အိုလံပစ်မှာ နေ့အလိုက် မျှော်လင့်နိုင်စရာ

  • 24 ဇူလိုင် 2012

သြဂုတ်လ ၆ ရက် (၁၀ ရက်မြောက်နေ့)

လန်ဒန်အိုလံပစ် အားကစားပြိုင်ပွဲ ၁၀ မြောက်နေ့မှာတော့ ပြေးခုန်ပစ် အားကစားဝင်းကြီးထဲမှာ အမျိုးသားမီတာ ၄၀၀ အပြေးပြိုင်ပွဲနဲ့ အမျိုးသမီး သံလုံးပစ် နောက်ဆုံးပိတ် ပွဲစဉ်တွေ ကျင်းပမှာ ဖြစ်ပါတယ်။

အမျိုးသမီး ဒုတ်ထောက်ခုန် အမြင့်ပြိုင်ပွဲမှာ ရုရှားက ယလဲနာ အစ်ဘိုင်ယာဗာ အနိုင်ရမယ်ဆိုရင်တော့ သူဟာ ရွှေတံဆိပ်သုံးခု ဆက်တိုက်ရတဲ့ ပထမဦးဆုံး အမျိုးသမီး ပြိုင်ပွဲဝင် တဦး ဖြစ်လာပါလိမ့်မယ်။

တရုတ် ဂျွမ်းဘားမယ် ချန် ယီဘင်း ကတော့ သူရဲ့ အိုလံပစ် သရဖူ ရွှေတံဆိပ်ကို ဆက်ထိန်းထားနိုင်ဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။

အမျိုးသား အမျိုးသမီး ကွင်းပတ်စက်ဘီးပြိုင်ပွဲတွေမှာ လည်း ရွှေတံဆိပ်တွေ အတွက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption နီလာစန်းရဲ့ မာရသွန်မှာ အမြင့်ဆုံး စံချိန်ကတော့ ၂ နာရီ ၄၆ မိနစ် ၅၄ စက္ကန့် ဖြစ်ပါတယ်

သြဂုတ် ၅ ရက်

အိုလံပစ်ပြိုင်ပွဲအတွက် မြန်မာနိုင်ငံက တဦးတည်း ကျန်ရှိတော့တဲ့ နီလာစန်း၊ အမျိုးသမီး မာရသွန်မှာ ဝင်ပြိုင်နေပြီ ဖြစ်ပါတယ်။

၂၀၀၈ ဘေဂျင်း အိုလံပစ်တုန်းက ရွှေတံဆိပ် သုံးခုရထားတဲ့ ကမ္ဘာ့ အပြေးအမြန်ဆုံး ပုဂ္ဂိုလ် ယူစိန် ဘို့တ် ဒီကနေ့ အမျိုးသား မီတာ ၁၀၀ နောက်ဆုံး ပွဲစဉ်တွေမှာ ယှဉ်ပြိုင်မယ်။ အပြေးပြိုင်ပွဲအတွက် ဒီကနေ့မှာ စုစုပေါင်း ၁၀ ပွဲရှိပါတယ်။

ရွှေတံဆိပ် ၂၃ ခုအတွက် ယှဉ်ပြိုင်ကြမယ့် စိတ်လှုပ်ရှား ဖွယ်ရာ နေ့လည်း ဖြစ်ပါတယ်။

ဇူလိုင်၃၁

ဓာတ်ပုံ မူပိုင် AFP
Image caption သူ့အပေါ် သံသယရှိတဲ့အပေါ်တရုတ်နိုင်ငံ ကနေ ဒေါ်သတကြီး တုံ့ပြန်ခဲ့ပါတယ်

အိုလံပစ် အမျိုးသမီး မီတာ ၄၀၀ ရေကူးပြိုင်ပွဲ မှာ ကမ္ဘာ့စံချိန်တင်ပြီး ရွှေတံဆိပ် ဆွတ်ခူးသွားတဲ့ တရုတ်နိုင်ငံက အသက် ၁၆ နှစ်အရွယ် အိုလံပစ် ရေကူး အားကစား သမား ယီရှီဝမ်ဟာ တားမြစ်ဆေးဝါး သုံးစွဲသလားဆိုပြီး အမေရိကန် ရေးကူးနည်းပြတဦးက သံသယရှိခဲ့တဲ့ အပေါ် အမေရိကန်အိုလံပစ်ကော်မတီက တော့ သူတို့နဲ့ မဆိုင်ကြောင်း ဖေါ်ပြပြောဆိုပါတယ်။

