မြန်မာ့အလေးမနဲ့ ကမ္ဘာ့အိုလံပစ်

နိုင်ငံတကာအားကစားလောကနှင့် စတင်ထိတွေ့ခွင့်ရသည့် မြန်မာအားကစားနည်းမှာ အလေးမ အားကစားနည်းဖြစ်သည်။ နိုင်ငံတကာ အားကစားလောကသို့ ပထမဆုံး စတင်ရောက်ရှိခဲ့သူမှာ အလေးမ အားကစားသမား ဦးဇော်ဝိတ်ဖြစ်သည်။ ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ၁၉၃၆ ခုနှစ် ဖေဖေါ်ဝါရီလ ထဲတွင်ပြုလုပ်သည့် အိန္ဒိယ နိုင်ငံလုံးဆိုင်ရာ အလေးမပြိုင်ပွဲတွင် ဦးဇော်ဝိတ်က အလေးမ ၁၂ စတုံတန်းနှင့် ဟဲဗီးဝိတ်တန်းတွင်ပါဝင် ယှဉ်ပြိုင်ပြီး ပထမဆုများ ဆွတ်ခူးခဲ့သည်။ ယင်းအောင်မြင်မှုကြောင့် မြန်မာလူမျိုး ဦး ဇော်ဝိတ်အား အိန္ဒိယနိုင်ငံလုံးဆိုင်ရာ အလေးမနှင့် ကာယဗလ အဖွဲ့ချုပ်ကြီးက ၁၉၃၆ ခုနှစ် ဘာလင်အိုလံပစ်တွင် ပါဝင် ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့သည်။

သို့ရာတွင် မြန်မာလူမျိုးတဦးပင် ဖြစ်လင့်ကစား အိန္ဒိယအားကစား အဖွဲ့ထဲတွင် ထည့်သွင်းရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က မြန်မာနိုင်ငံမှာ အိန္ဒိယနိုင်ငံ၏ ပြည်နယ်တပြည်နယ်အဖြစ် အုပ်စိုးသူ အစိုးရက သတ်မှတ်ဆဲဖြစ်သည်။ ယင်းအပြင် မြန်မာနိုင်ငံ အနေကလည်း နိုင်ငံတကာ အိုလံပစ်ကော်မတီနှင့် ဆက်သွယ် ထားခြင်း မရှိသေးပါ။ သို့ဖြစ်၍ မြန်မာလူမျိုး ဦးဇော်ဝိတ်မှာ အိန္ဒိယနိုင်ငံသားအဖြစ် အိန္ဒိယအားကစားအဖွဲ့နှင့်အတူ ဘာလင် အိုလံပစ်တွင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ ရခြင်းဖြစ်သည်။ အိန္ဒိယအားကစား အဖွဲ့ဝင်တဦးအဖြစ် သတ်မှတ် ခဲ့သော်လည်း ဦးဇော်ဝိတ်နှင့် သူ့ဆရာ ဦးရှိန်တို့မှာ ကိုယ့်စရိတ် ကိုယ်စားပြီး ဘာလင် အိုလံပစ် အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြ ခြင်းဖြစ်သည်။ ဦးဇော်ဝိတ်တို့ နှစ်ယောက်အတွက် ကုန်ကျမည့် စရိတ်ငွေများကို မြန်မာနိုင်ငံသား အားကစား ဝါသနာရှင် မျိုးချစ်ပုဂ္ဂိုလ်ကြီးများ ဦးဆောင်ပြီး ရှာဖွေပေး လိုက်ခြင်းဖြစ်သည်။

ဘာလင်အိုလံပစ်

ဘာလင်အိုလံပစ် အလေးမပြိုင်ပွဲ မစ်ဒယ် ဝိတ်တန်းတွင် မြန်မာလူမျိုး အလေးမာ သမားကြီး ဦးဇော်ဝိတ်က အိန္ဒိယနိုင်ငံသားအဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၁၉၃၆ ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင် ပြုလုပ်သည့် မစ်ဒဲလ်ဝိတ်တန်း အလေးမပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှာ ပြိုင်ပွဲဝင် ၁၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ နာဇီအာဏာရှင်ကြီး ဟစ်တလာကိုယ်တိုင် ယင်းအလေးမ ပြိုင်ပွဲသို့ တက်ရောက်အားပေးခဲ့သည်။ ယင်းမစ်ဒဲလ်ဝိတ်တန်း အလေးမပြိုင်ပွဲတွင် အီဂျစ်မှာ ကာဒါဆာရိဒ် အီလ်တိုနီ အနှေးမတွင် ၁၁၇ ဒဿမ ၅ ကမ္ဘာ့စံချိန်၊ အမြန်မတွင် ၁၂၀ ကီလို ကမ္ဘာ့စံချိန်၊ နှစ်ဆင့်မတွင် ၁၅၀ ကီလို၊ အိုလံပစ်စံချိန် ဖြင့် စုစုပေါင်း ၃၈၇ ဒဿမ ၅ ကီလို ကမ္ဘာ့စံချိန်ဖြင့် ပထမ ရွှေတံဆိပ်ရသည်။ အိမ်ရှင်ဂျမနီနိုင်ငံသား ရုဒေါ့ဖ်ဟစ်မေရ်က စုစုပေါင်း ၃၅၂ ဒဿမ ၅ ကီလိုဖြင့် ဒုတိယသာ ရသည်။ ကမ္ဘာ့အားကစား ဇတ်ခုံထက်သို့ ပထမဆုံးတက်ရောက်ခဲ့သူ မြန်မာအလေးမ အားကစားသမားကြီး ဦးဇော်ဝိတ်မှာ ၁၆ ဦးယှဉ်ပြိုင်ရာတွင် အဆင့် ၁၄ သာ ရှိခဲ့သည်။

