သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ Reith Lectures 8

  • 13 စက်တင်ဘာ 2011

ဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီ Radio 4 ရဲ့ ၂၀၁၁ ခုနှစ် Reith Lectures အစီအစဉ်မှာဟောပြောချက် နှစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အင်္ဂလိပ်လို ဟောပြောချက်တွေကို မြန်မာပိုင်း အစီအစဉ်က ဘာသာပြန်ဆိုပြီး အပိုင်းလိုက် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

--

သမ္မတ Suharto လက်အောက် Indonesia နိုင်ငံကို စစ်တပ် အာဏာရှင် စံနစ် အောက် မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ် သုံးသပ်သူ ပညာရှင် တစ်ယောက်က မြန်မာနိုင်ငံရဲ့ အဖြစ်အပျက်မှာ စစ်တပ်ဟာ ( အရပ်သား နိုင်ငံရေး လောကရဲ့ လက်ထဲက အာဏာကို သိမ်းယူခဲ့တာ) လို့ ရေးခဲ့ပါတယ်။

ဒီနက်ရှိုင်းတဲ့ အမြင်နဲ့ သုံးသပ်ချက်ကို ကြည့်မယ် ဆိုရင် ( NLD ) အဖွဲ့ချုပ်ရဲ့ လုပ်ငန်းဟာ နိုင်ငံရေး ဆောင်ရွက်ရာမှာ ပါဝင်ရုံမျှ မဟုတ်ကြောင်း အရပ်သားတွေဟာ သူတို့ရဲ့ ပိုင်ခွင့် ဖြစ်တဲ့ အခန်းကဏ္ဍကို ရပိုင်ခွင့် အာမခံချက် ရှိနိုင်အောင် ကျွန်မတို့ လူ့ဘောင်အဖွဲ့အစည်းရဲ့ အခြေခံ အဆောက်အအုံ တစ်ခုလုံးကို ပြန်လည် တည်ဆောက်ဖို့ ဖြစ်ကြောင်း ကောက်ချက်ချနိုင်ပါတယ်။

ကျွန်မတို့ဟာ အတိုက်အခံ ပါတီတစ်ခုရဲ့ လုပ်ငန်းလို့ ယူဆနိုင်တဲ့ အစိုးရ တစ်ဖွဲ့ နေရာမှာ အခြား အစိုးရ တစ်ဖွဲ့ကို အစားထိုး ရုံမျှ လုပ်ငန်းကို လုပ်ကိုင်နေခဲ့တာ မဟုတ်ပါဘူး။

နိုင်ငံရေး လှုပ်ရှားသူတွေရဲ့ အလုပ်ပဲလို့ မျှော်လင့်ထားမှု ရှိနိုင်သလို စံနစ်ကြီး အတွင်းမှာ ဟိုအချက် ဒီအချက် ပြောင်းလဲ ပြင်ဆင် ပေးပါရယ်လို့ အရေး ဆိုရုံမျှ လုပ်ကိုင်နေတာလည်း မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ ပြည်သူလူထုကြီး အတွက် ကျွန်မတို့ရဲ့ လိုအင်ဆန္ဒ ပေါင်းစုံ အကျုံးဝင်တဲ့ အခြေခံမူကြီး တစ်ခုအတွက် အလုပ်လုပ်နေတာ အသက်ရှင်နေတာ ဖြစ်ပါတယ်။

တကယ်ဆိုတော့ ကျွန်မတို့ရဲ့ လိုအင် ဆန္ဒတွေဟာ အခြား အခြားသော နိုင်ငံတွေက ပြည်သူလူထုတွေရဲ့ လိုအင် ဆန္ဒ တွေနဲ့ အလွန်အမင်း ခြားနားခြင်း မရှိပါဘူး။

