နံမယ်ကြီး စပိန် ပွဲဦးထွက် ရှုံး

  • 27 ဇူလိုင် 2012
Japan ဓာတ်ပုံ မူပိုင် Getty
Image caption ဂျပန်နဲ့ စပိန်တို့ အကြိတ်အနယ် ယှဉ်ပြိုင်

အိုလံပစ် ပွဲတော် တရားဝင် ဖွင့်လှစ်ဖို့ နာရီပိုင်းပဲ လိုတော့ပေမယ့် အားကစား ပွဲတွေကတော့ ဗုဒ္ဓဟူးနေ့က အမျိုးသမီး ဘောလုံးပွဲနဲ့ စပါတယ်။

မနေ့က ကြာသပတေးနေ့မှာ အမျိုးသား ဘောလုံးပွဲ အုပ်စုအဆင့် ပွဲတွေ ကစားခဲပြီး ရွှေရနိုင်တယ်လို့ နံမယ်ကြီးနေတဲ့ စပိန် အသင်းဟာ ပွဲဦးထွက်နေ့မှာ ဂျပန်ကို မထင်မှတ်ဘဲ တဂိုးဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပါတယ်။

သုံးဆယ့်လေး မိနစ်မှာ ဂျာမန် ဘွန်ဒက်စလီဂါမှာ ကစားနေတဲ့ Yuki Otsu က ကော်နာကတဆင့် ပွဲရဲ့ တလုံးတည်းသော ဂိုးကိုသွင်းယူသွားခဲ့ပါတယ်။

ဒုတိယပိုင်း မကူးခင်လေးမှာ စပိန်က မာတီနက်ဇ အထုတ်ခံရတာမို့ ချေပဂိုး ဘယ်လိုမှ မသွင်းနိုင်တော့ပါဘူး။

တအုပ်စုထဲမှာ hondurus နဲ့ မော်ရိုကိုတို့ နှစ်ဂိုးစီ သရေကျတာမို့ အုပ်စုဒီမှာ ဂျပန်က သုံးမှတ်ရထားပြီး နံမယ်ကြီး စပိန်ကတော့ ဘဲဥမကွဲသေးဘဲ အောက်ဆုံးမှာ ထိုင်နေပါတယ်။

အိမ်ရှင် ဗြိတိန် ပွဲဉီးထွက် သရေနဲ့ကျေနပ်ရ

အိမ်ရှင် ဗြိတိန်အသင်းက ပွဲဉီးထွက်နေ့မှာ ဆီနီဂေါနဲ့ ကစားရာမှာ တဂိုးစီ သရေ ကျပါတယ်။

Craig Bellamy က ပွဲစပြီး မိနစ် နှစ်ဆယ်အကြာမှာ Giggs ရဲ့ ဖရီးကစ်ကတဆင့် ဗွေဆော်ဉီးဂိုး စရှုးပြီး ပွဲပြီးခါနီးဆယ်မိနစ်ပဲ ကျန်တော့တဲ့ထိ တဂိုး ဂိုးမရှိနဲ့ ဉီးဆောင် နေရာမှာ ဆယ်မိနစ် အလိုမှာ ဆီနီဂေါက ချေပဂိုး သွင်းပြီး တမှတ်ယူသွားပါတယ်။

တအုပ်စုထဲမှာ ဥရုဂွေးက ယူအေအီး အာရပ် စော်ဘွားများ ပြည်ထောင်စုကို နောက်ကနေ ပြန်လိုက်ပြီး နှစ်ဂိုး တဂိုးနဲ့ အနိုင်ရသွားတာမို့ ဥရုဂွေးနဲ့ အိမ်ရှင် ဗြိတိန်တို့ အုပ်စုဗိုလ်နေရာကို ပူးတွဲ ယူထားပါတယ်။

အုပ်စုဘီမှာတော့ မက္ကဆီကိုနဲ့ တောင်ကိုရီးယား ဂိုးမရှိရေ ကျပြီးGabon နဲ့ ဆွတ်ဇာလန်တို့လည်း တဂိုးစီသရေကျတာမို့ လေးသင်းလုံး တမှတ်စီပဲ ယူထားကြပါတယ်။

အိုလံပစ် သတင်းတွေကို ဆက်ရရင်တော့ အိုလံပစ်မှာ ဆုတံဆိပ်ရမယ် မှန်းထား ကြတဲ့ အားကစားသမား နှစ်ယောက်မှာ မနေ့က တားမြစ်ဆေး တွေ့ရှိခဲ့ပါတယ်။။

ဂရိက အမြင့်ခုန် အားကစားသမား Dimitrios Chondrokoukis နဲ့ အေသင် အိုလံပစ်တုန်းက ငွေရခဲ့တဲ့ ဟန်ဂေရီက သံပြားဝိုင်းပစ် အားကစားသမား ကိုဗားကိုးတို့နှစ်ယောက်မှာ တားမြစ်ဆေး စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ဂရိ အားကစား အဖွဲ့ကတော့ ဆေးပြန်စစ်ဖို့ တောင်းဆိုထားပါတယ်။

ပရဲမီးယားလိဂ် နောက်ဆုံးသတင်းများ

ပရဲမီးယားလိဂ်မှာတော့ ဒီနှစ်မှာ တန်းပြန်တက်လာတဲ့ West ham က လီဗာပူး တိုက်စစ်မှု အင်ဒီကာရိုးကို စတာလင်ပေါင် ဆယ့်ငါးသန်းနဲ့ တရားဝင်း ကမ်းလှမ်းလိုက်ပါတယ်။ ဒါပေမယ့် ကာရိုးက ဝက်စဟမ်းကို သွားဖို့ စိတ်ဝင်းစားပုံ မပြသေးပါဘူး။

တခါမနှစ်က ပရဲမီးယားလိဂ်ရဲ့ အကောင်းဆုံး ဘောလုံးသမားဆုရတဲ့ မန်စီးတီး ကပ္ပတိန် ဗင်းစင့်ကုမ်ပဏီဟာ စီးတီးနဲ့ ခြောက်နှစ်သက်တမ်း စာချုပ် ချုပ်ဆိုလိုက်ပါတယ်။ ၂၆ နှစ်အရွယ် ဘယ်လဂျီယံ လက်ရွေးစဉ် ကုမ်ပဏီဟာ ၂၀၀၈ မှာ စီးတီးကို ဟမ်းဘပ် ကလပ်အသင်းက ရောက်လာခဲ့ပါတယ်။