ပုဂ္ဂလိကဘဏ်တွေ ပြည်ပငွေလွှဲလက်ခံမယ်

  • 25 ဒီဇင်ဘာ 2011
Dollar

ပြည်ပမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာတွေအနေနဲ့ မြန်မာနိုင်ငံတွင်းကို ငွေလွှဲမယ်ဆိုရင် တရားဝင် လမ်းကြောင်း ကနေ လွှဲပို့နိုင်တော့မယ်လို့ ဘဏ္ဍာ ရေးနဲ့အခွန် ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးက ပြောကြောင်း အစိုးရ သတင်းစာ တွေမှာ ရေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေ ရောင်းဝယ် ဖောက်ကားခွင့် လိုင်စင်ရ ဘဏ်တွေ ဖြစ်တဲ့ သမဝါယမဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ် နဲ့ အာရှစိမ်းလမ်းမှု ဖွံ့ဖြိုးရေး ဘဏ်တွေက ငွေလွှဲနိုင်ဖို့ အစိုးရက ခွင့်ပြုလိုက်ပြီလို့ ဆိုပါတယ်။

ဒီလို ငွေလွှဲခွင့် ပေးလိုက်တဲ့အတွက် ပြည်ပရောက် မြန်မာတွေအနေနဲ့ လုံခြုံစိတ်ချစွာ ငွေလွှဲလို့ ရနိုင်မယ်လို့ ဗဟိုဘဏ်ရဲ့ ဒုတိယဥက္ကဌဟောင်းလည်းဖြစ်၊ လက်ရှိ ကမ္ဘောဇ ဘဏ် ရဲ့ ဒုတိယ ဥက္ကဌတစ်ဦးလည်း ဖြစ်တဲ့ ဦးသန်းလွင်က ဘီဘီစီကို ပြောပါတယ်။

ဒီလို ငွေလွှဲနိုင်ဖို့အတွက် ပြင်ဆင်လုပ်ဆောင်နေသလို နောက်ထပ် လအနည်းငယ် ကြာနိုင်ကြောင်း သူက ပြောပါတယ်။

ဒါပေမယ့် မြန်မာပြည်က လက်ရှိ ငွေလဲ ဌာနတွေက စျေးနှုန်းနဲ့ အပြင် စျေးကွက် ပေါက်စျေးတွေ အနည်းငယ် ကွာဟ မှုရှိနေသေးကြောင်း၊ ဒါပေမယ့် မကြာခင် စျေးနှုန်းတမျိုးတည်း ဖြစ်ဖို့ အစိုးရက ကြိုးစားနေတယ်၊ နောက်ပြီး ဥပဒေပြင်ဆင်မှုတွေ လုပ်နေတယ် လို့လည်း ဦးသန်းလွင်က ဆိုပါတယ်။

အခုလို ပုဂ္ဂလိက ဘဏ်တွေက ဝန်ဆောင်မှု ပေးမယ့်အတွက် လက်ရှိ ဟွန်ဒီနဲ့ ငွေလွှဲလုပ်ငန်းတွေ လျော့နည်းသွားမယ်လို့ သူက ပြောပါတယ်။

ဗဟိုဘဏ်ဟာ အတိုးနှုန်းတွေကိုလည်း ၂၀၁၂ ဇန်နဝါရီ လ ၁ ရက်နေ့ကစလို့ ၁၂ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းထိ လျော့ချမယ်လို့ ကြေငြာပါတယ်။

ဒီလို လုပ်တာဟာ ရင်းနှီးမြှပ်နှံမှု တွန်းအားပေးဖို့ နဲ့ စီးပွားရေး တိုးတက်မှု အရှိန်မြှင်ဖို့ အတွက်ဖြစ်တယ်၊ လက်ရှိ မြန်မာ့စီးပွားရေး တိုးတက်မှုက တုန့်ဆိုင်းနေသေးတယ်လို့ ဆိုပါတယ်။