အဲဒီ အမေရိကန် နည်းပြဖြစ်သူ ဂျွန် လီယိုနာ့ဒ် ဆိုသူဟာ အမေရိကန် အိုလံပစ် အားကစား အဖွဲ့က မဟုတ်ဘူးလို့ အမေရိကန် အိုလံပစ် ကောမတီ ပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။

ဒီကနေ့ စတုတ္တနေ့ မှာတော့ အမေရိကန် ရေကူးသမား မိုက်ကယ် ဖဲလ်ပ်စ်ဟာ မီတာ ၂၀၀ လိပ်ပြာကူးအတွက် ယှဉ်ပြိုင် ဗိုလ်လုမှာ ဖြစ်ပါတယ်။

အိုလံပစ် မြင်းစီးပြိုင်ပွဲ တခုမှာတော့ ဗြိတိန် ဘုရင်မကြီး အလစ်ဇဘက်ရဲ့မြေး ဇာရာ ဖိလစ်စ်ဟာ ငွေတံဆိပ် ဆွတ်ခူး ရရှိသွားပါတယ်။

ဇူလိုင်၃၀

Image caption ယူကရိန်းက ပြိုင်ဖက်ကို ရှုံးပြီး ပြိုင်ပွဲကနေ ထွက်သွားခဲ့ရပါတယ်

အဆင့်သတ်မှတ်တဲ့ ပွဲမှာ အဆင့် ၅၆ သာ ရရှိ ခဲ့တဲ့ မြားပစ်ပြိုင်ပွဲက နေမျိုးအောင်ကတော့ ဒီကနေ့ ရှုံးထွက်ပွဲမှာ ယူကရိန်းက ပြိုင်ဖက်ကို ရှုံးပြီး ပြိုင်ပွဲကနေ ထွက်သွားပြီ ဖြစ်ပါ တယ်။

ကိုနေမျိုးအောင်ဟာ ယူကရိန်းက Markiyan Ivashko နဲ့ နောက်တဆင့် တက်ဖို့ ယှဉ်ပြိုင် ကစားတာမှာ ၁၀ မှတ် ရတဲ့ ပစ်မှတ် အလယ် တည့်တည့်ကို သုံးကြိမ်သာ မှန်အောင် ပစ်နိုင်ခဲ့ပြီး၊ ပြိုင်ဘက်က ပစ်မှတ် အလယ် တည့်တည့်ကို ၇ ကြိမ် ထိအောင် ပစ်နိုင်ခဲ့လို့ ကိုနေမျိုးအောင် ရှုံးနိမ့်သွားပြီး ပြိုင်ပွဲက ထွက်သွားခဲ့ရတာ ဖြစ်ပါတယ်။

ပထမပွဲမှာတော့ ကိုနေမျိုးအောင်ဟာ ပြင်သစ်က ပြိုင်ဖက်ကို အနိုင်ရရှိခဲ့ပါတယ်။

ဒီကနေ့မှာ အမျိုးသမီး ၅၈ ကီလို အလေးမနဲ့ အမျိုးသားနှစ်ယောက်တွဲ ၁၀ မီတာ ဒိုင်ဗင်ပြိုင်ပွဲတွေအတွက် တရုတ်က ရွှေတံဆိပ်တွေ ဆွတ်ခူးပြီး၊ စုစုပေါင်း ရွှေ ၈ ခုက ဇယား ထပ်မှာ ဦးဆောင်နေပါတယ်။

ဇူလိုင် ၂၉

ဓာတ်ပုံ မူပိုင် AFP
Image caption အမျိုးသမီး နှစ်ယောက်တွဲ ၃ မီတာ ဒိုင်ဗင်မှာလည်း တရုတ်က ရွှေတံဆပ် ဆွတ်ခူး

အိုလံပစ် ဒုတိယနေ့ ပြိုင်ပွဲတွေမှာ တရုတ်က ရွှေတံဆိပ်တွေ ထပ်ရပြီး ရွှေ ၆ ခု၊ ငွေ ၁၊ ကြေး ၂၊ စုစုပေါင်း တံဆိပ် ၉ ခုနဲ့ ရှေ့ကနေ ဦးဆောင်နေပါတယ်။ အမေရိကန်ကတော့ ရွှေတံဆိပ် ၂ ခု၊ စုစုပေါင်း တံဆိပ် ၇ ခုနဲ့ ဒုတိယနေရာမှာ ရှိနေပြီး၊ အီတလီ ကတော့ ရွှေ ၂ ခုနဲ့ တတိယနေရာမှာ ရှိနေပါတယ်။

