လစ်ဗာပူးလ် ဂိုးသမားရဲ့ လက်ဆောင်ဂိုးနဲ့ ဘေးလ်ရဲ့ ဘိုင်စကယ်ကစ်တို့ကြောင့် ရီးယဲ ဗိုလ်စွဲ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ရီးယဲမက်ဒရစ်က လစ်ဗာပူးကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံလိဂ် ဖလားဆွတ်ခူး

ရီးယဲမက်ဒရစ်ဟာ ချန်ပီယံလိဂ် ဖလားကို ၃ ကြိမ်ဆက်တိုက်ရယူသွားခဲ့ပါပြီ။

စနေညက ကန်ခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးယဲမက်ဒရစ် အသင်းဟာ လစ်ဗာပူး အသင်းကို ၃ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

လစ်ဗာပူးလ် အသင်းဟာ အစပိုင်းမှ ဖိကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လစ်ဗာပူး အသင်းအတွက် စိတ်ပျက်စရာဖြစ်ခဲ့တာကတော့ သူတို့ရဲ့ အားအကိုးရဆုံးတိုက်စစ်မှူးဖြစ်တဲ့ မိုဟာမက်ဆလားဟာ ၃၁ မိနစ်မှာပဲ ဒဏ်ရာရပြီးပွဲက ထွက်သွားခဲ့ရပါတယ်။ ဆလားထွက်သွားပြီးနောက်မှာ မြင်ကွင်းဟာ လုံးဝပြောင်းလဲသွားခဲ့ပါတယ်။

ကွင်းလယ်ဖန်တီးရှင် ဆလား မရှိတော့တဲ့နောက်မှာ ရီးယဲမက်ဒရစ်က အသာစီးပြန်ရလာခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ၅၁ မိနစ်အချိန်မှာတော့ လစ်ဗာပူးလ် ဂိုးသမား လော်ရစ် ကဲရီးယပ်စ် ဟာ ချန်ပီယံလိဂ် သမိုင်းမှာ အဆိုးဆုံးအမှားကို လုပ်ခဲ့ပါတယ်။ ရှေ့မှာ ဘန်ဇီးမားရှိတဲ့အချိန် ဘောလုံးကို လက်နဲ့အသာပစ်ပေးလိုက်ရာမှာ ဘောလုံးဟာ ဘန်ဇီးမားရဲ့ခြေနဲ့ထိပြီး ဂိုးသမားရဲ့ဘေးကနေ အသာလေးလိမ့်ဝင်သွားခဲ့ပါတယ်။ ပထမတဂိုးဟာ ရီးယဲမက်ဒရစ် အတွက် မေတ္တာလက်ဆောင်ဖြစ်သွားခဲ့ပါတယ်။

အဲဒီဂိုးပေးအပြီး ၄ မိနစ် အကြာမှာပဲ ဆာဒီယို မာနေးက လစ်ဗာပူး အတွက်ချေပဂိုးပြန်သွင်းနိုင်ခဲ့တဲ့အတွက် လစ်ဗာပူး နည်းနည်း စိတ်ဓာတ်ပြန်တက်ခဲ့ပါတယ်။

ဒါပေမယ့် ၆၄ မိနစ်အချိန်မှာတော့ လူစားဝင်လာတဲ့ ဂရက်သ် ဘေးလ်က မထင်မှတ်ပဲ ဘိုင်စကယ်ကစ် နဲ့ လှလှပပနောက်ပြန်ကန်သွင်းသွားတဲ့ အတွက် ရီးယဲ အတွက် ဒုတိယဂိုးကို ရသွားပါတယ်။

မိနစ် ၇၀ အချိန်မှာ ဆာဒီယို မာနေးဟာ အဝေးကနေ လှပတဲ့ကန်ချက်နဲ့ ရီးယဲဘက်ကို ကန်သွင်းခဲ့ပေမယ့် ဂိုးတိုင်နဲ့ထိပြီးထွက်သွားခဲ့ပါတယ်။

၈၃ မိနစ်မှာတော့ ဂရက်သ်ဘေးလ် အဝေးကနေ ကန်လိုက်တဲ့ ဘောလုံးဟာ လစ်ဗာပူးလ်ဂိုးသမား လော်ရစ် ကဲရီးယပ်စ် ရဲ့လက်နဲ့ထိပြီးမှ ဂိုးသွားခဲ့ပြန်ပါတယ်။

မိုဟာမက်ဆလား ဒဏ်ရာရသွားတာရယ်၊ ဂိုးသမား လော်ရစ်စ် ကဲရီးယပ်စ်ရဲ့ အမှားတွေရယ်ဟာ ချန်ပီယံစ်လိဂ်ပွဲအတွက် အဆုံးအဖြတ်ဖြစ်သွားခဲ့ပါတယ်။