာကြပါတယ်။ ဝင်ရောက်ခြင်း အားဖြင့် တိုက်ပွဲ အဟောင်းနဲ့ တိုက်ပွဲ အသစ်ကို လက်ချင်း ချိတ် ပေးခဲ့ပါတယ်။

အဲဒီလို ဖြစ်ပေမယ့်လည်း ဒီတိုက်ပွဲ နှစ်ခုမှာ ခြားနားချက် အများအပြား ရှိပါတယ်။ အထင်ရှားဆုံး ခြားနားချက် ကတော့ ကျွန်မတို့ရဲ့ အမိအဖတွေဟာ နိုင်ငံခြားက ရောက်လာတဲ့ အစိုးရ တစ်ခုကို ဆန့်ကျင်ပြီး တိုက်ပွဲ ဝင်ခဲ့ကြရတာ ဖြစ်တယ် ၊ ကျွန်မတို့ကတော့ ဒီတိုင်းပြည် ဒီလူမျိုး ဒီအသားအရောင် ဒီဘာသာ အယူဝါဒ တစ်ခုတည်း အတူတူ ဖြစ်တဲ့ ဆန့်ကျင်ဘက်တွေနဲ့ တိုက်ပွဲ ဝင်နေကြရတာ ဖြစ်တယ် ဆိုတဲ့ အချက်ပါဘဲ။

နောက် ခြားနားချက် တစ်ခုက အလွန် အရေးကြီးပါတယ်။ ဒါပေမယ့် အရေးကြီးတယ်လို့ မြင်ကြတာ ရှားပါတယ်။ အဲဒီက ကိုလိုနီ အစိုးရဟာ လူထုကို ပြောရေး ဆိုခွင့် ပိတ်ပင်တဲ့ အာဏာရှင် အုပ်ချုပ်ရေး ( authoritarian ) ဆန်သော်လည်းဘဲ လူထု ဘဝ တစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်တဲ့ အာဏာရှင် အုပ်ချုပ်ရေး ( totalitarian ) ဆန်တဲ့ နေရာမှာတော့ ၁၉ဂဂ ခုနှစ်က အာဏာ ယူခဲ့တဲ့ စစ် အစိုးရထက် သိသိသာသာ အဆင့်နိမ့်တဲ့ အချက် ဖြစ်ပါတယ်။

ကျောင်းသူ လူငယ်တစ်ယောက် အနေနဲ့ လွတ်လပ်ရေး လှုပ်ရှားမှု ထဲကို ခြေစုံပစ် ဝင်ရောက်ခဲ့တဲ့၊ ဂျပန်တို့ သိမ်းပိုက်ထားစဉ် ကာလ အတွင်းမှာလည်းဘဲ တော်လှန် ရေးမှာ လျှို့ဝှက်ပြီး ပါဝင် လှုပ်ရှားခဲ့တဲ့၊ ထင်ရှားတဲ့ စာရေးဆရာမ တစ်ယောက်က ၁၉၈၉ ခုနှစ်မှာ ကျွန်မကို ပြောဖူးပါတယ်။

ကျွန်မတို့ ရင်ဆိုင်ရတဲ့ အကြပ်အတည်း အခက်အခဲတွေဟာ သူရော သူနဲ့ တစ်ခေတ်တည်းကို ဖြတ်သန်းခဲ့သူတွေရော ရင်ဆိုင် ခဲ့ရတဲ့ အကြပ်အတည်း အခက်အခဲတွေထက် အများကြီး ပိုပြီး ကြီးမားတယ်လို့ သူယူဆတဲ့ အကြောင်း ပြောပါတယ်။

ဒုတိယ ကမ္ဘာစစ် မဖြစ်ခင်မှာရော ဖြစ်ပြီး နောက်မှာရော ဗြိတိသျှ အစိုးရရဲ့ အလွန်အကျွံ ပြုမူမှုတွေက လွတ်အောင် လွတ်လပ်ရေး လှုပ်ရှားမှုကို တရားဥပဒေ စိုးမိုးရေး စနစ်က အကာအကွယ် ပေးခဲ့ပါတယ်။ ကမ္ဘာစစ်နဲ့ ဂျပန် စစ်တပ်တို့ မြန်မာနိုင်ငံကို ရောက်လာကြတဲ့ အချိန်မှာ ကျွန်မရဲ့ ဖခင် ဦးစီးတဲ့ ဖွဲ့စည်းပြီးခါစ ဗမာ့ တပ်မတော် ရှိနေခြင်းဟာ ပြည်သိမ်း တပ်ဖွဲ့တွေ အထဲက အဆိုးဝါးဆုံး အင်အားစုများနဲ့ တော်လှန်ရေး အင်အားစုများ စပ်ကြားမှာ ကြားခံ အကာအကွယ် သဖွယ် ဖြစ်ခဲ့ပါတယ်။

ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ဘိုးစဉ်ဘောင်ဆက် ရှေးလူကြီးတွေရဲ့ အောင်မြင်မှုကို ကြည့်ပြီး စံနမူနာကောင်း ယူနိုင်ကြပါတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ တိုက်ပွဲကို အထောက်အကူ ဖြစ်စေနိုင်တဲ့ စိတ်ကူးစိတ်သန်းနဲ့ နည်းနာကို ရှာဖွေရာမှာ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ သမိုင်းတစ်ခုတည်းကို ကွက်ပြီး ကြည့်လို့ မဖြစ်ပါဘူး။ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ကိုလိုနီခေတ် အတွေ့အကြုံကို ကျော်လွန်ပြီး ကြည့်ခဲ့ရပါတယ်။

ဒီအချိန်မှာ စစ်အစိုးရကတော့ အတိတ်ကာလမှာဘဲ ဆက်ပြီး တွယ်ကပ်နေဖို့ကို ပိုကြိုက်ခဲ့ ပါတယ်။ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ မကောင်းတာ မှန်သမျှကို ကိုလိုနီ စံနစ်ကြောင့်လို့ အပြစ်ချပြီး ( NLD ) နဲ့ ထောက်ခံသူတွေကိုလည်း ကိုလိုနီ ဝါဒီ လက်သစ်တွေလို့ စွပ်စွဲခဲ့ပါတယ်။

ပဉ္စမပိုင်းကိုဒီမှာ ဒီမှာ Click နှိပ်ပြီး သွားရောက် နားဆင်နိုင်ပါတယ်။

စတုတ္ထပိုင်းကို ဒီမှာ Click နှိပ်ပြီး သွားရောက် နားဆင်နိုင်ပါတယ်။

တတိယပိုင်းကို ဒီမှာ Click နှိပ်ပြီး သွားရောက် နားဆင်နိုင်ပါတယ်။

ဒုတိယပိုင်းကို ဒီမှာ Click နှိပ်ပြီး သွားရောက် နားဆင်နိုင်ပါတယ်။

ပထမပိုင်းကို ဒီမှာ Click နှိပ်ပြီး သွားရောက် နားဆင်နိုင်ပါတယ်။