သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ Reith Lectures 7

  • 5 စက်တင်ဘာ 2011

ဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီ Radio 4 ရဲ့ ၂၀၁၁ ခုနှစ် Reith Lectures အစီအစဉ်မှာဟောပြောချက် နှစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အင်္ဂလိပ်လို ဟောပြောချက်တွေကို မြန်မာပိုင်း အစီအစဉ်က ဘာသာပြန်ဆိုပြီး အပိုင်းလိုက် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

--

၁၉ဂဂ ခုနှစ် လူထု အုံကြွမှုကို စစ်တပ်က ချေမှုန်းရာမှာ လက်နက်မဲ့ ဆန္ဒပြသူတွေကို မည်သူ မည်ဝါ ခွဲခြားခြင်း မရှိ သို့မဟုတ် အဆင်အခြင် အထိန်းအသိမ်း မရှိ ရက်ရက် စက်စက် ပစ်ခတ် သတ်ဖြတ် လိုက်တုန်းက ရာနဲ့ချီတဲ့ ကျောင်းသားတွေနဲ့ တခြား လှုပ်ရှားသူတွေဟာ နယ်စပ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။ အဲဒီ ကျောင်းသားတွေထဲက အများအပြားဟာ သေနပ်နဲ့ လူလုပ်သူကို သေနပ်နဲ့ အနိုင်ယူမှသာ ရနိုင်တယ်လို့ ယုံကြည်ကြပြီး ဒီမိုကရေစီရေး အတွက် ကျောင်းသား တပ်မတော် ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

သူတို့ရွေးချယ်တဲ့ လမ်းကို ကျွန်မ ဘယ်တုန်းကမှ မရှုတ်ချခဲ့ပါဘူး။ ဘယ်သော အခါမှလည်း ရှုတ်ချမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဖိနှိပ်ချုပ်ချယ်တဲ့ အုပ်ချုပ်မှုအောက်က လွတ်မြောက်ဖို့ တစ်ခုတည်းသော လမ်းဟာ လက်နက်ကိုင် တော်လှန်ရေး လမ်းသာလျှင် ရှိတယ်လို့ ဆုံးဖြတ်ဖို့ရာ သူတို့အတွက် လုံလောက်တဲ့ အကြောင်း ရှိခဲ့လို့ ဖြစ်ပါတယ်။ သို့သော်လည်းဘဲ ကျွန်မကိုယ်တိုင်ကတော့ အဲဒီလမ်း ကို ပယ်ချ ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလမ်းဟာ ကျွန်မရဲ့ တိုင်းပြည်ကို ကျွန်မ သွားစေချင်တဲ့ နေရာရောက်အောင် ပို့မယ်လို့ ကျွန်မ မယုံကြည်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

မတရားကြီးစိုး လွှမ်းမိုးမှုအောက်က မိမိတို့ လွတ်မြောက်ဖို့ လက်နက်ကိုင်စွဲသူတွေကို လွတ်လပ်ရေး တိုက်ပွဲဝင်သူတွေလို့ ရှုမြင်ကြပါတယ်။ သူတို့ဟာ တိုင်းချစ်ပြည်ချစ် စိတ်ဓါတ်ကြောင့် သော်လည်းကောင်း ၊ ဝါဒ သဘောတရား အမြင်ကြောင့် သော်လည်းကောင်း ၊ တိုင်းပြည် တစ်ပြည်လုံး သို့မဟုတ် ပြည်သူ တစ်ရပ်လုံးရဲ့ အရေးအတွက် တိုက်ပွဲ ဝင်နေကြတာ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် တန်းတူ ညီမျှရေးနဲ့ လူ့အခွင့်အရေး လိုလားချက်ကြောင့် လူမျိုး သို့မဟုတ် လူမျိုးစု သို့မဟုတ် ဘာသာ အယူဝါဒ အခြေခံတဲ့ သီးခြား ပြည်သူ အုပ်စု တစ်စုရဲ့ အရေးအတွက် တိုက်ပွဲ ဝင်နေကြတာ ဖြစ်ပါတယ်။

