ကမ္ဘာကို မျှော်လင့်ချက်ကောင်းပေးဖို့ အက်ဘော့ပြော

  • 15 နိုဝင်ဘာ 2014
abbot ဓာတ်ပုံ မူပိုင် Getty
Image caption ဩစတေးလျ ဝန်ကြီးချုပ် တိုနီ အက်ဘော့

သြစတေးလျ နိုင်ငံမှာ ကျင်းပတဲ့ စက်မှုအင်အားကြီး နိုင်ငံတွေရဲ့ ဂျီ20 အစည်းအဝေးဟာ ကမ္ဘာတဝန်းက ပြည်သူတွေကို မျှော်လင့်ချက် ကောင်းတွေ ပေးနိုင်ဖို့ အတွက် အခွင့်အရေး တခုဖြစ်တယ်လို့ သြစတေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့က ပြောပါတယ်။

ဘရစ္စဘိန်းမြို့မှာ ကျင်းပတဲ့ အစည်းအဝေးမှာ ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့ကို ဦးစားပေး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

နောက်ပြီး အနောက်အာဖရိကက အီဘိုလာ ရောဂါ ကူးစက်ပြန့်ပွားမှုနဲ့ ယူကရိန်း အရေးတွေကိုလည်း ဆွေးနွေးကြဖို့ ရှိပါတယ်။

ဒီအစည်းအဝေးဖွင့်ပွဲမှာ မစ္စတာ အက်ဘော့က ကမ္ဘာ့ပြည်သူတွေကို ကမ္ဘာ့စီးပွားရေး ဘယ်ဘက်ကို ဦးတည်နေပြီလဲ ဆိုတာကို အသိပေးဖို့ လိုတယ်လို့ ဆိုပါတယ်။

မစ္စတာ အက်ဘော့က ကမ္ဘာတဝန်းမှာ ပြဿနာ မျိုးစုံ ကြုံတွေ့ နေရတဲ့အကြောင်း၊ အရှေ့အလယ်ပိုင်း ဒေသရော ဥရောပ အရှေ့ပိုင်းမှာရော ပြဿနာတွေ ကြုံနေရတဲ့အကြောင်း၊ နောက်ပြီး အနောက်အာဖရိကမှာလည်း ပြဿနာတွေ ရှိနေတဲ့အကြောင်းပြောပါတယ်။

ဆက်လက်ပြီး စီးပွားရေး တိုးတက်မှု ပိုင်းမှာကလည်း ခုထက်ထိ မခိုင်မာသေးကြောင်း ဒါကြောင့် အခု အစည်းအဝေးကနေ အကောင်းဘက်ကနေ မျှောင်လင့်နိုင်မယ့် သတင်းစကားတွေ ပေးဖို့ လိုတဲ့အကြောင်း ပြောကြား သွားခဲ့ပါတယ်။