အမျိုးသမီး ကီလိုမီတာ ၁၄၀ စက်ဘီးစီး ပြိုင်ပွဲမှာ Lizzie Armitstead ဟာ ဒုတိယနေရာက ပန်းဝင်ပြီး၊ ဗြိတိန်အတွက် ပထမဦးဆုံး ဆုတံဆိပ်ကို ဆွတ်ခူးပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘေဂျင်း အိုလံပစ်တုန်းက ရွှေတံဆိပ် ရှစ်ဆုရှင် အမေရိကန် ရေကူးသမား မိုက်ကယ်ဖဲ့လ်ပ်စ်က စနေနေ့က မီတာ ၄၀၀ ပွဲမှာ တနိုင်ငံထဲသား ပြိုင်ဖက် ရိုင်ယန် လော့ခ်တေကို ရှုံးပြီး နံပတ် လေးနေရာပဲ ချိတ်ခဲ့လို့ ဒီကနေ့မှာ သူ့သိက္ခာ ဆယ်တဲ့ ပွဲတွေ ပြိုင်ရမှာပါ။ ဒီကနေ့ မီတာ ၁၀၀ လေးယောက် လက်ဆင့်ကမ်းပြိုင်ပွဲမှာ ဖဲ့လ်ပ်စ် ပြိုင်ပါမယ်။

လက်ရှိ အိုလံပစ်ချန်ပီယံ အမေရိကန် ဘတ်စ်ကက်ဘော အသင်းလဲ ဒီကနေ့မှာပဲ လက်စွမ်းထက်တဲ့ ပြင်သစ် အသင်းနဲ့ စကစားမှာပါ၊

တင်းနစ်ပွဲစဉ်တွေမှာတော့ နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ အမျိုးသမီးထဲက မာရီယာ ရှာရာပိုဗာ၊ အမျိုးသားထဲက နိုဗက် ဂျိုကိုဗစ် နဲ့ အင်ဒီမာရေးတို့ရဲ့ ပွဲစဉ်တွေရှိပါတယ်။

ဘောလုံးပွဲတွေမှာတော့ ဗြိတိန်အသင်းကလဲ ယူအေအီးနဲ့ ကစားမှာ ဖြစ်ပါတယ်။ ဒီကနေ့ အိုလံပစ် ပွဲစဉ်တွေကနေ စုစုပေါင်း ရွှေတံဆိပ် ဆုရှင် ၁၄ ယောက် ထွက်ပေါ်လာမှာပါ။

ဇူလိုင် ၂၈

ဓာတ်ပုံ မူပိုင် Getty
Image caption တရုတ်နိုင်ငံက Siling Yi က ၂၀ မီတာ သေနတ်ပစ်နဲ့ ပထမဆုံး ရွှေတံဆိပ်ဆု ရရှိ

ဒီကနေ့ကစလို့ အားကစားပြိုင်ပွဲမျိုးစုံ ပွဲစဉ်တွေ ဆက်တိုက် ကျင်းပသွားပါပြီ။ အမျိုးသား စက်ဘီးပြိုင်ပွဲမှာတော့ လောလောလတ်လတ် Tour de France ပြိုင်ပွဲမှာ အနိုင်ရထားတဲ့ Mark Cavendish ဝင်ပြိုင်မှာမို့ ကိုယ့်မြေကိုယ်ရေပေါ်မှာ သူ ရွှေဆု ယူနိုင်မလား ကြည့်ရမှာပါ။

ဒါပေမဲ့ အခု လန်ဒန် အိုလံပစ်ရဲ့ ပထမဆုံးရွှေတံဆိပ်ဆုရှင်ကတော့ မနက် ၁၀ နာရီလောက်မှာ ပေါ်ထွက်လာနိုင်ပါတယ်။ အဲဒါကတော့ သေနတ်ပစ်ပြိုင်ပွဲမှာပါ။

မြန်မာ သေနတ်ပစ် သမား မောင်ကြူ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

