အာဆင်နယ်မှာ ဗန် ပါစီ စာချုပ် သက်တမ်း ထပ်မတိုးတော့

  • 4 ဇူလိုင် 2012
Van Persie ဓာတ်ပုံ မူပိုင် Getty
Image caption ရော်ဘင် ဗန် ပါစီက နောက်ဆုံးကျင်းပခဲ့တဲ့ ပရီမီးယားလိဂ် ပြိုင်ပွဲမှာ ဂိုးပေါင်း ၃၀ သွင်းခဲ့

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီမှာ အာဆင်နယ် အသင်းအတွက် သာမက ပရီမီးယားလိဂ် ရာသီအတွင်း ဂိုးအများဆုံး သွင်းနိုင်သူ ဂိုးသွင်းဘုရင် ဖြစ်ခဲ့တဲ့ ရော်ဘင် ဗန် ပါစီဟာ အာဆင်နယ်နဲ့ စာချုပ် ဆက်မချုပ်တော့ဘူးလို့ ပြောပါတယ်။

နယ်သာလန်နိုင်ငံသား အသက် ၂၈ နှစ်အရွယ် ဗန် ပါစီဟာ အာဆင်နယ်အသင်းနဲ့ ကစားဖို့ စာချုပ်သက်တမ်း အနေနဲ့ကတော့ တစ်နှစ် ကျန်ပါသေးတယ်။

သူဟာ မန်နေဂျာ အာဆင် ဗင်းဂါးနဲ့ရော အသင်း အမှုဆောင် အရာရှိ အိုင်ဗင် ဂါဇီဒစ် နဲ့ရော တွေ့ဆုံ စကားပြောတဲ့အခါ အာဆင်နယ်အနေနဲ့ ရှေ့ဆက် ဘယ်လို ဆက်သွားသင့်တယ်ဆိုတဲ့ ကိစ္စရပ်တွေမှာ သဘောထားကွဲလွဲတာတွေ ရှိနေတယ်လို့ ဗန် ပါစီက သူ့ရဲ့ ဝက်ဘ်ဆိုက်မှာ ရေးထားပါတယ်။

ဗန် ပါစီဟာ ၂၀၀၄ ခုနှစ်ကတည်းက အာဆင်နယ်အသင်းမှာ ဝင်ကစားနေခဲ့ပြီး ဒီအသင်းနဲ့ပဲ နာမည်ထွက်လာသူမို့ ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် အာဆင်နယ်အသင်းကိုရော အားပေးကြတဲ့ သူတွေကိုပါ ချစ်ခင် လေးစားမှု ရှိနေမှာ ဖြစ်ကြောင်း ပြောပါတယ်။

အာဆင်နယ်အသင်းဘက်ကတော့ ရော်ဘင်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားရမှာ ဖြစ်သလို စာချုပ်သက်တမ်း ကျန်နေသေးတဲ့ တစ်နှစ်တာ ကာလကိုလည်း လေးလေးနက်နက် ဆက်ကစားမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

အာဆင် ဗင်းဂါးကတော့ ဗန် ပါစီကို ဆက်ကစားစေချင်တဲ့ အကြောင်း ဒီသတင်းပတ် အစောပိုင်းက ပြောခဲ့ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီအစမှာ နာမည်ကြီး ဖက်ဘရစ်ဂတ်စ် နဲ့ နာ့ဆရီ တို့ကို ရောင်းထုတ်ခဲ့လို့ ပရိတ်သတ်တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရပါတယ်။

အာဆင်နယ် အသင်းဟာ ၂၀၀၅ ခုနှစ်တုန်းက FA CUP ဖိုင်နယ်ပွဲမှာ မန်ယူအသင်းကို နိုင်ပြီးကတည်းက ဖလားနဲ့ ဝေးနေခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