ဂျူဂျစ်ဆုသမားတဦးရဲ့ ဘဝကောက်ကြောင်း

  • 23 ဖေဖော်ဝါရီ 2018
ဓာတ်ပုံ မူပိုင် Dux Carvajal / One Championship
Image caption ယုံကြည်မှုအပြည့်နဲ့ ယှဉ်ပြိုင်မယ့် အောင်လရဲ့ ပြိုင်ဘက် မချာဒို

ဘရာဇီးနိုင်ငံ ရီယို ဒီ ဂျနေယို ဖွား အလက်ဇန္ဒား မချာဒိုဟာ ငယ်ငယ်ကတည်းက ဂျူဂျစ်ဆု ကိုယ်ခံပညာကို ဖခင်ဆီကနေ သင်ယူခဲ့သူဖြစ်ပါတယ်။ ဖခင်ဖြစ်သူက ပြည်နယ်ရဲတပ်ဖွဲ့ အရာရှိ တယောက် ဖြစ်သလို ဂျူဂျစ်ဆု နည်းပြဆရာလည်း ဖြစ်ပါတယ်။

ဒီလို ဖခင်ဆီက ဂျူဂျစ်ဆု ပညာအမွေဆက်ခံခွင့်ကို ကလေးဘဝမှာ ရခဲ့ပေမယ့် ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ ဖခင်ဖြစ်သူက ရဲတပ်ဖွဲ့ တာဝန်ထမ်းဆောင်ရန် ရီယိုမြို့ကြီးမှာ သတ်ဖြတ်ခံခဲ့ရပါတယ်။ မိသားစုမှာ ဖခင် သေဆုံးခဲ့ရတာ အတွက် အခုအချိန်အထိတိုင် ပူဆွေးဝမ်းနည်းနေရဆဲလို့ သူက ဆိုပါတယ်။

ဒါပေမယ့် မချာဒိုတို့ မိသားစု ကြိုးစား ရုန်းကန်ပြီး ဘဝမှာ ဆက်လက် ရှင်သန် ရပ်တည် နိုင်ခဲ့ပါတယ်။ သူ့ နှမနဲ့ ညီကို ဖခင်ဆီက သင်ယူခဲ့တာတွေ လက်ဆင့်ကမ်း ပြန်ပေးခဲ့တယ်လို့လည်း မချာဒိုက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အောင်လနဲ့မချာဒိုပွဲ အပေါ် ဂျူဂျစ်ဆုနည်းပြဆရာ တယောက်ရဲ့ သုံးသပ်ချက်

နောက်ပိုင်းမှာ မချာဒိုဟာ ဘရာဇီး ဂျူဂျစ်ဆု ပြိုင်ပွဲစုံမှာ ပါဝင် ယှဉ်ပြိုင်လာနိုင်ခဲ့သလို တိုက်ခိုက်ရေး အားကစား သမားတယောက် အနေနဲ့ အသက်မွေးခဲ့ပါတယ်။

ဂျူဂျစ်ဆုက သူ့ဘဝ ခရီး တိုးတက်ရာ တိုးတက်ကြောင်းမှာ ကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ဂျူဂျစ်ဆုကို သူ ချစ်မြတ်နိုးပြီး ဒါက ပြီးပြည့်စုံတဲ့ တိုက်ခိုက်ရေး ပညာ တရပ် ဖြစ်တယ်လို့ ရှုမြင်ထားသူပါ။

ပြိုင်ဘက်ရဲ့ လက်သီးချက် ၁ ချက်မှ မထိဘဲ ပြိုင်ဘက်ကို ချုပ်ကွက်နဲ့ လျင်လျင်မြန်မြန်ပဲ အနိုင်ယူနိုင်တယ်လို့လည်း မချာဒို ယုံကြည်ထားပါတယ်။

ဂျူဂျစ်ဆုကြောင့်ပဲ သူဟာ ပိုမိုကောင်းမွန်တဲ့ လူသား တယောက် ဖြစ်ခဲ့ရသလို စည်းကမ်းတကျ နေထိုင်တတ်မှုနဲ့ သူတပါးအပေါ် လေးစားစိတ်တွေကိုလည်း ဂျူဂျစ်ဆုကပဲ မွေးမြူပေးခဲ့တယ်လို့ မချာဒိုက ပြောပါတယ်။

အခု ဂျူဂျစ်ဆု ကျွမ်းကျင်သူ မချာဒိုရဲ့ တိုက်ကွက်တွေကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက် သောကြာည ရန်ကုန်က ရန်ကုန် သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံထဲမှာ မျက်ဝါးထင်ထင် မြင်ရတော့မှာပါ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အောင်လနဲ့ ထိုးဖို့ မချာဒို ဘယ်လို ပြင်ထားသလဲ

One Championship က ကျင်းပတဲ့ Mixed Martial Arts (MMA) လို့ ခေါ်တဲ့ ကိုယ်ခံပညာပေါင်းစုံ အသုံးပြုကစားရတဲ့ ပြိုင်ပွဲရဲ့ Light Heavyweight တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်လုပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်မယ့် ကချင်ပြည်နယ်ဖွား အမေရိကန်နိုင်ငံသား အောင်လအန်ဆန်းနဲ့ မချာဒို ယှဉ်ပြိုင်ထိုးသတ်ရပါမယ်။

