ဆီးရီးယားဟာ အတိမ်းအစောင်းမခံတဲ့ အခြေအနေရောက်

Image caption သမ္မတ Assad နဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ် Kofi Annan တွေ့ဆုံခဲ့

ဆီးရီးယား နိုင်ငံ Houla မြို့မှာ အရပ်သား တရာကျော် အသတ်ခံခဲ့ရ အပြီးမှာ ဆီးရီးယား နိုင်ငံဟာ အတိမ်းအစောင်းမခံတဲ့ အချိန်မျိုးကို ရောက်နေပြီးလို့ ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ အထူးကိုယ်စားလှယ် Kofi Annan က ဆီးရီးယား သမ္မတ Assad ကို ပြောကြားလိုက်ပါတယ်။

ဒမာ့စကပ်စ်မြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ မစ္စတာ Annan က အချက်၆ချက်ပါ ငြိမ်းချမ်းရေး စီမံကိန်းကို အကောင်အထည်ဖေါ်ရေးအတွက် သိသာထင်ရှားတဲ့ ဆောင်ရွက်ချက်တွေ အမြန်ဆုံးလုပ်ဖို့ မစ္စတာ Assad ကို သူတိုက်တွန်းခဲ့တယ်လို့ ပြောပါတယ်။

ဆီးရီးယား စစ်တပ်နဲ့ စစ်တပ်ကို ထောက်ခံ အားပေးတဲ့ ပြည်သူ့စစ် လက်နက်ကိုင် အဖွဲ့တွေ အားလုံး အနေနဲ့ စစ်ရေး လှုပ်ရှားမှုတွေ အားလုံး ရပ်ဆိုင်းဖို့ကိုလည်း မစ္စတာ Annanက ထပ်မံ ပြောခဲ့ပါတယ်။

ပြင်သစ် သမ္မတ Francois Hollande ကလည်း Bashar al-Assad ဟာ သူ့ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာ ဖြစ်ကြောင်းနဲ့ ဒါကို တားဆီးဖို့ အတွက် စစ်ရေးနည်းနဲ့ အရေးယူတာမျိုးကို ထည့်မတွက်ပဲ နေမှာ မဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။

ဒါပေမယ့်လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ကြီးကြပ်မှု အောက်မှာပဲ လုပ်သွားမှာ ဖြစ်တယ်လို့ သမ္မတ Francois Hollande က အလေးအနက် ပြောသွားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က Houla မြို့မှာ အသတ်ခံခဲ့ရသူ အများစုဟာ အနီးကပ် ချိန်ရွယ် ပစ်သတ်ခံခဲ့ရတာလို့ ယူဆရကြောင်း ကုလသမဂ္ဂ အဖွဲ့က ပြောပါတယ်။

သေဆုံးခဲ့သူတွေထဲက အယောက် ၂၀တောင် မရှိသလောက် လူတွေသာ တင့်ကား ဒါမှမဟုတ် အမြောက်ဒဏ်ကြောင့် သေဆုံးခဲ့ရတာလို့ ဆီးရီးယားမှာ ရှိတဲ့ ကုလသမဂ္ဂ စောင့်ကြည့်လေ့လာရေး အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ သိရပါတယ်။

အခု သတ်ဖြတ်မှု အထူးသဖြင့် ကလေးငယ်တွေကို သတ်ဖြတ်ခဲ့မှုကို လူမဆံတဲ့ ရာဇဝတ်မှုအဖြစ် သတ်မှတ်လို့ ရနိုင်ဘွယ် ရှိတယ်လို့ ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။

ဒီသတ်ဖြတ်မှုဟာ အပြစ်မဲ့သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှု ဖြစ်တယ်လို့ အမေရိကန် အစိုးရက ပြောဆိုလိုက်ပြီး ဒီသတ်ဖြတ်မှုကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ မနေ့တုန်းက အနောက်အုပ်စုနိုင်ငံ အတော်များများက ဆီးရီးယား သံတမန်တွေကို သူတို့နိုင်ငံတွေထဲက နှင်ထုတ်လိုက်ကြပါတယ်။