စစ်အစိုးရက ကျွန်မတို့ကို အခြား ကမ္ဘာ့ ပြည်သူတွေနဲ့ အဆက်အသွယ် ကင်းကွာအောင် အပြင်းအထန် ကြိုးစားပေမယ့် ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ တိုက်ပွဲမှာ တကိုယ်တည်း အထီးကျန်နေတဲ့ ခံစားချက်ကို တခါမျှ မခံစားခဲ့ပါဘူး။

အဲဒီလို မခံစား ခဲ့ရတာက ဘာကြောင့်လဲ ဆိုတော့ လူထုကို ပြောရေး ဆိုခွင့် ပိတ်ပင်တဲ့ အာဏာရှင် အုပ်ချုပ်ရေး စနစ်နဲ့ ဖိနိပ် ချုပ်ချယ်မှုကို ဆန့်ကျင်တဲ့ တိုက်ပွဲဟာ လူသား လောက ကမ္ဘာကြီး တစ်ခုလုံးမှာ ပျံ့နှံ့ပြီး နိုင်ငံရေး နယ်နမိတ်နဲ့ ယဉ်ကျေးမှု နယ်နိမိတ် တွေကို ဖြတ်ကျော်နေလို့ ဖြစ်ပါတယ်။

ကျွန်မနေအိမ် အကျယ်ချုပ်နဲ့ နေရစဉ် နှစ်တွေ အတွင်းတုန်းက အပြင်လောကကြီးနဲ့ ကျွန်မ အဆက်အသွယ် ဖြစ်တဲ့ ရေဒီယိုကြောင့် ကျွန်မဟာ ကျွန်မနေထိုင်တဲ့ လမ်းထိပ်ကို ရောက်ဖို့ လွယ်ကူသလောက် ကမ္ဘာကြီးရဲ့ အစွန်အဖျားကို ရောက်ဖို့ လွယ်ကူခဲ့ပါတယ်။

ဘာလင် တံတိုင်းကြီး ဖြိုချလိုက်တဲ့ အကြောင်း ၊ ဆိုဗီယက် အုပ်စု ပြိုကွဲသွားတဲ့ အကြောင်း ၊ ချီလီ နိုင်ငံမှာ အခြေခံ ဥပဒေ ပြောင်းလဲရေး ဆောင်ရွက်ပုံ အကြောင်း ၊ တောင် ကိုရီးယား နိုင်ငံမှာ ဒီမိုကရေစီ စံနစ် ထူထောင်မှု တိုးတက်နေပုံ အကြောင်း ၊ တောင်အာဖရိက နိုင်ငံမှာ လူမျိုး အသားရောင် ခွဲခြားမှု စံနစ် ဖျက်သိမ်း ခဲ့ပုံ အကြောင်းတွေကို ကျွန်မ သိခဲ့ရတာ ရေဒီယိုကတဆင့် ဖြစ်သလို ပါဘဲ။

ကျွန်မရဲ့ အိမ်နဲ့ ကပ်နေတဲ့ အနီးပတ်ဝန်းကျင်မှာ ( NLD ) အဖွဲ့ချုပ်က ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ အကြောင်းကို ကျွန်မ ကြားခဲ့ရတာဟာ ရေဒီယိုက တဆင့် ဖြစ်ပါတယ်။

ကျွန်မရဲ့ မိသားစု ဆီက ပို့လို့ ပြတ်တောင်း ပြတ်တောင်း ကျွန်မ ရခဲ့တဲ့ စာအုပ်တွေ အထဲမှာ Vaclav Havel ရေးတဲ့ ကျမ်းတွေ ၊ Zakharov ရဲ့ ဘဝ မှတ်တမ်းတွေ ၊ Nelson Mandela နဲ့ Winnie Mandela တို့ရဲ့ အတ္ထုပ္ပတ္တိတွေ ၊ Timothy Garton Ash ရဲ့ အရေးအသားတွေ ပါဝင်ခဲ့ပါတယ်။ ဥရောပမှာ ဖြစ်ဖြစ် ၊ တောင်အာဖရိကမှာ ဖြစ်ဖြစ် ၊ တောင်အမေရိက မှာဖြစ်ဖြစ် ၊ အာရှမှာ ဖြစ်ဖြစ် တရားမျှတမှုနဲ့ လွတ်လပ်မှုကို တောင်းဆိုနေကြတဲ့ ပြည်သူလူထုတွေ ရှိကြတဲ့ နေရာတိုင်းမှာ ကျွန်မတို့ရဲ့ မိတ်ဆွေတွေနဲ့ မဟာမိတ်တွေ ရှိကြပါတယ်။

