ထူးချွန်ထင်ရှား မြန်မာအမျိုးသမီး အားကစားသမားများ

  • 11 ဇူလိုင် 2012
Sport

အားကစားလောကအတွင်းသို့ မြန်မာအမျိုးသမီးများ ထဲထဲဝင်ဝင် ရောက်ရှိလာသည်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက်မှ ဖြစ်သည်။ အထူးသဖြင့် ဒုတိယကမ္ဘာ စစ်ကြီး မတိုင်မီ အင်္ဂလိပ် လက်အောက်ခံဘဝတွင် မြန်မာအမျိုးသမီး များသည် အားကစား လေ့လာလိုက်စားမှု အားနည်းလှသည်။

မိန်းမတို့ အိန္ဒြေ ရွှေပေးလို့မရ၊ ခြေတစ်လှမ်း ကုဋေတစ်သန်း၊ ဗိုင်းကောင်း ကျောက်ဖိ စသည့် စကားများက အမျိုးသမီးများ၏ လှုပ်ရှားမှုများကို ထိန်းကျောင်းထားသည်။ ယင်းအပြင် ဒုတိယ ကမ္ဘာစစ်ကြီး မတိုင်မီက မြန်မာနိုင်ငံတွင် အမျိုးသမီးများ လေ့လာ လိုက်စားနိုင်သည့် အားကစားနည်းများ မရှိသလောက် ရှားသည်။

တင်းနစ်၊ ဂေါက်စသည့် အားကစားနည်းများတွင် ကစားကြသည့် အမျိုးသမီး အချို့ ရှိသော်လည်း ဥရောပတိုက်သူများနှင့် ကပြား အမျိုးသမီး များ ဖြစ်ကြသည်။

လမ်းဖွင့်သူ

မြန်မာအမျိုးသမီးများ အားကစားလောကတွင်းသို့ ဝင်ရောက်ရန် စည်းရုံး လှုံ့ဆော်သူများမှာ ဆရာဦးဇော်ဝိတ်၊ ဒေါက်တာ ဝေါ်လ်တာချစ်ထွန်း အစရှိသည့် ပုဂ္ဂိုလ်များ ဖြစ်သည်။

ဒုတိယ ကမ္ဘာစစ်ကြီး မတိုင်မီ မြန်မာနိုင်ငံတွင် မြန်မာ တရုတ် အားကစားအသင်း (BCAA)၊ မွတ်ဆလင် လူငယ်များ အားကစားအသင်း(MYAA) စသည့် အားကစား အသင်းအဖွဲ့ များသာရှိသည်။ ယင်းအားကစား အသင်းများက အထူးသဖြင့် ပြေးခုန်ပစ်ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပလေ့ ရှိသည်။ မြန်မာ အမျိုးသား အမျိုးသမီး များအတွက် လုံးဝမရှိသေးပေ။

သို့ဖြစ်၍ ဆရာဦးဇော်ဝိတ်တို့က ဦးဆောင်ကာ တိုင်းရင်းသား ပြေးခုန်ပစ် ကစားပွဲကြီး ကျင်းပရန် စီစဉ်ခဲ့ကြသည်။

တိုင်းရင်းသား ပြေးခုန်ပစ်ကစားပွဲတွင် မြန်မာ အမျိုးသမီးလေးများ ပါဝင်ကစားကြရန် စည်းရုံး လှုံဆော်ခဲ့ကြသည်။ တိုင်းရင်းသား ပြေးခုန်ပစ်ကစားပွဲကြီး ကျင်းပရေး ဦးဆောင်သူ လူကြီးများ၏ သမီး တူမ ညီမ တို့မှအစ တစ်ဆွေလုံး တစ်မျိုးလုံး ပိုင်ရာ နိုင်ရာစည်းရုံးခဲ့ရသည်။

ယခု စမ်းချောင်းပဒုမ္မာကွင်း မြေနေရာလွတ်တွင် မြန်မာ အမျိုးသမီးလေးများ ဘောင်းဘီတို ဝတ်ပြီး ပြေးခုန်ပစ် လေ့ကျင့်ကြသည်ကို ရှေးရိုးစွဲဝါဒီများက ပြင်းထန်စွာ ဝေဖန်တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

ပြိုင်ပွဲစတင်

(၁၉၄၁)ခုနှစ် ဇန်နဝါရီလ(၃ဝ)ရက်တွင် ဘီအေအေကွင်း၌ ပထမဆုံးအကြိမ်အဖြစ် တိုင်းရင်းသား ပြေးခုန်ပစ်ပြိင် ဒပိုင်ပွဲကျင်းပခဲ့ရာ အမျိုးသမီး ပြေးခုန်ပစ်မယ် (၈ဝ)ကျော် ပါဝင်ယှဉ် ပြိုင် ခဲ့ကြသည်။ အမျိုးသားတံခွန်စိုက်ဆုကို ပီတာတင်မောင်က လည်းကောင်း၊ အမျိုးသမီး တံခွန်စိုက်ဆုကို ကရင် အားကစားမယ် ရိုလင်သာ ရွှေသွင် တို့က ဆွတ်ခူးခဲ့ကြသည်။

