သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပြင်သစ် အိုးပင်းနဲ့ ယူရို ၂၀၁၂

  • 10 ဇွန် 2012
ဓာတ်ပုံ မူပိုင် Getty
Image caption ပြင်သစ်အိုးပင်း ချန်ပီယံ ရှာရပိုဗာ

စနေနေ့က ကျင်းပခဲ့တဲ့ ပြင်သစ် အိုးပင်း တင်းနစ် ပြိုင်ပွဲ ရဲ့ အမျိုးသမီး တဉီးချင်း တင်းနစ် နောက်ဆုံး ဗိုလ်လုပွဲမှာတော့ မာရီယာ ရှာရ ပိုဗာ က ဆာရာ အီရာနီကို ၆-၃ ၊ ၆-၂ နှစ်ပွဲပြတ်နဲ့ နိုင်ပြီး ချန်ပီယံဆုကို ရရှိ သွားခဲ့ပါတယ်။ အဲဒီ နိုင်ပွဲကြောင့် သူဟာ အမျိုးသမီး တင်းနစ်လောက ရဲ့ ကမ္ဘာ့ အဆင့်မှာလည်း ထိတ်ဆုံးကို ရောက်ရှိ သွား ပါတယ်။

ရှာရ ပိုဗာ ဟာ အသက် ၁၇ နှစ် အရွယ်မှာ ဝင်ဘယ်လ်ဒန် မှာ ဗိုလ်စွဲပြီး ဂရဲန်းဆလဲန်းဒ် တင်းနစ် ချန်ပီယံ စဖြစ်ခဲ့ပေမယ့် ဒီ ပြင်သစ် အိုးပင်း ချန်ပီယံဆုက သူမနဲ့ အလှမ်းကွာ နေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အခုတော့ ဒီဆုကိုပါ ရလိုက်ပြီ ဖြစ်လို့ ရှာရ ပိုဗာဟာ အမျိုးသမီး တင်းနစ် သမား တွေထဲက ဂရဲန်းဆလဲန်းဒ် ပြိုင်ပွဲကြီး ၄ ခု စလုံးမှာ အနိုင်ရ ချန်ပီယံ ဖြစ်ဖူးတဲ့ ၁၀ ဉီးမြောက် အမျိုးသမီး တင်းနစ် သမား ဖြစ်လာခဲ့ ပြီဖြစ်ပါတယ်။

Dream Final လို့တောင် ဆိုကြပါတယ်။ အကြောင်းကတော့ လက်ရှိ ချန်ပီယံ နာဒါးလ်က သူနဲ့ အရင်က နာမည်ကျော် ဘယွန်းဘော့ဂ် တို့ ရဲ့ စံချိန်ဖြစ်တဲ့ ၆ ကြိမ် ချန်ပီယံ စံချိန်ကို ချိုးပြီး ၇ ကြိမ်မြောက် သရဖူ ရယူဖို့ အတွက် ပြင်ထား ခဲ့သလို သူ့နဲ့ ဗိုလ်လုမဲ့ ဂျောကိုဗစ်ချ် ကလည်း ၁၉၆၉ ခုနှစ်က ရော့ဒ် လေဗာရဲ့ နောက်ပိုင်း ဂရဲန်း ဆလဲန်း ၄ ပွဲဆက်ပြီး နိုင်တဲ့ ပထမဆုံး တင်းနစ် အကျော် ဖြစ်ဖို့ အခွင့်အလမ်း ပါ။

မြေစေးကွင်း ဘုရင်လို့ ခေါ်ကြတဲ့ နာဒါးလ်က လက်ရှိ ကမ္ဘာ့ အဆင့် ၂ ဖြစ်ပြီး ဂျော်ကိုဗစ်ချ်ကတော့ အဆင့် ၁ ပါ။ ဒီနှစ် သြစတေးလျ အိုးပင်း ဖိုင်နယ်မှာ သူတို့ ၂ ဉီး တွေ့ကြတုန်းကတော့ ဂျော်ကိုဗစ်ချ်က အနိုင်ရထား ခဲ့ပါတယ်။

