မြန်မာ မြားပစ်မောင် နေမျိုးအောင်

  • 11 ဇူလိုင် 2012
Burma Archer Nay Myo Aung
Image caption ဘေဂျင်းအိုလံပစ်တုန်းက နေမျိုးအောင် ပြိုင်ပွဲဝင်စဉ်

မြန်မာနိုင်ငံကနေ လန်ဒန်အိုလံပစ် ပြိုင်ပွဲအတွက် မြားပစ်အားကစားနဲ့ ယှဉ်ပြိုင်မယ့်သူ ကိုနေမျိုးအောင်ဟာ ဒီပြိုင်ပွဲမှာ နိုင်ငံအတွက် အဆင့်တခုလောက်တော့ ရောက်အောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

အသက် ၂၆ နှစ်အရွယ် ကိုနေမျိုးအောင်ဟာ ပြီးခဲ့တဲ့ ၂၀၀၈ ဘေဂျင်း အိုလံပစ်တုန်းကလည်း ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး အဲဒီတုန်းက ရတဲ့ အဆင့်ထက်တော့ ကျော်လွန်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။

သူဟာ ၂၀၀၈ ဘေဂျင်းအိုလံပစ်မှာ ပြိုင်ပွဲဝင်သူ ၆၂ ဦးမှာ အဆင့် ၄၂ ပဲ ရခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေအတွင်း အရှေ့တောင်အာရှ SEA Games နဲ့ ဒေသတွင်းကစားပွဲတွေမှာ အသင်းလိုက် ပြိုင်ပွဲတွေမှာ ငွေနဲ့ ကြေး တံဆိပ်တွေ ရခဲ့ဖူးတယ်လို့ ဆိုပါတယ်။ တဦးချင်းအနေနဲ့တော့ ဆု မရဘူးသေးပါဘူး။ လန်ဒန်ပြိုင်ပွဲအတွက်လည်း စိတ်လှုပ်ရှားနေတယ်လို့ ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

''လန်ဒန်လိုနေရာမျိုးကို သွားပြိုင်ရမယ်ဆိုတော့ စိတ်ထဲမှာ ပျော်လည်း ပျော်ပါတယ်။ မပြောပြတတ် အောင်ပါပဲ'' လို့ ကိုနေမျိုးအောင်က ဘီဘီစီကို ပြောပါတယ်။ (ကိုနေမျိုးအောင်နဲ့ ဦးဘမော် မေးမြန်းချက်ကို လည်းနားဆင်နိုင်ပါတယ်)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ဇာတိဖြစ်တဲ့ ကိုနေမျိုးအောင်ဟာ မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်ကနေ နွေရာသီ အခြေခံ သင်တန်းတွေ နယ်တွေထိ လိုက်ပေးတဲ့အခါမှာ ဒီအားကစားကို စပြီး ထိတွေ့ခွင့်ရပြီး စိတ်ဝင်စားလာတယ်လို့ ပြောပါတယ်။ အခုဆိုရင် ကိုနေမျိုးအောင်ဟာ မြားပစ်အတွေ့အကြုံ ၅ နှစ်လောက်ရှိနေပါပြီ။ အရှေ့တောင်အာရှ၊ အာရှ နဲ့ ကမ္ဘာ့အဆင့် ပြိုင်ပွဲတွေလည်း ဝင်ပြိုင်ခဲ့ပါတယ်။

ငယ်ငယ်တုန်းကတော့ ဘောလုံးကစားတာကိုပဲ စိတ်ဝင်စားခဲ့ပေမယ့် အခုတော့ မြားပစ်ကိုလည်းလည်း ကစားရင်း ပို စိတ်ဝင်စားလာတယ်လို့ ဆိုပါတယ်။

လောလာဆယ် တရက်ကို ၈ နာရီလောက် ပြင်းပြင်းထန်ထန် စခန်းသွင်းလေ့ကျင်နေပြီး မြန်မာနည်းပြနဲ့ရော၊ တောင်ကိုးရီးယားနိုင်ငံသား နည်းပြတွေနဲ့ပါ လေ့ကျင့်နေတယ်လို့ ကိုနေမျိုးအောင်က ဘီဘီစီကို ပြောပါတယ်။

အိုလံပစ်မှာ လှေလှော်ပြိုင်ပွဲဝင်မဲ့ ရွှေဇင်လတ်