ရိုနယ်ဒို နှစ်ဂိုးသွင်းပြီး ရီးရဲလ် ဥရောပ ချန်ပီယံလိဂ် ဖလား ၂ နှစ်ဆက် ရယူ

  • 3 ဇွန် 2017
Image caption ၄နှစ်မှာ ဥရောပ ချန်ပီယံ ၃ ကြိမ်ဖြစ်

စပိန် အင်အားကြီး အသင်း ရီးရဲလ်မက်ဒရစ်က အီတလီ အသင်း ယူဗင်းတပ်စ်ကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ဥရောပ ချန်ပီယံလိဂ် ဖလားကို ၂ နှစ်ဆက် ရယူ လိုက်ပါတယ်။

ဒီပွဲမှာ ခရစ္စတီယာနို ရိုနယ်ဒို အဖွင့်ဂိုး အပါအဝင် ၂ ဂိုး သွင်းယူ ခဲ့ပါတယ်။

ဝေးလ်စ် မြို့တော် ကားဒစ်ဖ်မှာ ကစားခဲ့တဲ့ ဥရောပ ချန်ပီယံလိဂ် နောက်ဆုံး ဗိုလ်လုပွဲမှာ ရိုနယ်ဒိုက ပထမပိုင်း မိနစ် ၂ဝ မှာ ရီးရဲလ်အတွက် ဦးဆောင်ဂိုး သွင်းခဲ့ပြီး၊ ယူဗင်တပ်စ် ရှေ့တန်းလူ မာရီယို မန်ဇုကစ်ချ်က ၂၇ မိနစ်မှာ ချေပဂိုး သွင်းခဲ့ပါတယ်။

တစ်ဂိုးစီ သရေနဲ့ ပထမပိုင်း ပြီးခဲ့ပြီး၊ ဒုတိယပိုင်း မှာတော့ ရီးရဲလ်က ကစားကွက် စီးပြီး ကစား နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ၆၁ မိနစ်မှာ ရီးရဲလ်ရဲ့ ဘရာဇီး ကွင်းလယ်လူ ကက်စီမီရိုက ဂိုးသွင်းခဲ့ပြီး၊ နောက် ၃ မိနစ် အတွင်းမှာပဲ ရိုနယ်ဒိုလည်း ဂိုးထပ်သွင်း ခဲ့လို့ မန်နေဂျာ ဇီဒန်း ရဲ့ ရီးရဲလ် အတွက် အနိုင်ပွဲ သေချာ စေခဲ့ပါတယ်။

၈၄ မိနစ်မှာ ယူဗင်းတပ်စ် တောင်ပံ ကစားသမား ကွာဒရာဒိုး နှစ်ဝါ တစ်နီထိပြီး ထွက်ခဲ့ရပါတယ်။

ပွဲပြီးကာနီး မိနစ် ၉ဝ မှာတော့ ရီးရဲလ် အလယ်တန်း တိုက်စစ်သမား အာဆင်းဆီအိုက ၄ ဂိုးမြောက် အနိုင်ဂိုး သွင်းခဲ့တဲ့ အတွက် ရီးရဲလ်က ၄ ဂိုး ၁ ဂိုးနဲ့ ပြတ်ပြတ်သားသား နိုင်သွားပြီး ဥရောပ ချန်ပီယံဆုကို စံချိန်တင် ၁၂ ကြိမ်မြောက် ဆွတ်ခူး နိုင်ခဲ့ပါတယ်။

ပြင်သစ် လက်ရွေးစင်ဟောင် ဇီဒန်းဟာ ပြီးခဲ့တဲ့ ၂ဝ၁၆ နှစ်စမှာ ရီးရဲလ်ကို စတင် တာဝန် ယူခဲ့ပြီး ကတည်းက ဥရောပ ချန်ပီယံလိဂ် ဖလားကို ၂ နှစ်ဆက် ယူပေး နိုင်ခဲ့သလို၊ အခုနှစ် လာလီဂါ ဖလားလည်း အသင်းအတွက် ယူပေး နိုင်ခဲ့ပါတယ်။

အီတလီ စီးရီးအေ ချန်ပီယံ ယူဗင်းတပ်စ်ကတော့ ဒီ နှစ် ဖိုင်နယ်ပွဲ အပါအဝင် ဥရောပ ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲ အထိ တက်ပြီးမှ ရှုံးခဲ့တာ ၅ ကြိမ်မြောက် ဖြစ်ပါတယ်။

ဒဏ်ရာက ပြန်သက်သာစ ရီးရဲလ် ရှေ့တန်းလူ ဂဲရတ်သ်ဘေးလ် တစ်ယောက် ပွဲအစမှာ မပါဝင် ခဲ့ရပေမယ့် ၇၇ မိနစ်မှာ လူစားထိုး ဝင်ခဲ့ရတာကြောင့် သူ့ ဇာတိမြို့ ကားဒစ်ဖ်မြေမှာ ဥရောပ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ကစားခဲ့ရပါတယ်။