ပွဲစပြီ ဆိုတာနဲ့ နာဒါးလ်က အသာရအောင် ကစား နိုင်ခဲ့ပါတယ်။ ဂျော်ကိုဗစ်ချ် ကအမှားများ ပြီး ပထမ ပွဲကြီးမှာ နာဒါးလ်က စစချင်း ၃- ၀ နဲ့ ဖြတ်ထား နိုင်ခဲ့ ပါသေးတယ်။ ဒါပေမယ့် ဂျော်ကိုဗစ်ချ် လိုက်ကစား နိုင်ခဲ့လို့ ၃-၃ အထိ ပြန်ဖြစ်လာ ခဲ့ သေးပေမယ့် အဲဒီ ပွဲကြီး ကို နာဒါးလ်ကပဲ ၆-၄ နဲ့ အနိုင်ယူ ပြသွားခဲ့ ပါတယ်။

ဒုတိယ ဆက် မှာတော့ ဂျော်ကိုဗစ် ချ် လက်များ တက်လာမလား ထင်ရပေမယ့် နာဒါးလ်ကပဲ ဒုတိယဆက်ကို ၆ - ၃ နဲ့ နိုင်သွားခဲ့ပါတယ်။

တတိယဆက် မှာတော့ ဂျော်ကိုဗစ်ချ် က လက်ပြန်ကောင်းသွားပြီး ၂ - ၆ နဲ့ ပြန်နိုင်သွားပါတယ်။

စတုတ္ထ ဆက် ရိုက်ကြတဲ့ အခါမှာတော့ ဂျော်ကိုဗစ်ချ်က ၂ - ၁ နဲ့ ဉီးဆောင် နေတုန်း မိုးကောင်းလာတဲ့ အတွက် ပွဲကို အဲဒီမှာပဲ နားလိုက် ကြရပါတယ်။

အဲဒီ ပွဲကို တော့ တနင်္လာနေ့ နေ့လည်ပိုင်းမှာ ဆက်ပြီး ကစား သွားဖို့ ရှိနေပါတယ်။ မိုးမရွာလို့ ပွဲပြီးအောင် ကစား နိုင်ခဲ့ကြရင် ဘာပဲ ပြောပြော ပြင်သစ် အိုးပင်း နဲ့ တင်းနစ် သမိုင်း မှာ သမိုင်း သစ် တခု ရေးလာနိုင်တော့ မှာ ဖြစ်ပါတယ်။

ဘောလုံး သတင်းနဲ့ ဆက်ပါမယ်။

ပိုလန်နဲ့ ယူကရိန်း နိုင်ငံ တွေမှာ ကျင်းပနေတဲ့ ယူရို ၂၀၁၂ ရဲ့ ပထမဆုံး နေ့ ပွဲစဉ် တွေအဖြစ် အိမ်ရှင် ပိုလန်နဲ့ ဂရိ ၊ တခါရုရှား နဲ့ ချက်အသင်းတို့ ယှဉ်ပြိုင် ကစား ခဲ့ကြပါတယ်။

ပိုလန်နဲ့ ဂရိ တို့ပွဲမှာ ပိုလန်က ဂိုးစရပြီး ဉီးဆောင်နိုင်ခဲ့ သလို ဂရိ ဘက်က တယောက် အထုတ်ခံရလို့ ဂိုးရော လူပါ အသာရခဲ့ ပေမယ့် ဂရိက လိုက်ကစား နိုင်ခဲ့လို့ ချေပဂိုး ပြန်သွင်း နိုင်ခဲ့ပါတယ်။ တခါ ပိုလန် ဂိုးသမား လူချတယ် ဆိုပြီး ဒိုင်က အနီကတ် ပြလိုက်လို့ ၁၀ ယောက်ချင်း တူသွား စေခဲ့တဲ့ အပြင် ဂရိကို ပင်နယ်တီ ပါပေးလိုက်လို့ အသစ်ဝင်လာတဲ့ ပိုလန် ဂိုးသမား သာမကာကွယ်လိုက်နိုင်ရင် အိမ်ရှင် အသင်း ပွဲဉီးထွက် မျက်နှာပန်း မလှ ဖြစ်သွား နိုင်ပါတယ်။ အဲဒီ ပွဲမှာ တဘက်နဲ့ တဘက် ဂိုးထပ် မသွင်းနိုင်ကြတော့ဘဲ ၁ ဂိုး စီသရေနဲ့ ပြီးသွား ခဲ့ပေမယ့် နောက်ပွဲမှာတော့ ရုရှား အသင်းက ချက်အသင်းကို ၄ ဂိုး ၁ ဂိုး နဲ့ နိုင်လို့ ဂိုး တွေ တလှေကြီး ကြည့်လိုက် ရပါတယ်။

ရုရှားမှာ အာရှာဗင် ခြေပေါ်သလို ဗက်ဘလူရှင်ကိုကလည်း လှလှပပ အဝေးကနေ တလုံးကန်သွင်းပြ သွားခဲ့ပါတယ်။

