နောက်ဆုံး ရေးသားချိန် 25 အောက်တိုဘာလ 2011 - 20:29 GMT

မိုဘီဂျီနို နဲ့ ဒါရိုက်တာ

မီဒီယာ ပလေးယား

မိုဘီ ဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

ဒီတစ်ပတ်အစီအစဉ်ကတော့ . . .

Return to Burma

နိုင်ငံတကာ ရုပ်ရှင်ပြပွဲတွေမှာ ပြသဖို့ ရွေးချယ် ခံရတဲ့ Return to Burma ရုပ်ရှင် ဇာတ်ကား အကြောင်းနဲ့ ဒီဇာတ်ကားကို ရိုက်ခဲ့သူ ပြည်ပရောက် မြန်မာလူငယ် ဒါရိုက်တာ Midi Z အကြောင်းကို မေးမြန်းပြီး တင်ဆက်ထား ပါတယ်။

အောက်တိုဘာလဆန်းပိုင်းက တောင် ကိုးရီးယားနိုင်ငံ ဘူဆန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ မြန်မာပြည်က လူငယ် တစ်ဦးအကြောင်း ရိုက်ကူးထားတဲ့ Return to Burma (မြန်မာပြည်သို့ အပြန်) ဆိုတဲ့ ဇာတ်ကား ပြသခွင့်ရခဲ့ပါတယ်။

ဒီဇာတ်ကားဟာ ကိုးရီးယားပွဲတော်အပြင် ကနေဒါက ဗန်ကူးဗား၊ ထိုင်ဝမ်က Golden Horse နဲ့ အိန္ဒိယက နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာလည်း ပြသဖို့ ရွေးချယ်ခံခဲ့ရပါတယ်။

Return to Burma

Director Midi Z (ခ) သိင်္ခမင်းလွင်

ဇာတ်လမ်းအကြောင်းအရာကတော့ မြန်မာပြည်မှာ အပြောင်းအလဲတွေ ဖြစ်နေပြီ အထင်နဲ့ ပြည်တော် ပြန်သွားတဲ့ မြန်မာလူငယ် တစ်ဦးအကြောင်း ဖြစ်ပါတယ်။ သူပြည်တွင်း ပြန်သွားတဲ့အခါ ကြုံရတဲ့ အတွေ့အကြုံတွေ၊ သူနဲ့ သူငယ်ချင်းတွေရဲ့ လူငယ် ဘဝ အတွေ့အကြုံတွေကို ရိုက်ပြထားပါတယ်။

ဒါရိုက်တာ မီဒီဇက်

ရိုက်ကူးသူ ဒါရိုက်တာကတော့ ထိုင်ဝမ်နိုင်ငံ ရောက် အသက် ၂၈ နှစ်အရွယ် မြန်မာပြည်ဖွား မီဒီ ဇက် ဖြစ်ပါတယ်။ သူ့ရဲ့ မြန်မာနာမည်ကတော့ သိင်္ခမင်းလွင် ဖြစ်ပါတယ်။ ပန်းချီဒီဇိုင်းပညာ နဲ့ ရုပ်ရှင်ပညာရပ်တွေ လေ့လာပြီး ဇာတ်လမ်းတို ဇာတ်လမ်းရှည်တွေ ဖန်တီးရိုက်ကူးနေသူပါ။

သူရိုက်ကူးတဲ့ ဇာတ်ကားတွေဟာ အခု Return to Burma ဇာတ်ကားတင်မက အရင်ကလည်း ဇာတ်လမ်းတို ရိုက်ရာမှာ အလားတူ နိုင်ငံတကာ ပွဲတွေမှာ ရွေးချယ်ခံရတာ၊ ဆုရတာတွေ ရှိခဲ့ပါတယ်။

အိပ်မက်ဇာတ်ကား

Midi Z

ကျောင်းသားဘဝက ရိုက်ခဲ့တဲ့ ပွဲဦးထွက်ကားတုန်းကလည်း နိုင်ငံတကာပွဲတော်တွေက ရွေးချယ်ခဲ့

