သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရေကြည်ရေသန့် ရဖို့ နည်းလမ်းရှာစို့

  • 15 ဧပြီ 2012
Image caption နည်းပညာသုံးပြီး ထုတ်လုပ်လိုက်တဲ့ ရေနဲ့ ရေညစ်ကို နှိုင်းယှဉ် ပြထားပုံ

ရေအသက် တမနက်လို့ ဆိုရိုး ရှိတဲ့ အတိုင်း လူတွေ အသက်ရှင် နေထိုင်ဖို့ အရေးပါလှတဲ့ ရေကြည်ရေသန့် ရအောင် ထုတ်လုပ်နိုင်တဲ့ နည်းလမ်းကို စုဆောင်း တင်ပြ ပေးထားပါတယ်။

ကိုယ့်အိမ်မှာဘဲ အလွယ်တကူ ရနိုင်တဲ့ ပစ္စည်းတွေနဲ့ တနိုင်တပိုင် ရေကြည်ရေသန့် ထုတ်မယ်ဆိုရင် စုဆောင်းထားရမယ့် ပစ္စည်းတွေကတော့

Image caption လိုအပ်တဲ့ ပစ္စည်းတွေကို ကိုယ့်အနီးတဝိုက်မှာ အလွယ်တကူ ရယူနိုင်

၁။ အပေါက်ပါ ရေအိုး ရေပုံး

၂။ ပိတ်စ

၃။ သန့်စင်ထားတဲ့ သဲ

၄။ သန့်စင်ထားတဲ့ မီးသွေး

၅။ သန့်စင်ထားတဲ့ ကျောက် / ကျောက်စရစ် တို့ ဖြစ်ပါတယ်။

ထုတ်လုပ်နည်း အဆင့်ဆင့် ကတော့ ပထမဆုံး အပေါက်ပါတဲ့ ရေအိုး ရေပုံးကို စင်ကြယ်သွားအောင် ဆေးကြောပါ။ သန့်ရှင်းတဲ့ ပိတ်စကို အပေါက်တွေ ပိတ်သွားအောင် အပေါ်ကနေ ဖြန့်ခင်းလိုက်ပါ။ အဲဒီနောက် သန့်စင်တဲ့ သဲကို ရေအိုးရဲ့ သုံးပုံတပုံလောက် ပိတ်စပေါ်ကနေ ခင်းထည့်ပါ။ တခါ သဲပေါ်ကနေ ပိတ်စ နောက်တလွှာ ထပ်ခင်းပါ။ သန့်စင်ထားတဲ့ မီးသွေးကို ရေအိုးရဲ့ သုံးပုံတပုံလောက် ပိတ်စပေါ်ကနေ တခါ ထပ်ခင်းထားပါ။ တခါ မီးသွေး ပေါ်ကနေ သန့်စင်ထားတဲ့ ကျောက်စရစ်တွေ အိုးရဲ့ သုံးပုံ တပုံလောက်ကို စနစ်တကျ ဖြန့်ခင်းပါ။ အဲဒီလို ပစ္စည်းတွေကို စနစ်တကျ အိုးအပြည့် ဖြည့်ပြီးတဲ့ အခါ အပေါ်ကနေ ရေကြည်နဲ့ လောင်းချလိုက်ပါ။ ကျလာတဲ့ ရေတွေဟာ ကြည်လင် စိတ်ချရမှု အပြည့် ရှိမှာ မဟုတ်သေးပါ။ အဲဒီနောက် သောက်သုံးဖို့ သင့်တဲ့ အထိ ကြည်လင်မှု ရရှိလာအောင် အပေါ်က ရေထပ်လောင်း စစ်ယူပြီး စိတ်ချရတဲ့ အဆင့်ရောက်တဲ့ အခါ သောက်သုံးနိုင်ပါတယ်။

Image caption ရေနောက်တွေထည့်လို့ ရေစစ်အိုးက တဆင့် ရေကြည် ထုတ်ကြည့်ရအောင်

သဲ ၊ ကျောက်စရစ် ၊ မီးသွေးတွေကို သန့်ရှင်းပြီး ရေကြည်နဲ့ စင်ကြယ်အောင် အထပ်ထပ် ဆေးကြော ရပါမယ်။ ပိတ်စကို ရေအမျိုးအစား ရေပမာဏပေါ် မူတည်ပြီး နှစ်လ သုံးလ တကြိမ် ပြန်လဲ သန့်စင် ပေးရပါမယ်။ သဲ ကျောက်စရစ်နဲ့ မီးသွေး တို့ကို ရေစစ်အိုး ပမာဏရဲ့ သုံးပုံတပုံစီ အချိုးကျ ထည့်ပြီး အသုံးပြုရပါမယ်။ ရေငန် ၊ ရေနောက်နဲ့ မသန့်ရှင်းတဲ့ သဲ ၊ ကျောက်စရစ် ၊ မီးသွေးတွေကို မသုံးရပါဘူး ။ အသုံးပြုမှုပေါ် မူတည် နောက်ကျိတဲ့ ရေတွေ ထွက်လာပါက ဆက်လက် မသုံးသင့်တော့ပါ။ ရေစစ်အိုးပေါ်ကနေ ရေကြည်နဲ့ ထပ်မံလောင်းထည့် သန့်စင်ပြီးမှ ဆက်လက် သုံးရပါမယ်။

အထက်ပါ နည်းပညာနဲ့ ဓါတ်ပုံ များကို အကြီးတန်း မြို့ပြ အင်ဂျင်နီယာ ဉီးသန်းနိုင်နဲ့ နာရေး ကူညီမှု အသင်း ( ရန်ကုန် )တို့က ကူညီ ပံ့ပိုးပေးခဲ့တာ ဖြစ်ပါတယ်။