ဗုဒ္ဓဟူးနေ့ မနက် အားကစား သတင်း

  • 6 ဇွန် 2012
Murray ဓာတ်ပုံ မူပိုင် AP
Image caption အန်ဒီ မာရေးက ဒီပွဲမှာ ကောင်းကောင်း ကစား နိုင်မယ် မျှော်လင့် ထားတယ် လို့ဆို

အင်္ဂါနေ့က ကစားခဲ့တဲ့ ပြင်သစ် အိုးပင်းတင်းနစ် ပြိုင်ပွဲ ကွာတား ဖိုင်နယ် ပွဲစဉ်တွေမှာ ကမ္ဘာ့အဆင့် ၁ နိုးဗက်ဂျိုးကိုးဗစ်ချ်က အိမ်ရှင် ပြင်သစ်နိုင်ငံသား ယိုးဝဲလ်ဖရက် ဆွန်ဂါ ကို ၃ ဆက် ၂ ဆက် နဲ့နိုင်ပြီး ဆီမီးတက်ပါတယ်။

ကမ္ဘာ့ အဆင့် ၃ ရော်ဂျာဖက်ဒရာ ကတော့ အာဂျင်တီးနားက ဒယ်လ်ပေါ်ထရိုကို ပထမ နှစ်ဆက် ရှုံးနေရာကနေ နောက်သုံးဆက် ဆက်တိုက် နိုင်ပြီး သူလည်း ဆီမီး တက်ပါတယ်။ ဖက်ဒရာနဲ့ ဂျိုးကိုဗစ်ချ်တို့ ဆီမီးမှာ ဆုံကြ မှာပါ။

ဗုဒ္ဓဟူး နေ့မှာတော့ ဗြိတိသျှနံပါတ် ၁ အင်ဒီမာရေးနဲ့ စပိန်က ဒေးဗစ်ဖာရာ၊ ကမ္ဘာ့အဆင့် ၂ ရာဖယ်ယာနာဒါးနဲ့ တနိုင်ငံထဲသား နစ်ကိုလပ်စ် အယ်လ်မားခရိုးတို့ ကွာတားဖိုင်နယ် ပွဲတွေ ကစားကြမှာ ဖြစ်ပါတယ်။

ဘောလုံး သတင်း မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဂျာမန် Bourssia Dortmund အသင်းက ဂျပန် ကစားသမား Shinji Kagawa ကို စတာလင်ပေါင် ၁၂ သန်းနဲ့ လွှဲပြောင်း ယူဖို့ သဘောတူ လိုက်ပါပြီ။

အသက် ၂၃ နှစ်အရွယ် ကွင်းလယ် ကစားသမား Kagawa ဟာ ကျန်းမာရေး ဆေးစစ် ခံရမှာ ဖြစ်သလို ယူကေမှာ အလုပ်လုပ်ခွင့် work permit ရဖို့လည်း လိုအပ်ပေမယ့် ဇွန်လကုန်မှာ သူ့ကိုလွှဲယူ နိုင်လိမ့်မယ်လို့ မန်ယူက ပြောပါတယ်။