အိုလံပစ်နှင့် မြန်မာ

ကမ္ဘာ့အိုလံပစ်တွင် ဦးဇော်ဝိတ် စတင်ဖောက်ခဲ့သည့်လမ်းကို မြန်မာအလေးမ များ ဆက်ရှောက်လှမ်းခဲ့ကြသည်။ အလေးမသမား သုံးဦး ပေါ်ပေါက်ခဲ့သည်။ ထွန်းမောင်၊ ထွန်းကြွယ်၊ အောင်ကြီးတို့ဖြစ်ကြသည်။ ထွန်းမောင်က ၁၉၅၆ ခုနှစ် မဲလ်ဘုန်းမြို့တွင် ကျင်းပသည့် ၁၆ ကြိမ်မြောက် ကမ္ဘာ့အိုလံပစ်ပွဲတော် အလေးမ ပြိုင်ပွဲတွင် လိုက်ဝိတ်တန်း၌ ပါဝင်ယှဉ်ပြိုင် ခဲ့သည်။ နိုင်ငံပေါင်း ၁၇ နိုင်ငံမှ အလေးမသမား ၁၈ ယောက်ယှဉ်ပြိုင်ခဲ့ရာ အနှေးမ ၁၀၀ ကီလို အမြန်မ ၁၀၅ ကီလိုနှင့် ၂ ဆင့်မ ၁၃၅ ဒဿမ ၅ ကီလိုဖြင့် စုစုပေါင်း ၃၄၇ ကီလိုမပြီး အဆင့် ၈ ရခဲ့သည်။

ထွန်းကြွယ်

၁၉၆၀ ပြည့်နှစ်တွင် အီတလီနိုင်ငံ ရောမမြို့၌ကျင်းပသည့် ၁၇ ကြိမ်မြောက် ကမ္ဘာ့ အိုလံပစ်ပွဲတော် အလေးမပြိုင်ပွဲကို ဇူလိုင်လ ၉ ရက်နေ့တွင် ဖယ်သာဝိတ်တန်း ကျင်းပခဲ့သည်။ နိုင်ငံပေါင်း ၂၈ နိုင်ငံမှ အလေးမသမား ၂၈ ယောက် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ထွန်းကြွယ်က အနှေးမ ၁၀၀ ကီလို အမြန်မ ၁၀၀ ကီလို နှစ်ဆင့်မ ၁၂၇ ကီလို စုစုပေါင်း ၃၂၇ ကီလို မပြီး အဆင့် ၇ ရရှိခဲ့သည်။

အောင်ကြီး

၁၉၇၂ ခုနှစ် ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် အကြိမ် ၂၀ မြောက် ကမ္ဘာ့အိုလံပစ် ပွဲတော် ကျင်းပခဲ့သည်။ အလေးမတွင် လိုက်ဖလိုင်းဝိတ်တန်းကို ပထမဆုံးနှင့် နောက်ဆုံး အကြိမ်အဖြစ် ထည့်သွင်း ကျင်းပခဲ့သည်။ ယင်း လိုက်ဖလိုင်းဝိတ်တန်း အလေးမပြိုင်ပွဲသို့ နိုင်ငံပေါင်း ၁၃ နိုင်ငံမှ အလေးမသမား ၁၇ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ အောင်ကြီးက ၂ ဆင့်မတွင် ၉၅ ကီလို အမြန်မတွင် ၁၀၅ ကီလို မပြီး ကမ္ဘာ့စံချိန်သစ် တင်ခဲ့သည်။ ၂ ဆင့်မတွင် ၁၂၀ ကီလိုဖြင့် စုစုပေါင်း ၃၂၀ ကီလိုဖြင့် အဆင့် ၅ ရရှိခဲ့သည်။

မှတ်တမ်းဝင်

ထွန်းမောင် ၈၊ ထွန်းကြွယ် ၇ နှင့် အောင်ကြီး အဆင့် ၅ တို့ အားလုံးသည် ကမ္ဘာ့အိုလံပစ်အလေးမပြိုင်ပွဲတွင် မှတ်တမ်းဝင်ခဲ့ကြသည်။