ကျွန်မနေအိမ် အကျယ်ချုပ်က လွတ်လာတဲ့ အခါမှာ တောင်အာဖရိက နိုင်ငံက လူမဲ ပြည်သူတွေရဲ့ သတ္တိ ဗျတ္တိနဲ့ ဒုက္ခ သုက္ခများ အကြောင်း အမှန်တရားနဲ့ အညီ နေထိုင်ခြင်း အကြောင်း ၊ အင်အားမဲ့ သူတို့ရဲ့ အင်အား အကြောင်း ၊ ကျွန်မတို့ရဲ့ တိုက်ပွဲဟာ ကျွန်မတို့ရဲ့ ဘဝ ဖြစ်သလို သူတို့ရဲ့ တိုက်ပွဲဟာ သူတို့ရဲ့ ဘဝ ဖြစ်တယ်လို့ ယုံကြည်ကြ သူတွေဆီက ကျွန်မတို့ ယူနိုင်တဲ့ သင်ခန်းစာများ အကြောင်းတွေကို အခါအခွင့်သင့်တိုင်း ကျွန်မတို့ရဲ့ အဖွဲ့တွေကို ကျွန်မပြောခဲ့ပါတယ်။

ကျွန်မဟာ အရှေ့ ဥရောပ နိုင်ငံများက ဒီမိုကရေစီရေး လှုပ်ရှားမှု အကြောင်းကို မကြာခဏ ပြောခဲ့လို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်မကို Dissident (အစိုးရ ဝါဒ ဝေဖန်သူ) တစ်ယောက်ရယ်လို့ ခေါ်ဝေါ် သုံးနှုံး လာကြပါတယ်။

မူလက Vaclav Havel ဟာ Dissident (အစိုးရဝါဒ) ဝေဖန်သူ ဆိုတဲ့ ဝေါဟာရကို ကျေနပ် အားရ ရှိခဲ့ဟန် မတူပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီဝေါဟာရဟာ ( Czechoslovakia ) နိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားမှုမှာ ပါဝင်တဲ့ သူနဲ့ အခြားသူတွေကို အနောက်တိုင်း သတင်းသမားတွေက ခတ်နှိပ်ခဲ့တဲ့ တံဆိပ် ဖြစ်လို့ ပါဘဲ။

အဲဒီနောက်မှာ သူက သူ့တိုင်းပြည်မှာ ဖြစ်ပျက်နေတာတွေနဲ့ အဆက်အစပ်ပြုပြီး အစိုးရဝါဒ ဝေဖန်သူတွေနဲ့ အစိုးရ ဝါဒ ဝေဖန်ရေး လှုပ်ရှားမှုကို ဘယ်လို့ အဓိပ္ပါယ် ဖွင့်ဆိုသင့်ကြောင်း အသေးစိတ် ရှင်းလင်းခဲ့ပါတယ်။ သူရဲ့ ယုံကြည်ချက်က အစိုးရ ဝါဒ ဝေဖန်ရေး လှုပ်ရှားမှု တစ်ခုရဲ့ အခြေခံ လုပ်ငန်းဟာ အမှန်တရားရဲ့ အကျိုးအတွက် ရွက်ဆောင်ဖို့ ဖြစ်တယ်။