ဒါရိုက်တာ မီဒီ ဇက်ဟာ လောလောဆယ်မှာ လည်း မြန်မာ၊ တရုတ်၊ ထိုင်း နဲ့ အမေရိကန် နိုင်ငံတွေက မြန်မာလူငယ် မိန်းကလေးတွေရဲ့ ဘဝအိပ်မက်တွေ အကြောင်းလည်း ရိုက်ဖို့ စီစဉ်နေပါတယ်။

ဒါပေမယ့် သူ အရိုက်ချင်ဆုံး ဇာတ်ကားကတော့ မြန်မာ့ လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်း အကြောင်းလို့ ဆိုပါတယ်။

မြန်မာခေတ်သစ် သမိုင်းမှာ အထင်ရှားဆုံး သူရဲကောင်းတစ်ဦး အကြောင်း ရုပ်ရှင် ရိုက်ချင်တာက သူငယ်ငယ်တည်းက ရခဲ့တဲ့ စိတ်ကူးပါ။ သူ့ရဲ့ ရုပ်ရှင် သင်တန်းမှာလည်း တခြား လူငယ် ဒါရိုက်တာတွေ၊ သူငယ်ချင်း တွေနဲ့လည်း ဒီအကြောင်း ဆွေးနွေး ဖြစ်ခဲ့တယ်လို့ သူက ပြန်ပြော ပြပါတယ်။

Return to Burma

နောက်ပြီး မြန်မာပြည်တွင်းမှာ အခြားအနုပညာရှင်တွေ၊ ထုတ်လုပ်သူတွေနဲ့လည်း ပူးပေါင်းပြီး နိုင်ငံအတွက်၊ အနုပညာအတွက် ပူးပေါင်းလုပ်ဆောင်သွားဖို့ စိတ်ကူးလည်း ရှိနေတယ်လို့ လူငယ် ဒါရိုက်တာ မီဒီ ဇက်က ပြောပါတယ်။

Return to Burma ဇာတ်ကားကတော့ လောလောဆယ်မှာ နိုင်ငံတကာ ရုပ်ရှင်ပြပွဲတွေ အတွင်းမှာလည်း ပြသနေပါတယ်။ ဒါပေမယ့် ၂၀၁၂ နှစ်ဆန်းကျရင် ထိုင်ဝမ်နိုင်ငံမှာ ပြသဖို့ စီစဉ်နေသလို ဒီဗီဒီခွေလည်း ထွက်လာဖို့ ရှိတယ်လို့ ဆိုပါတယ်။

သို့ . . . မိုဘီ ဂျီနို

မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ် လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်း အရာတွေ တင်ဆက် နေသလို မျိုးဆက်သစ် လူငယ်တွေ အနေနဲ့လည်း ကိုယ့်ရဲ့ အတွေ့အကြုံတွေ၊ ထင်မြင် ယူဆချက်တွေ၊ အနာဂတ် အိပ်မက်တွေ အကြောင်းကို ဒီအစီအစဉ်ကနေ ဝေမျှပြောပြကြဖို့ အမြဲ ဖိတ်ခေါ်လျက်ရှိ ပါတယ်။

ဒီကဏ္ဍနဲ့ ပတ်သက်ပြီး ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အတွေ့ အကြုံတွေ၊ ခံစားချက် တွေကို ဝေမျှပြောပြချင် လို့ပဲ ဖြစ်ဖြစ် ဆက်သွယ် နိုင်ကြပါတယ်။ အီးမေးလ်နဲ့ဆိုရင် burmese@bbc.co.uk ဆီကို ဆက်သွယ်နိုင်သလို စာတိုက်က ဆိုရင်တော့ စာတိုက်သေတ္တာ အမှတ် ၉၉၇ ကမ်းနားလမ်း၊ ရန်ကုန်မြို့ဆီကို ရေးသား ပေးပို့နိုင်ကြပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

Mobi-Geno ပုံရိပ်များ

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။