ပြေးခုန်ပစ်ပြိုင်ပွဲအပြီးတွင်မူ မြန်မာ အမျိုးသမီး လေးများ ဘောင်းဘီတို ဝတ်၍ အားကစား ယှဉ်ပြိုင်ခြင်းကို ပြစ်တင် ရှုတ်ချမှုများ အတန်အသင့် ပျောက်ကွယ် ခဲ့သည်။ သို့ရာတွင် မြန်မာ အမျိုးသမီး လေးများ၏ အားကစား လှုပ်ရှားမှုများမှာ ဒုတိယ ကမ္ဘာစစ်ကြီး မြန်မာ နိုင်ငံသို့ ကူးစက် လာသောအခါ ရပ်တန့် သွားခဲ့ရသည်။

လွတ်လပ်ရေးခေတ်

ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံတွင် အားကစားလှုပ်ရှားမှုများမရှိသလောက်ပင် ဖြစ်သည်။ လွတ်လပ်ရေးအကြိုကာလ (၁၉၄၇)ခုနှစ်တွင် ခေတ်သစ် မြန်မာနိုင်ငံ၏ အားကစား လှုပ်ရှားမှုများ ဖြစ်သည့် အားကစား အဖွဲ့ချုပ်များ ဖွဲ့စည်းခြင်း၊ သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့ချုပ်များ နှင့် ဆက်သွယ်ခြင်း၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဖွဲ့စည်းပြီး အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီနှင့် ဆက်သွယ် ခြင်းများ ပြုလုပ်နိုင်ခဲ့သည်။ တိုးတက်မှုများ ရှိခဲ့သလို အစားထိုး၍ မရနိုင် လောက်သည့် ဆုံးရှုံးမှုကြီး နှင့်လည်း ကြုံတွေ့ခဲ့ရသည်။

ယင်းမှာ နိုင်ငံသစ်ထူထောင်ရာတွင် အားကစားသည်လည်း အရေးကြီးသော ကဏ္ဍ၌ ပါဝင်သည်ဟု သက်ဝင်ယုံ ကြည်သော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံ ခံလိုက်ရခြင်း ပင် ဖြစ်သည်။

အိုလံပစ်ပွဲ

လွတ်လပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အဖြစ် အင်္ဂလန်နိုင်ငံ လန်ဒန်အိုလံပစ် အားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင် နိုင်ရေးအတွက် လူရွေးပွဲများ ကျင်းပရာတွင် ပြေးခုန်ပစ် ပြိုင်ပွဲလည်း တစ်ပွဲအပါအဝင်ဖြစ်သည်။

အမျိုးသမီး အားကစားသမား ဝင်ရောက်ယှဉ်ပြိုင်မှုမှာ အားနည်းဆဲပင်ဖြစ်သည်။ စည်းရုံးလှုံ့ဆော်သည့် အနေဖြင့် မယ်ဗမာ ခင်စန်းကြွယ်ပင်လျှင် သံလုံးပစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြီး ပထမဆု ရရှိခဲ့သေးသည်။

လန်ဒန်အိုလံပစ်တွင် မြန်မာအမျိုးသမီး အားကစားသမား များ စေလွှတ်ယှဉ်ပြိုင်နိုင်ခြင်း မရှိသလို (၁၉၅၁)ခုနှစ် အိန္ဒိယနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပသည့် အာရှအားကစား ပွဲတော် တွင်လည်း အမျိုးသမီး အားကစား သမားများ ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ပါ။

ပထမဆုံး

သို့ရာတွင် (၁၉၅၄)ခုနှစ် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်တွင် ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် အာရှအားကစားပွဲတော်တွင်မူ မြန်မာအမျိုးသမီး(၂) ဦးဖြစ်သည့် (ဒေါ်) ခင်ဌေး နှင့် (ဒေါ်) လီလီကြာညွန့် တို့က သံပြားဝိုင်းပစ်နှင့် သံလုံးပစ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိင်ခဲ့ကြသည်။ မြန်မာ အမျိုးသမီး အားကစားသမား များအဖြစ် နိုင်ငံတကာ ပြိုင်ပွဲတွင် (ဒေါ်) ခင်ဌေး နှင့် (ဒေါ်) လီလီကြာညွန့် တို့က ပထမဆုံး ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိကြသူများ ဖြစ်သည်။

