ချယ်လ်ဆီး ဘယ်လို ချန်ပီယံ ဖြစ်လာလဲ

  • 16 မေ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption နည်းပြ ကွန်တေရဲ့ စွမ်းဆောင်မှုအဖြစ် ဂုဏ်ပြုနေကြ

၁၉၀၅ ခုနစ်က စတင်တည်ထောင်ခဲ့တဲ့ လန်ဒန် ကလပ် ချယ်လ်ဆီးအသင်းဟာ ၂၀၁၆-၁၇ အင်္ဂလန် ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်လာလို့ သမိုင်းတစ်လျောက် ပရီမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုကို ၆ ကြိမ်မြောက်ရခဲ့တာ ဖြစ်ပါတယ်။

နည်းပြမော်ရင်ညိုနောက်ဆုံး ကိုင်ခဲ့တဲ့အချိန်တုန်းကထက် အီတလီလူမျိုးနည်းပြ အန်တိုနီယို ကွန်တေ လက်ထက်မှာ ချယ်လ်ဆီးရဲ့ ဒီရာသီ ခြေစွမ်း ထက်လာခဲ့ပါတယ်။

ချယ်လ်ဆီး ဘယ်လို ဗိုလ်စွဲခဲ့လဲ

ချယ်လ်ဆီးဟာ ရာသီအစပိုင်းတုန်းက လီဗာပူးလ်၊ အာဆင်နယ်တို့ကို ရှုံးပြီးမှ ကွန်တေ အားသန်တဲ့ ၃-၄-၃ ပုံစံကို ပြောင်းလဲခဲ့ပြီးနောက် ပရီမီးယားလိဂ်မှာ ဆက်တိုက် ၁၃ ပွဲအထိ နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ဝက်စ်ဘရွန်းကို အဝေးကွင်းမှာ မစ်ရှီ ဘတ်ရွိုင်းယိရဲ့ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ချယ်လ်ဆီး ဟာ လက်ကျန် ၂ ပွဲအလို ရ မှတ် ၈၇ မှတ်နဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒီရာသီ ချယ်လ်ဆီးအသင်းရဲ့ အောင်မြင်မှုနဲ့ တစ်ရာသီလုံး ခြေစွမ်းပြခဲ့ပြီး ချန်ပီယံဖြစ်ခဲ့တာတွေ၊ တစ်ခါ လက်ရှိ ချယ်လ်ဆီး အသင်းနဲ့ အရင် ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းတွေ အကြား ဘာတွေ ကွာခြားမှုရှိသလဲ စတဲ့ သုံးသပ်ချက်တွေကို အားကစားလောင်ရှင်တွေနဲ့ ချယ်လ်ဆီး ပရိသတ်တွေက သူတို့ရဲ့ အမြင်တွေကို အခုလို ပြောပြထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကိုဇော်မျိုးသန့်ရဲ့ သုံးသပ်ချက် - ဒီရာသီ ချယ်လ်ဆီးရဲ့ ခြေစွမ်း

ချယ်လ်ဆီးရဲ့ ခေတ်လား

မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့နှစ်သင်းပဲ စိုးမိုးလာခဲ့တဲ့ အင်္ဂလန် ပရီးမီးယားလိဂ် မှာ ချယ်လ်ဆီးဟာ ၂၀၀၃ ခုနှစ်နှစ်အထိ အလယ်အလတ်အသင်း တစ်သင်းအနေနဲ့သာ ရှိခဲ့ပါ တယ်။

၂၀၀၃ ခုနှစ် ဇူလိုင်လမှာ အသင်းပိုင်ရှင်ဖြစ်သူ ကမ်ဘိတ်စ်က ရုရှား ဘီလျံနာ အီဘရာမိုဗစ်ကို ရောင်းချလိုက်ပြီးနောက်ပိုင်း သူ့ရဲ့ ငွေကြေးတွေနဲ့ နာမည်ကျော် ကစားသမားတွေကို ခေါ်ယူပြီး အသင်းကို တည်ဆောက်ခဲ့ပါတယ်။

၂၀၀၄-၀၅၊ ၂၀၀၅-၀၆၊ ၂၀၁၄-၁၅ ရာသီတွေမှာ ဂျိုဇေ မော်ရင်ညိုနဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံ ၃ကြိမ်၊ တစ်ခါ ၂၀၀၉-၁ဝရာသီမှာ အန်ဆယ် လော့တီနဲ့ တစ်ကြိမ် ချန်ပီယံဖြစ်ခဲ့တဲ့ ချယ်လ်ဆီးဟာ အီတလီလူမျိုးနည်းပြ ကွန်တေနဲ့အတူ နောက်ထပ် ပရီးမီးယားလိဂ် ချန်ပီယံ ထပ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အသင်းပိုင်ရှင် အီဘရာမိုဗစ် လက်ထက် ၁၄ နှစ်အတွင်းမှာ ပရီးမီးယားလိဂ် ၅ ကြိမ်ရခဲ့တာဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကိုနန္ဒဝန်ငြိမ်းချမ်းရဲ့ သုံးသပ်ချက် - အရင် ချယ်လ်ဆီးချန်ပီယံအသင်းတွေနဲ့ ဒီနှစ် ချန်ပီယံအသင်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ချယ်လ်ဆီး ပရိသတ်တွေရဲ့ အမြင်