ဆိုလိုတာက လူ့ဘဝ ရည်ရွယ်ချက် အစစ်အမှန်တွေရဲ့ အကျိုးအတွက် ရွက်ဆောင်ဖို့ ဖြစ်တယ်။ အဲဒီလို ရွက်ဆောင် ကြိုးပမ်းမှုဟာ လူပုဂ္ဂိုလ် အသီးသီးနဲ့ သူတို့ရဲ့ လွတ်လပ်ပြီး အမှန်တရားနဲ့ ညီတဲ့ ဘဝ နေထိုင်ပိုင်ခွင့်ကို ကာကွယ်မှု အဆင့်ရောက်အောင် တိုးတက်သွားသင့်တယ်။ ဆိုလိုတာက လူ့အခွင့်အရေး ကာကွယ်မှုနဲ့ တရားဥပဒေ လေးစားရေး အတွက် တိုက်ပွဲဝင်မှုတို့ ဖြစ်တယ် ဆိုတဲ့ ယုံကြည်ချက် ပါဘဲ။

ဒီလို ဖွင့်ဆိုပုံဟာ လွန်ခဲ့တဲ့ နှစ်တွေမှာ ( NLD ) အဖွဲ့ချုပ်က ဆောင်ရွက်နေခဲ့တာ ဖြစ်တဲ့ လုပ်ငန်းတွေကို အင်မတန် အားရဖွယ် ကောင်းလောက်အောင် ဖော်ပြနေသလား မှတ်ခဲ့ရလို့ ကျွန်မတို့ဟာ အစိုးရ ဝါဒ ဝေဖန်သူတွေ ဖြစ်တယ် ဆိုတာကို ကျွန်မ ကျေကျေနပ်နပ် လက်ခံခဲ့ပါတယ်။

အာဏာပိုင်တွေရဲ့ မျက်လုံးနဲ့ ကြည့်ပြီး မြင်တဲ့ ကျွန်မတို့ ပါတီရဲ့ တရားဝင် အနေအထားဟာ အရေးမကြီးလှပါဘူး။

ဘာကြောင့်လဲ ဆိုတော့ အစိုးရ ဝါဒ ဝေဖန်သူတွေ အနေနဲ့ ကျွန်မတို့ရဲ့ အခြေခံ လုပ်ငန်းဟာ လွန်ခဲ့တဲ့ နှစ်တွေမှာ ရှိခဲ့တဲ့ အနှစ်သာရ အတိုင်း တည်မြဲနေပြီး ကျွန်မတို့ရဲ့ အစိုးရ ဝါဒ ဝေဖန်ရေး ရည်ရွယ်ချက်တွေဟာလည်း လွန်ခဲ့တဲ့နှစ်တွေမှာ ရှိခဲ့တဲ့ အနှစ်သာရ အတိုင်း တည်မြဲ နေလို့ ဖြစ်ပါတယ်ရှင်။

သတ္တမပိုင်းကိုဒီမှာ Click နှိပ်ပြီး သွားရောက် နားဆင်နိုင်ပါတယ်။

ဆဋ္ဌမပိုင်းကိုဒီမှာ Click နှိပ်ပြီး သွားရောက် နားဆင်နိုင်ပါတယ်။

ပဉ္စမပိုင်းကိုဒီမှာ ဒီမှာ Click နှိပ်ပြီး သွားရောက် နားဆင်နိုင်ပါတယ်။

စတုတ္ထပိုင်းကို ဒီမှာ Click နှိပ်ပြီး သွားရောက် နားဆင်နိုင်ပါတယ်။

တတိယပိုင်းကို ဒီမှာ Click နှိပ်ပြီး သွားရောက် နားဆင်နိုင်ပါတယ်။

ဒုတိယပိုင်းကို ဒီမှာ Click နှိပ်ပြီး သွားရောက် နားဆင်နိုင်ပါတယ်။

ပထမပိုင်းကို ဒီမှာ Click နှိပ်ပြီး သွားရောက် နားဆင်နိုင်ပါတယ်။