မန်ယူက လူကာကူးကို ပေါင် ၇၅ သန်းနဲ့ ဝယ်ပြီ

  • 6 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption လူကာကူးက ပြီးခဲ့တဲ့ ပရီမီးယားလိဂ်ရာသီမှာ ဒုတိယ ဂိုးအများဆုံးသွင်းသူ

အယ်ဗာတန်အသင်းက တိုက်စစ်မှူး လူကာကူးကို မန်ချက်စတာ ယူနိုက်တက်အသင်းက ပေါင် ၇၅ သန်းနဲ့ ဝယ်ဖို့ သဘောတူလိုက်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ဘယ်လ်ဂျီယံနိုင်ငံသား ရိုမယ်လူ လူကာကူးက ပြီးခဲ့တဲ့နှစ်က ပရီမီးယားလိဂ်မှာ ၂၅ ဂိုးသွင်းထားသူ ဖြစ်ပါတယ်။

လူကာကူးဟာ ပေါလ် ပေါ့ဂ်ဘာပြီးရင် မန်ယူက ဒုတိယဈေးအများဆုံးပေး ဝယ်ယူတဲ့ ကစားသမား ဖြစ်လာပါတယ်။

လူကာကူးကို ချယ်လ်ဆီးအသင်းက ပြန်လည်ခေါ်ယူ ဖို့ စိတ်ဝင်စားနေသူဖြစ်ပြီး မန်ယူက မြင့်မားတဲ့ပြောင်းရွှေ့ကြေးပေးပြီး ကမ်းလှမ်းမှုကို အယ်ဗာတန်က လက်ခံခဲ့တာဖြစ်ပါတယ်။

လူကာကူးဟာ ချယ်လ်ဆီးနည်းပြအဖြစ် မော်ရင်ညို ကိုင်တွယ်ခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းက အယ်ဗာတန်ကို ပေါင် ၂၈ သန်းနဲ့ ရောင်းချခဲ့ဖူးသူဖြစ်ပြီး မော်ရင်ညိုက မန်ယူမှာ တစ်ကျော့ပြန် လက်တွဲဖို့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

မန်ယူဟာ ရီးယဲယ်ရဲ့ မိုရော့တာကို ဒီနှစ် နွေရာသီတစ်လျှောက်လုံး ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် ရီးယဲယ်က ပေါင် ၇၈သန်းအထိ အလိုရှိ နေတာကြောင့် လူကာကူးကို ပြောင်းလဲ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

မန်ယူရဲ့ သမိုင်းတစ်လျောက် ဂိုးအများဆုံးသွင်းထားတဲ့ ရူနီ ကတော့ သူငယ်ငယ်ကတည်းက အားပေးလာခဲ့တဲ့ အယ်ဗာတန်ကို ပြန်လည်ပြောင်းရွှေ့မှာဖြစ်ပြီး နံပါတ် ၁၀ ဝတ်ဆင်ကစားမှာ ဖြစ်တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြနေပါတယ်။

အယ်ဗာတန်ဟာ လူကာကူးကို မန်ယူကို ရောင်းချပြီးနောက် အာဆင်နယ်ရဲ့ ဂျီရူးကို ပေါင်သန်း ၂၀ပေးပြီး ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