ဒီနှစ် ယူရို ၂၀၁၂ ဘောလုံး ပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်လာလောက်တယ်လို့ မှန်းထား တဲ့အသင်းတွေထဲက တသင်း ဖြစ်တဲ့ နယ်သာလန် အသင်းနဲ့ ဒိန်းမတ် အသင်းတို့ ယှဉ်ပြိုင် ကစား ခဲ့ကြရာမှာတော့ မထင်မှတ် ထားဘဲ ဒိန်းမတ် အသင်းက ၁ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရ သွားခဲ့ ပါတယ်။ နယ်သာလန် အသင်းက ကစား ကွက်အသာ နဲ့ ဖိကစား ထားနိုင်ပြီး ဒိန်းမတ် ဂိုးရှေ့ကို အကြိမ်ကြိမ် ခြိမ်းခြောက် နိုင်ခဲ့ ပေမယ့် ဒိန်းမတ် ဂိုးသမား ကောင်းတာက တကြောင်း၊ နာမည်ကြီး ဗင်ပါစီတို့လို နယ်သာလန် ရဲ့ တိုက်စစ်မှူးတွေ ဂိုးပေါက် ပျောက် နေတာက တကြောင်းနဲ့ နောက်ဆုံး ချေပဂိုး တောင် မရတော့ဘဲ နယ်သာလန် ရှုံးပွဲနဲ့ စသွားခဲ့တာ ဖြစ်ပါတယ်။

တခါ အဲဒီပွဲနောက်မှာ ကန်ခဲ့ကြတဲ့ နောက်ထပ် ချန်ပီယံ ဖြစ်နိုင်ချေ ရှိတဲ့ အသင်း တသင်းဖြစ်တဲ့ ဂျာမနီနဲ့ ပေါ်တူဂီတို့ ပွဲမှာတော့ ဂျာမနီက ၇၂ မိနစ်မှာ တိုက်စစ်မှူး မာရီယို ဂိုမက်ဇ် သွင်းယူသွားတဲ့ တလုံးထဲသော ဂိုးနဲ့ အနိုင်ရသွား ခဲ့ပါတယ်။ ပေါ်တူဂီမှာ ရိုနယ်ဒိုတို့ နာနီတို့ လိုတိုက်စစ်မှာ ကောင်းတဲ့ ကစားသမား တွေရှိပေမယ့် ဂိုးမရခဲ့ကြပါဘူး။ ဂျာမနီကတော့ အသင်းလိုက် ကစားရာမှာလည်း ကစားကွက်က ကျစ်ကျစ် လစ်လစ် ရှိနေတာကို တွေ့ခဲ့ရပါတယ်။

တနင်္ဂနွေ နေ့ကတော့ ဥရောပ ဖလားရဲ့ လက်ရှိ ချန်ပီယံ ဖြစ်တဲ့ စပိန် ဟာ သူ့ရဲ့ ချန်ပီယံ သရဖူ ကာကွယ်ပွဲ အဖြစ် နာမည်ကြီး အီတလီ နဲ့ ပွဲဉီးထွက် ကစား ခဲ့ပါတယ်။ ဥရောပ ဖလား ရဲ့ သမိုင်း တလျှောက်မှာ ဘယ်အသင်းမှ ချန်ပီယံ သရဖူကို ဆက်တိုက် ကာကွယ် နိုင်တာ မရှိခဲ့ ဘူးသလို၊ ဘယ် ဥရောပ အသင်းမှလဲ အဓိက ပြိုင်ကြီး ၃ ခုကို ဆက်တိုက် ဗိုလ်စွဲဘူးတာမျိုး မရှိခဲ့ ပါဘူး။

ဒီပွဲမှာတော့ ပွဲဉီးထွက် လာကထဲက စပိန်က ပုံမှန် ရှေ့တန်း တိုက်စစ်မှူး ကို အသေမထား ချင်တဲ့ သဘောမျိုးနဲ့ တောရက်စ် အစား ဖာဘရီဂတ်စ်ကို ကစား ခိုင်း ထားပါတယ်။ ပွဲဉီးမှာ အီတလီကို ဆေးလ်ဗားက ၂ ကြိမ်လောက် ခြိမ်းခြောက် နိုင်ခဲ့ပေမယ့် အီတလီက လည်း ပြန်လည် ထိုးဖောက် နိုင်ခဲ့ပါတယ်။