နေ့လယ်ပိုင်းမှာပဲ လှေလှော်ပြိုင်ပွဲမှာ မြန်မာ နိုင်ငံက ရွှေဇင်လတ်လဲ ယှဉ်ပြိုင်မှာပါ၊ ရွှေဇင်လတ်ဟာ ဘေဂျင်းအိုလံပစ်မှာလဲ ဝင်ပြိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

ရေကူးပြိုင်ပွဲတွေမှာတော့ ဘေဂျင်းအိုလံပစ်တုန်းက စံချိန်တင် ရွှေဆုများရှင် အမေရိကန် က Michael Phelps ကို စောင့်ကြည့်ရပါမယ်။

ညနေပိုင်းမှာတော့ အမျိုးသား အသင်းလိုက် မြားပစ်ပွဲစဉ်တွေရှိပါတယ်။

ဗြိတိသျှ အမျိုးသမီး ဘော်လီဘော အသင်းက သြစတြေးလျနဲ့ ကစားမှာ ဖြစ်ပြီး အမျိုးသမီး ဘောလုံးအသင်းကတော့ ကင်မရွန်းနဲ့ တွေ့မှာဖြစ်ပါတယ်။

နောက်ရက် ပွဲစဉ်တွေကိုလဲ ဆက်ပြီး တင်ပြပေးသွားပါမယ်၊

ပွဲစဉ်ဇယား အသေးစိတ်ကို (အင်္ဂလိပ်လို)ဒီနေရာမှာ နှိပ်ပြီးကြည့်နိုင်ပါတယ်။

ဇူလိုင် ၂၇

Image caption မနက်ပိုင်းမှာ တနိုင်ငံလုံးက ခေါင်းလောင်းတွေ တီးပြီးကြိုဆိုခဲ့

လန်ဒန် အိုလံပစ် အားကစားပွဲတော်ကြီး သောကြာနေ့ ညပိုင်းမှာ ကျင်းပခဲ့ပါတယ်။

မနက်ပိုင်းမှာ မြားပစ် အဆင့်သတ်မှတ်တဲ့ ပွဲစဉ်တွေ စတင်ကျင်းပနေပါပြီ။ မြန်မာ အားကစားသမား နေမျိုးအောင်လဲ ပါဝင်ယှဉ်ပြိုင်နေပါတယ်။

လန်ဒန် စံတော်ချိန် မနက်ပိုင်းမှာတော့ အိုလံပစ် မီးရှုးတိုင်ကို လန်ဒန်သိမ်းမြစ်ထဲမှာ ရေယာဉ်နဲ့ လှည့်လည် သယ်ဆောင်နေပါတယ်။

မနက် ၈ နာရီ ၁၂ မိနစ်မှာ လန်ဒန်က ဘစ်ဘင်နာရီစင်ကြီးက စလို့ တနိုင်ငံလုံး ခေါင်းလောင်းတွေ သုံးမိနစ်ကြာ ဆက်တိုက် ထိုးပြီး အိုလံပစ်ကို ကြိုဆိုကြပါတယ်။

အိုလံပစ် အားကစားပွဲတွေ လန်ဒန် စံတော်ချိန် ည ၉ နာရီမှာ ထူးထူးခြားခြား အစီအစဉ်တွေနဲ့ အိုလံပစ် အားကစားကွင်းကြီးထဲမှာ အခမ်းအနားတွေ စဖွင့်မှာပါ။

ဖွင့်ပွဲ အခမ်းအနားကို အကယ်ဒမီ ဆုရ ရုပ်ရှင်ဒါရိုက်တာ ဒင်နီ ဘွိုင်းက စီစဉ် တင်ဆက်မှာ ဖြစ်ပါတယ်။ အခမ်းအနားကို အစမ်းလေ့ကျင့်မှုတွေ နှစ်ကြိမ် လုပ်ခဲ့ပြီး ဖြစ်ပေမဲ့ ဘယ်လို အစီအစဉ်တွေပါမယ်ဆိုတာကို လုံးဝ လျှို့ဝှက်ထားပါတယ်။ အားကစားကွင်းအထဲက မီးရှုးတိုင်ကြီးကို ဘယ်သူ ထွန်းညှိပေးမှာလဲ ဆိုတာကိုလဲ အထူးလျှို့ဝှက်ထားပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းမှာ ကရစ်ကက် အကြိုလက်ရည်စစ်ပွဲတချို့လဲ ကစားဖို့ရှိပါတယ်။