ကျွန်းဆွယ်ပွဲ

(၁၉၅၄)ခုနှစ် အာရှ အားကစား ပြိုင်ပွဲပြီးသည့်နောက် ဒုတိယအကြိမ်မြောက် နိုင်ငံတကာပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိကြသည့် အမျိုးသမီးများမှာ ဂရေစီကား(ပြေးခုန်ပစ်)၊ ခင်ခင်ထွေး(ပြေးခုန်ပစ်)၊ မေမေရီ(ပြေးခုန်ပစ်)၊ မခင်ဌေး (ပြေးခုန်ပစ်)တို့ ဖြစ်သည်။ ဂရေစီကားက မီတာ(၈ဝ)တန်းကျော်ပြေး၊ မေမေရီက အမြင့်ခုန်နှင့် ခင်ခင်ထွေးက သံလုံးပစ်တွင် ရွှေတံဆိပ် အသီးသီး ရရှိခဲ့ကြသည်။

မခင်ဌေးက သံပြားဝိုင်းပစ်တွင် ဒုတိယ ငွေတံဆိပ်ရရှိခဲ့သည်။ သို့ဖြစ်ရာ ယင်းအမျိုးသမီး ပြေးခုန်ပစ်သမား(၄)ဦးမှာ နိုင်ငံတကာ ပြိုင်ပွဲတွင် ပထမဆုံး ဆုတံဆိပ်များ ရရှိကြသည့် အမျိုးသမီး အားကစားသမားများ ပင်ဖြစ်သည်။

ဥရောပသို့ မြန်မာအမျိုးသမီးများထဲမှ ပထမဦးစွာ ဥရောပသို့ သွားရောက် ယှဉ်ပြိုင်ခွင့်ရသည့် အမျိုးသမီးအားကစား သမားများမှာ မမိုးအေး(ဂရေစီကား)၊ မခင်ဌေး၊ နှင့် နော်ရီ နာမြ တို့ဖြစ်သည်။

(၁၉၆၂)ခုနှစ် ဇူလိုင်လထဲတွင် ဖင်လန်နိုင်ငံ ဟဲလ်စင်ကီးမြို့တွင် ကျင်းပသည့် (၈)ကြိမ်မြောက် လူငယ်ကျောင်းသား ပွဲတော် အားကစားပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။

အမြင့်ဆုံးဆု

မြန်မာအမျိုးသမီးထဲမှ အာရှအားကစားပွဲတော်တွင် ငွေတံဆိပ် ပထမဆုံး ရရှိခဲ့သည့် အမျိုးသမီး အားကစား သမားမှာ အမြင့်ခုန် အားကစားသမား မြင့်မြင့်အေး ဖြစ်သည်။

(၁၉၆၂)ခုနှစ် ဂျာကာတာ အာရှ အားကစားပွဲတော် ပြေးခုန်ပစ်ပြိုင်ပွဲတွင် အမြင့်ခုန် ဒုတိယ ငွေတံဆိပ်ဆု ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့အိုလံပစ်

ကမ္ဘာ့အိုလံပစ် အားကစားပွဲတော်တွင် ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် အမျိုးသမီးအားကစား သမား(၂) ဦးမှာ ခင်ခင်ထွေးနှင့် မာမာမင်းတို့ ဖြစ်ကြသည်။

အိုလံပစ် (၃)ကြိမ်

မြန်မာအမျိုးသမီးအားကစားသမားထဲမှ ကမ္ဘာ့အိုလံပစ်ပွဲတော်(၃)ကြိမ်ဆက်တိုက် (၁၉၈၈၊ ၁၉၉၂၊ ၁၉၉၆) ပါဝင်ခွင့်ရသူမှာ ပြေးခုန်ပစ်တာလတ် အပြေးသမား ခင်ခင်ထွေးပင် ဖြစ်သည်။ ကမ္ဘာ့တံခွန်စိုက် ကမ္ဘာ့တံခွန်စိုက် (OPEN) ပြိုင်ပွဲတွင် အာရှတိုက်ကို ကိုယ်စားပြု၍ ပါဝင် ယှဉ်ပြိုင်ခွင့်ရသည့် မြန်မာအမျိုးသမီး ပြေးခုန်ပစ်မယ်မှာ သန်းသန်း ဖြစ်သည်။

ဖွားသက်ရှည်

အရှေ၌တောင်အာရှ ကျွမ်းဆွယ်ပြိုင်ပွဲမှ စကာ ဆီးဂိမ်းစ်အထိ နှစ်အားဖြင့် အနှစ်(၂ဝ)၊ ပြိုင်ပွဲအားဖြင့် (၁ဝ)ကြိုမ် ဆက်တိုက်ပါဝင်ယှဉ်ပြိုင်ရုံသာမက ရွှေတံဆိပ်များ ဆွတ်ခူးနိုင်သူမှာ မြန်မာပြေးခုန်ပစ်မယ် ဂျနီဖာ တင်လေး ပင် ဖြစ်သည်။