ဥရောပ ဘောလုံး ချန်ပီယံ သမိုင်း

ဓာတ်ပုံ မူပိုင် BBC World Service

လေးနှစ် တကြိမ်ကျင်းပတဲ့ ဥရောပချန်ပီယံ ဗိုလ်လုပွဲကြီးကို ဇွန် လ ၈ ရက်နေ့မှာ ပိုလန်နဲ့ ယူကရိန်းနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးကျင်းပတာ အခုဆိုရင် ၁၄ ကြိမ် ရှိပါပြီ။

ဥရောပ ဘောလုံး ချန်ပီယံ သမိုင်းကို ပြန်ကြည့်မယ် ဆိုရင် ၁၉၂၇ ခုနှစ်မှာ ဥရောပတိုက်ထဲက ဘောလုံးအသင်းတွေချည်းပဲ ယှဉ်ပြိုင်ကြဖို့ ရည်ရွယ်ချက်နဲ့ ပြင်သစ် ဘောလုံး အဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး Heni Delaunay ဒီအစီအစဉ်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။

ကနဦး တုန်းကတော့ ဒီအစီအစဉ်ကို ထောက်ခံတဲ့သူ အနည်းအကျဉ်းသာ ရှိခဲ့ပါတယ်။ ဒါကြောင့် ဒီပြိုင်ပွဲကို ၁၉၆ဝ ခုနှစ်မှာမှ စတင်နိုင်ခဲ့ပါတယ်။ ၁၉၈ဝ ခုနှစ် အထိ အသင်းလေးသင်းသာ နောက်ဆုံး အဆင့်အနေနဲ့ ယှဉ်ပြိုင်ခွင့် ရတာပါ။ အခုတော့ ခြေစစ်ပွဲအောင်မြင်တဲ့ အသင်း ၁၆ သင်း ပါ၀င် ယှဉ်ပြိုင်နိုင်ပြီး အရေးပါတဲ့ ဘောလုံးချန်ပီယံ ပြိုင်ပွဲကြီးတခု ဖြစ်လာခဲ့တာပါ။

ပြီးခဲ့တဲ့ ပြိုင်ပွဲ ၁၃ ခုထဲက နောက်ဆုံးကန်ခဲ့တဲ့ ပြိုင်ပွဲ တချို့ကို အကျဉ်း ဖော်ပြရရင် . . .

ဓာတ်ပုံ မူပိုင် BBC World Service

၂၀၀၈ – သြစတြီးယားနဲ့ ဆွစ်ဇာလန်နိုင်ငံတွေမှာ ပူးတွဲ ကျင်းပခဲ့ပြီး ဒီပွဲမှာ စပိန်အသင်းက ဒုတိယအကြိမ်မြောက် ယူရိုဖလားကို ဆွတ်ခူးခဲ့ပါတယ်။ နှစ်ပေါင်း ၄၄ နှစ်ကြာမှ ဒုတိယအကြိမ်ရတာပါ။ ပြိုင်ပွဲမှာ အသင်းအများစုရဲ့ ခြေစွမ်းတွေ ထက်ကြလို့ ကြည့်ကောင်းခဲ့တဲ့ ပွဲစဉ်တွေလည်း အများကြီး တွေ့ခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service

၂၀၀၄ – မထင်မှတ်ပဲ ဂရိအသင်း ဗိုလ်စွဲခဲ့ပါတယ်။ အိမ်ရှင် ပေါ်တူဂီအသင်း အောင်ပွဲခံနိုင်မယ်လို့ အများကို ထင်ထားခဲ့ကြတာပါ။ ပေါ်တူဂီအသင်းဟာ ဖိုင်နယ်အထိ ရောက်ခဲ့ပေမယ့် ဂရိအသင်းနဲ့ တွေ့တဲ့အခါမှာတော့ အရေးနိမ့်ခဲ့ရပါတယ်။ ဂရိဟာ ခံစစ်အနေအထားကနေ တိုက်စစ်သမားတွေကို တွန်းလှန်နိုင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service

၂၀၀၀ – ပြင်သစ်အသင်း ယူရိုဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲအရင် ၁၉၉၈ ကမ္ဘာ့ဖလားမှာလည်း ပြင်သစ်ရခဲ့လို့ ပြင်သစ်ခြေစွမ်းထက်တဲ့အချိန် ပါပဲ။ ဘယ်ဂျီယန်နဲ့ ဟော်လန်တို့က ပူးတွဲ အိမ်ရှင်အဖြစ် ကျင်းပခဲ့ပါတယ်။ အင်္ဂလန်အသင်းကတော့ ရှားရှားပါးပါး ဂျာမနီကို နိုင်ခဲ့ပေမယ့်လည်း အုပ်စုပွဲကနေ ထွက်ခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service

၁၉၉၆ – ယူရို ၉၆ မှာတော့ ဂျာမနီအသင်းက ချက်အသင်းကို နိုင်ပြီး ဗိုလ်စွဲခဲ့ပါတယ်။ ဒီပြိင်ပွဲကြီးကို ဘောလုံးအားကစား စတင်ပေါက်ဖွားရာလို့ ဆိုနိုင်တဲ့ အင်္ဂလန်မြေပေါ်မှာ ကျင်းပခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂလန်အသင်းက ဆီးမီးဖိုင်နယ်မှာ ဂျာမတီကို ပယ်နယ်တီနဲ့ ရှုံးခဲ့ပါတယ်။ ပယ်နယ်တီမှာ ဂျာမနီနဲ့တွေ့ရင် ရှုံးတတ်တာ ထုံးစံလိုပါပဲ။

ဓာတ်ပုံ မူပိုင် BBC World Service

၁၉၉၂ – ဒိန်းမတ်အသင်း ထူးထူးခြားခြား အောင်ပွဲခံတဲ့ နှစ်ပါ။ ခြေစစ်ပွဲမအောင်ခဲ့ပေမယ့် ယူဂိုစလားဗီးယားနိုင်ငံ မပါနိုင်တော့တာကြောင့် အစားထိုးယှဉ်ပြိုင်ခွင့်ရပြီး မထင်မှတ်ပဲ ဗိုလ်လုပွဲမှာ ဂျာမနီကိုတောင် အနိုင်ရခဲ့ပါတယ်။ ဒီပွဲတွေကို ဆွီဒင်မှာ ကျင်းပခဲ့ပါတယ်။