လက်နက်ကိုင်စွဲမှု မပါဝင်တဲ့အခါမှာတော့ လှုပ်ရှားသူ ဆိုတဲ့ အမည်ဟာ နိုင်ငံရေး အခြေခံမူ တစ်ခုအတွက် တိုက်ပွဲဝင်နေသူတွေကို ခေါ်တဲ့ ယေဘုယျ အမည် ဖြစ်လာတဲ့ လက္ခဏာ ရှိပါတယ်။

နိုင်ငံသား အခွင့်အရေး အတွက် လှုပ်ရှားသူများ ၊ လူမျိုး အသားအရောင် ခွဲခြားမှု ဆန့်ကျင်ရေး အတွက် လှုပ်ရှားသူများ ၊ လူ့အခွင့်အရေး အတွက် လှုပ်ရှားသူများ ၊ ဒီမိုကရေစီရေး အတွက် လှုပ်ရှားသူများ စသဖြင့် ဖြစ်ပါတယ်။

အဲဒီတော့ ကျွန်မတို့ဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အတွက် အစဉ်တစိုက် အရေးဆိုနေကြတာ ဖြစ်တဲ့အတွက် နောက်ဆုံး အမျိုးအစား နှစ်ခုမှာ ပါဝင်ပါသလား။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ ကျွန်မတို့ တတွေဟာ ဒီမိုကရေစီရေး အတွက် လှုပ်ရှားသူများ ဖြစ်ပါတယ်လို့ ပြောရင် မှန်ကန်မှာပါ။ ဒါပေမယ့် ကျွန်မတို တိုက်ပွဲရဲ့ အရေးကြီးတဲ့ သဘောသဘာဝကို ပြည့်ပြည့်ဝဝ ဖော်ပြနိုင်ဖို့ အတွက်ကတော့ ဒီစကား အသုံးအနှုန်းဟာ ကျဉ်းမြောင်း လွန်းအားကြီး နေပါတယ်။

သမ္မတ Suharto လက်အောက် Indonesia နိုင်ငံကို စစ်တပ် အာဏာရှင် စံနစ် အောက် မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ် သုံးသပ်သူ ပညာရှင် တစ်ယောက်က မြန်မာနိုင်ငံရဲ့ အဖြစ်အပျက်မှာ စစ်တပ်ဟာ ( အရပ်သား နိုင်ငံရေး လောကရဲ့ လက်ထဲက အာဏာကို သိမ်းယူခဲ့တာ) လို့ ရေးခဲ့ပါတယ်။

ဒီနက်ရှိုင်းတဲ့ အမြင်နဲ့ သုံးသပ်ချက်ကို ကြည့်မယ် ဆိုရင် ( NLD ) အဖွဲ့ချုပ်ရဲ့ လုပ်ငန်းဟာ နိုင်ငံရေး ဆောင်ရွက်ရာမှာ ပါဝင်ရုံမျှ မဟုတ်ကြောင်း အရပ်သားတွေဟာ သူတို့ရဲ့ ပိုင်ခွင့် ဖြစ်တဲ့ အခန်းကဏ္ဍကို ရပိုင်ခွင့် အာမခံချက် ရှိနိုင်အောင် ကျွန်မတို့ လူ့ဘောင်အဖွဲ့အစည်းရဲ့ အခြေခံ အဆောက်အအုံ တစ်ခုလုံးကို ပြန်လည် တည်ဆောက်ဖို့ ဖြစ်ကြောင်း ကောက်ချက်ချနိုင်ပါတယ်။

ဆဋ္ဌမပိုင်းကိုဒီမှာ ဒီမှာ Click နှိပ်ပြီး သွားရောက် နားဆင်နိုင်ပါတယ်။

ပဉ္စမပိုင်းကိုဒီမှာ ဒီမှာ Click နှိပ်ပြီး သွားရောက် နားဆင်နိုင်ပါတယ်။

စတုတ္ထပိုင်းကို ဒီမှာ Click နှိပ်ပြီး သွားရောက် နားဆင်နိုင်ပါတယ်။

တတိယပိုင်းကို ဒီမှာ Click နှိပ်ပြီး သွားရောက် နားဆင်နိုင်ပါတယ်။

ဒုတိယပိုင်းကို ဒီမှာ Click နှိပ်ပြီး သွားရောက် နားဆင်နိုင်ပါတယ်။

ပထမပိုင်းကို ဒီမှာ Click နှိပ်ပြီး သွားရောက် နားဆင်နိုင်ပါတယ်။