အီတလီအတွက် ဂိုးကိုတော့ ဘာလိုတယ်လီ အစား ဝင်ကစားတဲ့ ဒီနတ်တလီက သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ ပီလိုက ရှာဗီကို ကျော်ပြီး ချပေးလိုက်တဲ့ ဘောလုံးကို ဒီနတ်တလီက ကန်သွင်းပေး ခဲ့တာ ဖြစ်ပါတယ်။

၃ မိနစ် အကြာမှာ အင်ညီယက်စ်တာနဲ့ ဆေးလ်ဗား တို့ အပေးအယူ လုပ်ပြီး ချပေးတာကို ဖာဘရီဂတ်စ် ကန်သွင်းလို့ စပိန်တို့ ချေပဂိုး ရသွား ခဲ့ပါတယ်။

အဲဒီ နောက်ပိုင်းမှာ တဘက်နဲ့ တဘက် အပြန်အလှန် ထိုးဖောက်ကြပေမယ့်စပိန်ဘက်ကတော့ နည်းနည်း ပိုပြီး စီးထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနတ်တလီ ရဲ့ ဘေးထွက်သွား တဲ့အလုံး နဲ့ တောရက်စ် ရဲ့ ဘူဖွန်ကို ကျော်ပြီး လှမ်းသွင်းတဲ့ တလုံး ဂိုးပေါ်ကျော်သွားတဲ့ တလုံးလောက်ပဲ အသည်းအသန် ရှိပြီး တဘက် ၁ ဂိုးစီနဲ့ပဲ ပွဲက ပြီးသွား ခဲ့ပါတယ်။

နောက်တပွဲ ဖြစ်တဲ့ အိုင်ယာလန်နဲ့ ခရိုအေးရှား တို့ပွဲမှာတော့ ခရိုအေးရှားက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွား ခဲ့ပါတယ်။ အိုင်ယာလန်ဟာ နောက်ပွဲတွေမှာ အီတလီ နဲ့ စပိန် ၂ သင်းကို ကန်ရမှာ ဖြစ်လို့ နောက်တဆင့် တက်ဖို့ ကျပ်သွား ပြီ ဖြစ်ပါတယ်။

တနင်္လာနေ့ မှာတော့ အင်္ဂလန် နဲ့ ပြင်သစ် ၊ တခါ အိမ်ရှင် ယူကရိန်း အသင်းနဲ့ ဆွီဒင် အသင်းတို့ ယှဉ် ပြိုင် ကစား သွားကြမှာ ဖြစ်ပါတယ်။

အင်္ဂလန် နည်းပြ ရွိင်းဟော့ဂျ်ဆင်ကတော့ ပြင်သစ် နဲ့ ကစားဖို့ အတွက် အသင့် ဖြစ်နေပြီ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ သူက ပြင်သစ် ဟာ ပြီးခဲ့တဲ့ ၂၁ ပွဲမှာ တပွဲမှ မရှုံးထားတဲ့ အတွက် ဒါဟာ အံ့သြစရာ အောင်မြင်မှု တခု ဖြစ်တဲ့ အကြောင်းနဲ့ ပြင်သစ် ကစားသမား တွေကို အပြည့်အဝ လေးစား တဲ့ အကြောင်း၊ ဒါပေမယ့် အင်္ဂလန် အသင်းသား တွေကလည်း ကိုယ့် အရည်အချင်းကို ယုံကြည်မှု အပြည့်အဝ ရှိနေကြတဲ့ အကြောင်းတွေကို ပြောကြားထားတော့ ဒီပွဲကလည်း ကြည့်လို့ ကောင်းမယ့် ပွဲတပွဲ ဖြစ်ပါတယ်။

တခါ လာမဲ့ ဗုဒ္ဓဟူး ညမှာတော့ ချန်ပီယံ ဆုမှန်းထားကြတဲ့ နှစ်သင်းဖြစ်တဲ့ ဂျာမနီနဲ့ ပွဲဉီးမကောင်းခဲ့တဲ့ နယ်သာလန်တို့ တွေ့ကြမှာ ဖြစ်ပါတယ်။ အစဉ်အလာ ရှိတဲ့ အသင်းတွေ ဖြစ်သလို ပြိုင်ဘက်တွေလည်း ဖြစ်ကြလေတော့ ဒီပွဲကိုလည်း မလွတ်တမ်းသာ စောင့်ကြည့်ကြပါတော့ လို့ ပြောရင်း ဒီတပတ်ကို ဒီမှာ အဆုံးသတ်လိုက် ပါတယ်။