ယူရို ၂၀၁၂ ပွဲတွေ စပြီ

  • 9 ဇွန် 2012
Euro2012 ဓာတ်ပုံ မူပိုင် AFP
Image caption ဂိုးသွင်းပြီး အောင်ပွဲခံနေတဲ့ ရုရှားအသင်းသားတွေ

ယူရို၂၀၁၂ ဘောလုံး ပြိုင်ပွဲတွေ သောကြာနေ့က စ ကစားခဲ့ပါပြီ၊

အုပ်စု အေ ပွဲတွေ အဖြစ် အိမ်ရှင် ပိုလန် နဲ့ ဂရိ တို့ကစားခဲ့တာမှာ တဂိုးစီသရေကျသွားပါတယ်။ ပိုလန်က တဂိုးစ သွင်းပြီး ဂရိဖက်က တယောက် အထုတ်ခံရလို့ ပိုလန် အသာစီးရနေချိန်မှာ ဒုတိယပိုင်းပြန်စတော့ ဂရိက ချေပဂိုး သွင်းပါတယ်၊ အာဆင်နယ်မှာ ကစားနေတဲ့ ပိုလန် ဂိုးသမား ချက်စနီ ဂရိရှေ့တန်းလူကို လှဲချလို့ သူလဲ အထုတ်ခံရပြီး ပင်နယ်တီ အပေးခံရပါတယ်၊ ဒါပေမဲ့ လူစားဝင်လာတဲ့ ပိုလန် ဂိုးသမား ကာကွယ်လိုက်နိုင်လို့ တစ်ဂိုးစီနဲ့ တမှတ်စီခွဲယူသွားကြပါတယ်။

ရုရှား နဲ့ ချက် ပွဲစဉ်မှာတော့ အကြိုခြေစမ်းပွဲတွေမှာကတည်းက ခြေစွမ်းပြနေတဲ့ ရုရှားက ခြေအသာနဲ့ ကစားပြီး ၄ ဂိုး ၁ ဂိုး နဲ့ အပြတ်နိုင်သွားပါတယ်၊ ချက်အသင်းဖက်က ချယ်ဆီး ဂိုးသမား ပီတာချက် ပါပေမဲ့လဲ ရုရှား တိုက်စစ်နဲ့ သွင်းဂိုးတွေကို သူလဲ မကာကွယ် နိုင်ခဲ့ပါဘူး၊

စနေနေ့မှာတော့ ပွဲကြပ်တွေဖြစ်တဲ့ အုပ်စုဘီက နယ်သာလန်နဲ့ ဒိန်းမတ်၊ ပေါ်တူဂီနဲ့ ဂျာမနီတို့ ပွဲတွေ ကစားဖို့ရှိနေပါတယ်။

တင်းနစ်

ဓာတ်ပုံ မူပိုင် Getty
Image caption ဖိုင်နယ်တက်သွားတဲ့ ရှရာပိုဗာ နဲ့ ဂျိုကိုဗစ်

ပြင်သစ် အိုးပင်း တင်းနစ် အမျိုးသား တဦးချင်း ဆီမီးပွဲတွေ မနေ့က ကစားခဲ့ပါတယ်။ ကြည့်ကောင်းတဲ့ ပွဲကတော့ ကမ္ဘာ့ အဆင့်တစ် နိုဗက် ဂျိုကိုဗစ်ချ်နဲ့ အဆင့်သုံး ရော်ဂျာ ဖက်ဒရာတို့ပွဲပါ၊ အပြန်အလှန် အကြိတ်အနယ်ကစားခဲ့ကြပေမဲ့ ပိုပြီး စပေးဘော ကောင်းတဲ့ ဂျိုကိုဗစ်ကပဲ သုံးဆက်အပြတ်ရိုက်ပြီး နိုင်သွားပါတယ်၊

နောက်ပွဲစဉ်တခုမှာတော့ ရွှံ့စေးကွင်း ဘုရင်လို့ သိခဲ့ကြတဲ့ ရာဖာရယ် နာဒါးက ဒေးဗစ် ဖာရားကို သုံးဆက် အပြတ်နဲ့ပဲ နိုင်သွားပါတယ်၊ တနင်္ဂနွေနေ့ ဖိုင်နယ်မှာတော့ ဂျိုကိုဗစ်နဲ့ နာဒါး အဆင့် ၁ နဲ့ ၂ ဗိုလ်လုကြရမှာပါ။

ဒီကနေ့ ကစားမဲ့ အမျိုးသမီး ဖိုင်နယ် ပွဲစဉ်မှာတော့ လောလောလတ်လတ် ကမ္ဘာ့ အဆင့်တစ် ဖြစ်လာတဲ့ မာရီယာ ရှာရာပိုဗာ နဲ့ အီတလီသူ Sara Errani တို့ ဗိုလ်လုကြမှာပါ။

ရှာရာပိုဗာဟာ ဂရင်းဆလမ် တင်းနစ် ကြီးလေးကြီး ပြိုင်ပွဲတွေမှာ ဝင်ဘယ်ဒန်၊ ယူအက်စ် အိုးပင်းနဲ့ သြစတြေလျအိုးပင်းတွေ နိုင်ထားပြီးသားပါ၊ ဒါကြောင့် အခု ပြင်သစ်အိုးပင်းမှာလဲ ချံပီယံဖြစ်လာရင်တော့ ဂရင်းဆလမ် လေးခုစလုံးရဖူးတဲ့ ၁၀ ယောက်မြောက်သော အမျိုးသမီး တင်းနစ်မယ် ဖြစ်လာမှာပါ။