အောင်လအန်ဆန်းကလည်း Burmese Python မြန်မာစပါးအုံးမြွေ ဆိုပြီး အချုပ် အဖမ်း နာမည်ကြီးသလို ဂျူဂျစ်ဆု ကျွမ်းကျင်သူ တယောက် ဖြစ်လို့ ဒီပွဲက ချုပ်ကွက် ကျွမ်သူ ၂ ဦး ထိပ်တိုင် ရင်ဆိုင်ရတဲ့ ပွဲ ဖြစ်ပါတယ်။

ရန်ကုန်မှာပဲ မနှစ်က ကစားခဲ့တဲ့ ကပ်လျက်ပွဲမှာ အလဲထိုးဘုရင် မွေထိုင်း လက်ဝှေ့ ချန်ပီယံ အာလိန်း ဂလားနီးကို ပထမ အချီမှာ တင် နာမည်ကြီး ချုပ်ကွက်နဲ့ အနိုင်ယူခဲ့တဲ့ အောင်လအန်ဆန်းက အခု ပြိုင်ပွဲမှာတော့ ပြိုင်ဘက် မချာဒိုက သူ့လိုပဲ အဖမ်း၊ အချုပ် ကျွမ်းကျင် ပိုင်နိုင်သူ ဖြစ်နေလို့ Ground Fighting ကစားနည်းဖြစ်တဲ့ မြေပြင် အဖမ်း အချုပ် အလုံး နပမ်းနဲ့ ဂျူဂျစ်ဆု တိုက်နည်းတွေ သုံးမှာ မဟုတ်ဘဲ အထိုး အကန်တွေနဲ့ တိုက်ကွက်ဖော်မယ်လို့ ဘီဘီစီကို ပြောပါတယ်။

မချာဒို ကတော့ Ground Fighting မှာ သူ ကျွမ်းကျင်တာ မှန်ပေမယ့် Stand-up fighting လို့ခေါ်တဲ့ မတ်တပ်ရပ်လျက် ထိုးသတ်ကစားဖို့ကိုလည်း ပြင်ဆင်ထားတယ်လို့ ဘီဘီစီနဲ့ သီးသန့် မေးမြန်းခန်းမှာ ဖြေထားပါတယ်။

ဓာတ်ပုံ မူပိုင် Dux Carvajal / One Championship
Image caption ရာနှုန်းပြည့် အနိုင်စိတ်မွေးထား

မချာဒိုက သူ အမြဲတမ်း ၁၀၀ ရာခိုင်နှုန်း အနိုင် စိတ်ကို မွေးပြီး ပွဲတိုင်းမှာ အောင်နိုင်သူဖြစ်ဖို့ ယုံကြည်ထားတယ်လို့လည်း ဆိုပါတယ်။ ဒါက တိုက်ခိုက်ရေးသမား တယောက် အတွက် ချန်ပီယံဖြစ်ဖို့ လိုအပ်တဲ့ အဓိက အချက်လို့ သူက ပြောပါတယ်။

မချာဒိုဟာ ကိုယ်ခံပညာ ပေါင်းစုံ အသုံးပြု ကစားရတဲ့ အမ်အမ်အေ ပြိုင်ပွဲတွေမှာ ၁၁ ပွဲ ကစား၊ ၉ ပွဲ နိုင်ထားတဲ့ မှတ်တမ်း ရှိသလို အမ်အမ်အေ လက်တင်အမေရိက ဟဲဗီးဝိတ် တန်းနဲ့ အာမာဂါဒိုး ဟဲဗီးဝိတ်တန်း နပမ်းပြိုင်ပွဲတွေမှာလည်း ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

အခုပွဲမှာလည်း ပြိုင်ဘက် အောင်လကို အနိုင်ယူနိုင်ဖို့ တိုက်ခိုက်နည်းမျိုးစုံနဲ့ ပြင်ဆင် လေ့ကျင့်ထားတယ်လို့ ယုံကြည်ချက် အပြည့်နဲ့ ပြောဆိုထားပါတယ်။

လက်ရှိ One Championship Middleweight တန်းရဲ့ ကမ္ဘာ့ ချန်ပီယံ ဖြစ်တဲ့ အောင်လအန်ဆန်းကတော့ အခု Light Heavyweight ရွှေခါးပတ်လုပွဲမှာ မချာဒိုကို အနိုင်ယူပြီး ဝိတ်တန်း ၂ ခု မှာ ပထမဆုံး ချန်ပီယံ ဖြစ်သူ အဖြစ် သမိုင်းသစ် ရေးထိုးမယ်လို့ ကြွေးကြော်ထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကမ္ဘာ့ချန်ပီယံ အောင်လ ဘရာဇီး ဂျူဂျစ်ဆု သမားကို ဘယ်လို ထိုးမလဲ

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